အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ကလေးများကိုကယ်တင်ကြ (Save the Children) အဖွဲ့ကြီးက အလပ်ပိုမြို့မှာ ကလေးသူငယ်တွေ အသက်ဆုံးရှုံးနေရခြင်းဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဆော်သြလိုက်ပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အလပ်ပိုမြို့အရှေ့ပိုင်းက စာသင်ကျောင်း ၁၃ ကျောင်းမှာ စာသင်ကြားမှု ရပ်နားထားရတယ်လို့ ဖော်ပြပါရှိပါတယ်။
ယင်းအဖွဲ့အစည်းကြီးရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အကြီးအကဲ စိုနီယာခွရှ်က ကလေးသူငယ်တွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ စာသင်ကျောင်းနဲ့ ဆေးဝါးကုသဖို့အတွက် ဆေးရုံတွေအတွင်းမှာ ရှိနေကြစဉ်မှာပဲ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခံနေရတယ်လို့ ပြောဆိုကြောင်း ပြင်သစ်သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယင်းအဖွဲ့အစည်းရဲ့အကြီးအကဲက အလပ်ပိုမြို့မှာ ကလေးတွေ သေကြေမှုနှုန်း အဆက်မပြတ် မြင့်တက်နေတာဟာ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ရင် စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုအပတ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေထဲ အလပ်ပိုမြို့အရှေ့ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းက ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် 27 နှစ်အရွယ် မရာမ်ဆိုသူလည်း ပါသွားခဲ့ပါတယ်။ သူမနဲ့ သူမရဲ့ခြောက်လအရွယ်သာ ရှိသေးတဲ့ သားကလေး အဗ်ဒွလ္လာဟ်တို့ရဲ့ ရုပ်အလောင်းကို အပျက်အစီးတွေကြားထဲကနေ ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။
တနင်္ဂနွေနေ့က အလပ်ပိုမြို့ အနောက်ဘက်ရှိ စာသင်ကျောင်းတစ်ကျောင်းအနီးမှာ အတိုက်အခံတော်လှန်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေး (၇) ဦး သေဆုံးခဲ့ရမှုကိုလည်း အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုက ကလေးတွေအတွက် လုံခြုံတဲ့နေရာတစ်ခု မရှိတော့ဘူးဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ယုံကြည်မိကြောင်း ယင်းအဖွဲ့အစည်းက သုံးသပ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ကို ဆော်သြလိုက်ပါတယ်။ ဒါမှသာ အလပ်ပိုမြို့အရှေ့ပိုင်းကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်နိုင်မှာဖြစ်ပြီး ရောဂါသည်တွေနဲ့ ဒဏ်ရာရထားသူတွေကိုလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
ကလေးများကို ကယ်တင်ကြ အဖွဲ့ကြီးအနေနဲ့ အပစ်အခတ်များ ချက်ချင်းရပ်စဲနိုင်ဖို့နဲ့ ဒဏ်ရာရထားတဲ့ အရပ်သားတွေထံ ဆေးဝါးအကူအညီတွေ ပို့ဆောင်နိုင်ဖို့အတွက် ပြသနာဖြစ်ပွားနေတဲ့ အသင်းအဖွဲ့တွေအားလုံး စေ့စပ်ညှိနှိုင်းကြဖို့ကို အပြင်းအထန် တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတွေအဆိုအရ အစိုးရစစ်တပ်တွေရဲ့ ပိတ်ဆို့ထားတဲ့ အလပ်ပိုအရှေ့ပိုင်းမှာ လတ်တလောကယ်ဆယ်ရေး လုပ်ပေးနိုင်မဲ့ ဆေးရုံဆိုလို့ တစ်ရုံမှမကျန်တော့ပါဘူး။ ယင်းဒေသမှာ အရပ်သားနှစ်သိန်းခွဲခန့် ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံနှင့် အကိုးအကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။