“ပညာရေး” ဆိုတဲ့စကားလုံးကို ယခု မြန်မာနိုင်ငံမှာ အတော်လေး ကြား/မြင် နေရပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးကွန်ရက်၊ အခြားသော လူမှုအဖွဲ့အစည်းများမှ တတ်ကျွမ်း ပညာရှင်များနှင့်အတူ အစိုးရ ပညာရေးဌာနမှ ပညာရှင်များမကျန် မြန်မာနိုင်ငံ ပညာရေး ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်အောင် ဘယ်လိုနည်းပညာတွေ အဆင့်မြှင့်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ၀ိုင်းဝန်း ညှိနှိုင်း လုပ်ဆောင်မှုများကို ၀မ်းမြောက် ဂုဏ်ယူလေးစားမိပါသည်။

သို့သော် ကျွန်ုပ်သည် ထိုထိုသော ပညာရှင်များလို ကမ္ဘာ့အဆင့်မီ ပညာရေးအကြောင်းများထက် ဧကန်အမှန် လူသားအရင်းအမြစ်အစ မျိုးဆက်သစ်တို့ရဲ့ အခြေခံကျသော အစိုးရမူလတန်းအဆင့် လေရူးအလား မြန်မာ့အခြေခံပညာရေးကျောင်းများ၌ အမျိုးမျိုးဖြစ်ပျက်နေမှုများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍လည်းကောင်း၊ အခြေခံကျသော အစိုးရမူလတန်းအဆင့် ကိုယ်တွေ့ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍လည်းကောင်း၊ အခြေခံမူလတန်းကြိုမှစ၍ သင်ကြားသင့်သော ဘာသာရပ်များဟူ၍ အပိုင်း(၂)ပိုင်းကိုသာလျှင် အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေးတည်ငြိမ်မြင့်မားလာစေရန် စိတ်ရင်းခံဖြင့် ရေးသားတင်ပြပါမည်။

ပညာကို တကယ်လိုချင်သူ မိဘ၊ ကျောင်းသူ/ကျောင်းသားများအနေနှင့် မှန်ကန်သော ပညာရေးပြောင်းလဲမှုများကို ၀မ်းသာမျှော်လင့် စောင့်ကြိုနေကြမှာပါ။ သို့သော် ဤပညာရေးလောကထဲမှာပင် ပညာရေးကို တာဝန်ယူ သင်ကြားပေးနေကြသော အချို့ ဆရာ/ဆရာမများ ကတော့ သူတို့၏ စိတ်ထား၊ စံနှုန်း၊ တတ်မြောက်ထားသော ပညာ၊ ရရှိနေသော အခွင့်အရေးများပေါ်မှာ မှန်ကန်စွာ ပြောင်းလဲလာမည့် ပညာရေးကို စိုးရိမ်စိတ် (သို့) မြန်မာနိုင်ငံ ပညာရေးသည် အိမ်နီးချင်းနိုင်ငံတွေထက် များစွာနိမ့်ကျနေသည်။

အဆင့်မြင့်ရမည်ဆိုတာနှင့် မူလတန်းအဆင့် သင်ကြားမှုပိုင်းတွေကို ဂဃနဏ မလေ့လာခြင်းလား (သို့) ထိုဆရာ/ဆရာမများ ပိုင်ဆိုင်ထားသော ဦးနှောက်အသိ၊ ဉာဏ်ရည်အဆင့်လား မခွဲခြားတတ်တော့ပါ။ ကိုယ့်အတွေးနှင့်ကိုယ် သင်ကြားမှုကို နည်းလမ်းမမှန် အဆင့်မြင့်သည်အထင်နှင့် လွဲမှားစွာ သင်ကြားနေကြတာကို တွေ့မြင်နေရပါသည်။

အပိုင်း (၁)

မူလတန်းအဆင့်ပညာရေးတွင် တစ်ချိန်က မြန်မာနိုင်ငံမှာ (ယခုအထိ) မြန်မာစာသည် ငါတို့စာ၊ မြန်မာစကားသည် ငါတို့စကားဟူ၍ လေကျယ်ခဲ့သော မ.ဆ.လ ဦးနေ၀င်းအစိုးရလက်ထက်မှာ ပညာရေးကို မမောက်မာသင့်သော ဂုဏ်ကြောင့် ယနေ့ ကမ္ဘာ့အလယ်မှာ ပညာရေး သုညအမှတ်အောက် ရောက်နေပါပြီ။ (တကယ်တော့ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည့် ပညာတွေတတ်လျှင် သူ့အာဏာ မမြဲမှာစိုး၍ တံခါးပိတ်ဝါဒ အမှောင်ချပညာရေး လုပ်ပစ်တာပါ။)

အဲဒီကတည်းက လူမျိုးကြီးယောင်ဆောင် ဂုဏ်မောက် မြန်မာစာ ဒို့စာသည် ဘယ်အတွက်ကြောင့် အခြေခံစာလုံးပေါင်းသတ်ပုံများ ယနေ့အထိ တည်ငြိမ်မှုမရှိ၊ တစ်နှစ်တစ်ကြိမ်လောက် ပြောင်းလဲနေပါသနည်း။ လုံးဝ မဖြစ်သင့်တော့ပါ။ အနည်းအကျဉ်း ဥပမာပြရလျှင် တစ်ကျောင်းတည်းမှာပင် ဆရာ/ဆရာမ တစ်ဦးနှင့်တစ်ဦး သင်ကြားမှု ကွဲပြားခြင်း၊ ဥပမာ (ရွေ့လျှား၊ ရွေ့လျား၊ ရွေ့ရှား)၊ (အသက်ရှူ၊ အသက်ရှု) မူလတန်း ဖတ်စာအုပ်တွင် (ပန်းကန်၊ ပ၀ါ)၊ တတိယတန်းတွင် (ပုဂံ၊ ပုဝါ)။

မှတ်မိသေးသည်၊ နေ၀င်းအစိုးရလက်ထက် နေ၀င်းက (သူဌေးကို သေဌေး) ဟု ပြောင်းလဲ သတ်မှတ်ပုံကို ထိုစဉ်က ကျွန်ုပ်ကျောင်းသားအရွယ် ပြုံး၍ သဘောပေါက်လိုက်မိသည်။ သေမှပဲ သူဌေးလုပ်ရမယ့် ပြည်သူတွေအတွက် ယတြာ စကားလုံးဟု။

တစ်ဖန် အင်္ဂလိပ်ဘာသာရပ်တွင် ပုံနှိပ်စာလုံးနှင့် လက်ရေး လက်သား စာလုံးဟူ၍ ရှိပါသည်။ ပုံနှိပ်စာလုံးနှင့် ရေးရန် သင်သော ဆရာမသည် လက်ရေး လက်သားစာလုံးနှင့် ရေး၍ မရပါ။ ထိုနည်းတူ လက်ရေး လက်သားစာလုံးနှင့် ရေးခြင်းကို သင်သော ဆရာမသည် ပုံနှိပ်စာလုံးနှင့်ရေးလျှင် အမှတ်မပေး။

အဓိက/သာမညကို ဘာမှ မသိကြပါ။ မယောင်ရာ ဆီလူးနေသော ပညာရေးပါ။ ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း၊ အတန်းတစ်တန်းနှင့် တစ်တန်း သင်္ချာတွက်ရာတွင် တွက်နည်းသတ်မှတ်ချက် အတိုင်းသာတွက်၊ ကိုယ့်နည်း မဟုတ်လို့က အမှတ်မပေး၊ အမှန်မှာ မည်သည့်နည်းဖြစ်စေ မှန်သည်၊ ဘောင်ဝင်သည်။

တကယ် စာကြိုးစားသော ကလေးအတွက် ဘောင်ကျဉ်းလွန်းသော၊ စိတ်အနှောင့်အယှက်ဖြစ်ရသော ပညာရေး မဟုတ်ပါလော။ ပိုဆိုးသည်က “ ငါ့နည်း မဟုတ်ရင် အမှတ်လျှော့မယ် ” ဟူ၍လည်းကောင်း၊ စာသင်ခန်းတွင်း သင်ကြားမှု မူလတန်းပညာရေးကို ဆရာမ ကိုယ်တိုင် မှားနေသောအခါ ရှိ၏။ သို့သော် စာအုပ်များ အမှတ်ခြစ်လျှင် (အမှန်) ပေးထား၊ မိဘကပြင်လျှင် ကလေးက ရာဇသံထုတ်ထားသော ဆရာမကို ကြောက်သည်။

ဘယ်လောက်များ နုနယ်သော ကလေးလေးတွေရဲ့ ပညာသင်ခန်းထဲမှာ ညစ်စုတ်သော စစ်အစိုးရ ၀ါဒအောက်မှ ၀န်ထမ်းပီပီ၊ တစ်သွေးတစ်မိန့် လုပ်ထားလဲ မသိပါ။ စာမေးပွဲမှာ ကလေးသည် (အမှား) ကို (အမှန်) ပေးထားသော ဆရာမနည်းအတိုင်း ကြောက်ပြီး အမှတ်မရမှာစိုး၍ ဖြေခဲ့၊ ထိုအခါ ကြုံရသည်က အတန်းပိုင်ဆီ ကျူရှင်ယူသောသူများ အမှတ်ရသည်၊ ကျူရှင်မယူသူကို အမှတ်လျှော့လို့ရအောင် ပရိယာယ်သုံးခြင်းလား (သို့) ပေါ့ဆခြင်းလား မသိနိုင်ပါ။ မြန်မာစာ ဘာသာရပ်များတွင် ဖြစ်ကြသည်ကို ဖြစ်ပါသည်၊ ဖြစ်သည်ဟု မဖြေရ၊ ပေးတဲ့အတိုင်း ကွက်တိမရေးရင် အမှတ်လျှော့ပါသည်။ အထက်ပါ အင်္ဂလိပ်နှင့်သင်္ချာနည်းတွေကလည်း နိမ့်ကျတဲ့ ပညာရေး၊ ငါတို့မြှင့်လိုက်ပြီလို့ ယူဆနေတာလား။

ကျွန်ုပ် မြင်တွေ့နေသမျှ မြန်မာနိုင်ငံမှာ ပညာရေးများ မပြောင်းလဲခင် ဆရာ၊ ဆရာမများကို စိတ်ပညာ ဘာသာရပ်များ ပို့ချသင့်သည်။ နိုင်ငံတကာတွင် မည်သည့်ဘွဲ့ကို ရထားပါစေ၊ စိတ်ပညာဘွဲ့ကို ပူးတွဲ၍ ယူထားသူသည် ဦးစားပေးခံရ၏။ ပညာတတ်၊ ဗဟုသုတ ကြွယ်သူတိုင်း ဘာကြောင့် ဦးစားပေးသနည်းကို သိပါသည်။ မြန်မာနိုင်ငံမှာတော့ စိတ်ပညာဟုပြောတာနှင့် အရူး ဘာသာရပ်ဟု ထင်ကြသည်။ သနားစရာပါ။ ဒါကြောင့် နုနယ်သောကလေးတွေကို ကိုင်တွယ်သင်ကြားပေးနေသော သူများ၏ စိတ်နှလုံး၊ ဉာဏ်ရည်၊ အတွေး အခေါ် အရေးကြီးပါသည်။

ယခင်တစ်မျိုး၊ ယခုတစ်ဖုံ (နည်းစနစ်၊ ဝေါဟာရများ) ကို အမျိုးမျိုးပြောင်းလဲ သုံးနှုန်းနေခြင်းနှင့်အတူ ယခင် ဘောင်းဘီဝတ်မှ ယခု ပုဆိုးလဲဝတ် ၀န်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌတို့ရဲ့ “ သမ္မတထက် မြင့်တဲ့နေရာ ရှိရင် ရချင်တယ် ” (ကမ္ဘာက သတ်မှတ်သော အရည်အချင်းရှိ လူထုခေါင်းဆောင်ကို အရည်အသွေးမဲ့ အနှစ်မရှိက နိုင်ချင်တာ)၊ “ နယ်လှည့် ပါးရိုက်ခဲ့တာ ” စသည်တို့ကို အဆင့်မီ ဂုဏ်သိက္ခာရှိတယ် ထင်ပြီး ပြောနေကြတာထက် တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် နုနယ်သောကလေးတွေကို ပညာသင်ပေးနေတဲ့ (အထူးသဖြင့်) ဆရာမများ၊ “ ဆရာ့ဝတ် ” ကဗျာကို အလွတ်သာရ၊ ကျင့်ဝတ် မလိုက်နာ ဆရာမများက အပြင်လောကမှာ ပုပ်လို့ပေါ်တဲ့သူတို့အကြောင်း ပြန်ကြားပြီး “ ဟဲ့ ကြိုက်တဲ့နေရာသွားတိုင်၊ေ-ာက် ဂရု မစိုက်ဘူး ” ဟု ဗီဇစိတ်နဲ့ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းပြောဆိုမှုတွေကို ပိုပြီးပြုပြင်သင့်ပါကြောင်း၊ အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ အောက်ခြေအုတ်မြစ် မခိုင်လို့ကတော့ အထက်တွင် အံ့ဖွယ်ဟီးဟီး အဆောက်အအုံသည် တစ်ခဏတာအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြိုလဲမှာ မလွဲဧကန်ပါ။

ပညာရေးအတွက် တကယ့်စိတ်ရင်းမှန်နှင့် လုပ်ဆောင်ကြိုးစားနေကြသူများကို ရိုသေလေးစားစွာ အသိပေးရခြင်း ဖြစ်ပါသည်။ လက်ရှိ ရှိရှိသမျှ ဆရာ/ဆရာမများကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ဉာဏ်ရည်ဉာဏ်ကိန်း၊ ကိုယ်ရည် ကိုယ်သွေး အကုန်စစ်ဆေးသင့်သည်။ သတ်မှတ်ချက် အဆင့်ပေါ်မှာ ဆရာ/ဆရာမ အရည်အသွေး မကိုက်ညီလျှင် ထုတ်ပယ်၊ ကိုက်ညီသူကို ခန့်အပ်သင့်ပါသည်။ တိုးတက်သော နိုင်ငံများတွင် မူကြိုဆရာမ ဖြစ်ဖို့ အလွန် မလွယ်ကူပါ။ အထပ်ထပ် ရုပ်ပိုင်း၊ စိတ်ပိုင်း စစ်ဆေးပြီးမှ ခန့်အပ်ပါသည်။ တိုင်းပြည် အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် လူမမယ်ကလေးများ၊ ကနဦးအခြေအနေမှန်ရန် အရေးကြီးခြင်းကြောင့်ပါ။ မြန်မာနိုင်ငံမှာကတော့ ဘာစည်းစနစ်မှ မရှိပါ။ ဈေးတွင်း၊ လမ်းမပေါ် အသုံးအနှုန်းနှင့် ပြောဆိုနေသူလည်း ဆရာ/ဆရာမ ဖြစ်လို့ရပါသည်။ နုနယ်တဲ့ လူသားရင်းမြစ် မျိုးဆက်သစ် ကလေးတွေကို ကိုင်တွယ် လေ့ကျင့်သင်ကြားပေးမည့် ဆရာ/ဆရာမများသည် မိမိတို့၏ ပုဂ္ဂလခံစားချက်များကို အိမ်မှာ အပြီးထားခဲ့ကာ ရင့်ကျက်မြင့်မြတ်သော နှလုံးသားပိုင်ရှင်အလား ကျောင်းတော်ကြီးသို့ ၀င်ရောက်စေချင်ပါသည်။

ကျွန်ုပ်၏အတွေးအမြင်အရ မိဘရင်ခွင်မှ အချိန်ပိုင်းခွဲထွက်၍ ကျောင်းတော်ကြီးကို စတင်ဝင်ရောက်လာခြင်းက ထိုကလေးများ လူ့လောကကို စတင်ထိုးဖောက်ဝင်ရောက်ခြင်း၊ လောကအတွေ့အကြုံအတတ်ပညာများ စတင်လေ့လာကြခြင်းဟု ယူဆသည့်အတွက် ထို ကလေးငယ်တွေကို သင်ကြားပို့ချမည့် ဆရာ/ဆရာမများတွင် စိတ်သဘောထား အလွန်အရေးကြီးပါသည်။ လူများစွာတို့က ဉာဏ်ရည် ဉာဏ်ကဲ (I.Q ခေါ် Intelligent Quotient) ကောင်းရှိတာကို ပို၍ အလေးထားပါသည်။ စိတ်နေစိတ်ကဲ (A.Q ခေါ် Attitude Quotient) ကောင်းရှိအောင် လုပ်ဖို့ စိတ်အာရုံမရှိကြပါ။ (I.Q) ဘယ်လောက်မြင့်မြင့် (A.Q) နိမ့်နေပါက ထိုသူ၏လုပ်ဆောင်ချက်များ နိမ့်ကျနေမည်သာ။

ဒန်း | အလင်းမျက်ဝန်း
|- အပိုင်း (၂) ဆက်ပါဦးမည် -|