ယီမင်နိုင်ငံထဲမှာ လုံးခြုံရေးအတွက် နေရာချထားပေးတဲ့ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးရဲ့ စစ်သား (၄၅) ဦးထက်မနည်း ကျဆုံးသွားခဲ့ရတယ်လို့ သက်ဆိုင်ရာ အစိုးရများက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံထုတ်လို့ယူဆရတဲ့ အဝေးပစ် ဒုန်းလက်နက်ကြီးတွေနဲ့ ရန်သူတွေက ပစ်ခတ်ခဲ့တာကြောင့် ယီမင်နိုင်ငံထဲက လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုကို ထိမှန်ကာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်ပြီး လုံခြုံရေးစောင့်ကြပ်ပေးနေကြတဲ့ ယူအေအီးစစ်သားများဟာ ယခုလို အစုလိုက်အပြုံလိုက် အသက်စတေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဟူသီလို့ခေါ်တဲ့ ရှီအာသူပုန် သောင်းကျန်းသူတွေကြောင့် နိုင်ငံပြိုကွဲလုနီးနီးဖြစ်ပြီး အရေးနိမ့်လာခဲ့တဲ့ ယီမင်အစိုးရကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ဦးဆောင်ပြီး ၀င်ရောက်၍ အားဖြည့်ကူညီပေးနေတဲ့ အာရပ်မဟာမိတ်နိုင်ငံများ တပ်ပေါင်းစုထဲမှာ ယူအေအီးနိုင်ငံလည်း ပါဝင်ပါတယ်။

ဒါ့အပြင် မဟာမိတ် တပ်ပေါင်းစုထဲ ပါဝင်နေတဲ့ အခြားနိုင်ငံတစ်ခုဖြစ်တဲ့ ဘာရိန်းနိုင်ငံဟာလည်း ဆော်ဒီအာရေးဗီးယားရဲ့ တောင်ဘက်ပိုင်း စစ်မျက်နှာစာကို ဟူသီတွေရဲ့ရန်က အပြင်းအထန် ကာကွယ်နေစဉ်မှာ ၎င်းတို့စစ်သား ၅ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ » စစ်ရေးပြနေသည့် ယူအေအီး စစ်သမီးများ (google image)

ကိုးကား » BBC Burmese, The Guardian

© အလင်းမျက်ဝန်း