အလင်းမျက်ဝန်းဟာ အခုဆို (၃)လ ကျော် (၄)လသားလေး ဖြစ်လို့လာခဲ့ပါပြီ။ အချိန်စက်ဝိုင်းရဲ့လည်ပတ်မှုအတွင်း လူသားတွေဟာ လိုက်လံစီးမျှောရင်းက အနာဂတ်အတွက် သမိုင်းမျိုးစုံ ရေးနေကြပါတယ်။ အလင်းမျက်ဝန်းဟာလည်း မှတ်ကျောက်တင်ခံမည့် သမိုင်းတစ်ခုကို ရေးနေဆဲဖြစ်ပါတယ်။

နုနယ်လှတဲ့ အလင်းမျက်ဝန်းကို အားပေးနေကြတဲ့ ပရိတ်သတ်တွေက ချစ်စနိုး (Pet Name) အမည်အမျိုးမျိုးနဲ့ မှည့်ခေါ်ကြရာမှာတော့ "မျက်ဝန်း" ဆိုတာက အများဆုံး အခေါ်ခံရတဲ့နာမည် ဖြစ်လာပါတယ်။

မျက်ဝန်းက မှန်ကန်စွာနဲ့ ဝေဖန်ထောက်ပြပေးလို့ အန္တရာယ်တိမ်တိုက်တွေအောက်က လွတ်မြောက်ကြသူတွေ၊ ရင်တွင်းခံစားချက်တွေနဲ့ ကိုက်ညီပြီး ထိငြိသွားတဲ့သူတွေ၊ အခက်အန္တရာယ်တွေ ကြုံတွေ့ရလို့ ရင်ဖွင့်ကြသူတွေ၊ အမြင်မရှင်း နားမလည်နိုင်လို့ မေးခွန်းလွှာတွေ ပေးပို့ရင်း အဖြေတောင်းကြသူတွေက သူတို့ကိုယ်စားပြုပေးလို့ ၀မ်းမြောက်ကြစွာ ရေးသားပေးပို့လာတဲ့စာတွေကို နေ့စဉ် လက်ခံရရှိနေသလို၊ ရံဖန်ရံခါမှာတော့ တင်ပြခဲ့တဲ့အရာတွေက ခံစားချက်တွေနဲ့ ဆန့်ကျင်လို့ဆိုပြီး မကြားဝံ့မနာသာရော၊ ကြားနိုင် နာနိုင်တာရော ဆဲကြဆိုကြ ကြိမ်းမောင်းကြသူတွေရဲ့စာတွေလဲ ရောက်ရှိလာတတ်ပါတယ်။

အလင်းမျက်ဝန်းဟာ ရှည်လျားတဲ့ခရီးရှည်ကြီးတစ်ခုအတွက် ဝေးကွာအောင် လျှောက်လှမ်းဖို့အတွက် ကြမ်းတမ်းမှုတွေမရှိရအောင် အဖုအထစ် အဖာအထေးနဲ့ လမ်းခရီးကို ပြင်ဆင်နေရဆဲ ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်စာမျက်နှာအတွက် ပြင်ဆင်မှုတွေလဲ လုပ်နေဆဲဖြစ်သလို၊ မိုဘိုင်းဖုန်းတွေအတွက်လည်း အကောင်းဆုံး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ မျက်ဝန်းမွေးဖွားစဉ်ကတည်းက ယနေ့အချိန်ထိ ဖတ်ရှုခဲ့တဲ့အရေအတွက်ကတော့ ၁၇သိန်း ကျော်လာခဲ့ပါပြီ။ နေ့စဉ် ၀င်ရောက်ဖတ်ရှုမှုအား တရားဝင်စာရင်းစစ်တမ်းအရပြောရရင် ပျမ်းမျှ တစ်သောင်းခွဲလောက်ရှိနေပြီး၊ rss ရယူဖတ်ရှုမှုတွေ၊ စာတွေကို ပရင့်ထုတ်ယူ ဖတ်ရှုမှုတွေ၊ မတ်ဆေ့ဂ်ျပေးပို့ဖတ်ရှုမှုတွေ၊ အီးမေလ်ပေးပို့ဖြန့်ဝေမှုတွေကို ကျွမ်းကျင်သူတွေရဲ့ သုတေသနအရ နေ့စဉ် ပျမ်းမျှ သုံးသောင်းကျော်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မျက်ဝန်းကို နေ့စဉ် အရောက်လာပြီး စာဖတ်မှုတွေနဲ့ ပရိတ်သတ်ရဲ့ နှစ်ခြိုက်အာရုံစိုက်မှုကို ရရှိနေတာကြောင့် မျက်ဝန်းကို ကိုယ်စားပြုပြီး မိမိတို့ဒေသက အဖြစ်အပျက်တွေကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ကမ္ဘာအရပ်ရပ်က သိနိုင်ဖို့ ကြိုးစားတင်ဆက်ပေးကြတဲ့ စီဂျေတွေအနေနဲ့ အထူးကို ၀မ်းသာ ပီတိ ဖြစ်ကြရပါတယ်။ တနည်းပြောရရင် စီဂျေတွေရဲ့ကြိုးစားမှုဟာ ထိုက်တန်ခဲ့ပါတယ်။

Google Playstore Market မှာ တင်ထားတဲ့ စမ်းသပ်ဆဲ အလင်းမျက်ဝန်း app ကိုလည်း အခုဆို ဒေါင်းလုပ်လုပ်တဲ့တရားဝင်အကြိမ်ပေါင်း 10000 နဲ့ 50000 ကြားမှာ ရှိနေပါပြီ။ ပြင်ပမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဖြန့်ဝေကြတဲ့အကြိမ်ရေကိုတော့ သုံးသောင်းရဲ့အထက်မှာရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း တွက်ချက်ပေးထားတာကြောင့် အလင်းမျက်ဝန်းဟာ လူထုကြားမှာ များစွာ စီးဝင်ရင်း လူထုကို အချိန်နဲ့တပြေးညီ သတင်းမှန်တွေကို ထုတ်ဖော်ပြောဆိုခွင့်များ ရရှိနေပါပြီ။

ဒုက္ခသည်စခန်းတွေထဲက ပြည်သူတွေရဲ့ အလင်းမျက်ဝန်းဖတ်ရှုပြီး မိမိတို့ဒုက္ခတွေအတွက် ပြောပြလာမှုများ၊ ကလေးငယ်များရဲ့ ပေးပို့စာများ၊ ကလေးငယ်တွေက အလင်းမျက်ဝန်းဖတ်ဖို့ မိဘတွေဆီမှာ Mobile Device ၀ယ်ပေးရေးပူစာမှုများ၊ ရင်ဖွင့်လာတဲ့ ၀န်ထမ်းများရဲ့ပေးစာများ၊ အသက်ကြီးရင့်သူတွေရဲ့ အလင်းမျက်ဝန်းကမပါရင် သတင်းမမှန်ဘူးလို့ ပြောဆိုတင်ပြမှုတွေဟာ မျက်ဝန်းဝိုင်းတော်သားတွေအတွက် အင်အားတစ်ခုလို ဖြစ်နေရပါတယ်။ ဒီအချက်တွေကြောင့် အလင်းမျက်ဝန်းကို ရပ်တန့်လို့မရနိုင်တော့ဘဲ ရှေ့ဆက်ဖို့ လမ်းတွေပေါ်ကို ရောက်ချင်းမက ရောက်ခဲ့ရပါတယ်။

ကိုယ်ထူကိုယ်ထစနစ်နဲ့ မီဒီယာအသစ်တစ်ခုကို လုပ်ဆောင်လာခဲ့ရတဲ့ အလင်းမျက်ဝန်းဆိုရင် အထင်အမြင်သေးမှုတွေ၊ နှိမ့်ချပြောဆိုခံရမှုတွေလည်း ရှိခဲ့ပေမယ့် တကယ်တမ်း လူထုကြားထဲ စီးမျှောကြည့်တဲ့အခါမှာတော့ မိမိတို့ရဲ့ အထင်နဲ့အမြင်ဟာ ကွာဟနေပြီး တကယ့်လူထုရဲ့ အင်အားနဲ့ရပ်တည်နေတဲ့ အခြေအနေ အဖြစ်မှန်ကို နားလည်သိမြင်သွားကြသူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ အလင်းမျက်ဝန်းဟာ လသားအရွယ်သာဖြစ်ပေမယ့် အများအတွက် နှစ်ရင့်သားတွေလို မဆုတ်မနစ် တာဝန်တွေကို ထမ်းရွက်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အားပေးနေတဲ့ ပရိတ်သတ်ပြည်သူတွေရဲ့အင်အားနဲ့ ရပ်တည်သွားမှာ ဖြစ်ပြီး တင်ပြမှုတွေမှာ တစ်အုပ်စု၊ တစ်နေရာအတွက် ဘက်လိုက်ပြီး မျက်နှာသာပေးတင်ပြပြီး ပရိတ်သတ်ကို သစ္စာဖောက်ဖို့ဆိုတာ ဖြစ်နိုင်မည် မဟုတ်ပါ။ အလင်းမျက်ဝန်းရဲ့ တင်ပြမှုတွေမှာ လူတချို့အတွက် အမြင်မတော်တာတွေလည်း ရှိလာနိုင်သလို၊ တင်ပြမှုကို အမြင်မတော်တဲ့ အဆိုပါလူတချို့ရဲ့လုပ်ရပ်တွေဟာလည်း ပြည်သူတွေရဲ့အရှေ့မှာ အမြင်မတော် ဖြစ်စေတတ်ပါတယ်။ လူတစ်ချို့က မိမိကိုယ်မိမိ မှန်နေတယ်လို့ ထင်နေနိုင်ပေမယ့် အများအမြင်မှာတော့ ဆိုးရွားနေတတ်တာလဲ ရှိတတ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေကို တင်ပြပေးတဲ့အခါ အလင်းမျက်ဝန်းရဲ့တင်ပြမှုတွေကို ခံတွင်းမတွေ့တာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း တတ်နိုင်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ အလင်းမျက်ဝန်းက တင်ပြမှုတွေမှာတော့ ရိုးသားမှုအပြည့်ရှိနဲ့ ဟန်ဆောင်ခြင်းတွေကင်းပြီး ပြတ်သားတဲ့အမြင်နဲ့ တင်ပြနေခြင်းဖြစ်တာကြောင့် အလင်းမျက်ဝန်းကို နေ့စဉ် သောင်းသောင်းဖျဖျ စောင့်မျှော်အားပေးနေတဲ့ ကမ္ဘာအနှံ့က ပရိတ်သတ်ပေးတဲ့ အကဲဖြတ်မှု မှတ်ကျောက်ကိုသာ အလင်းမျက်ဝန်းအနေနဲ့ ခံယူပြီး လျှောက်လှမ်းသွားမှာပါ။

လေးစားစွာဖြင့်-
အယ်ဒီတာ