အစွန်းရောက်တွေဟာ လူသတ်ဝါဒကို ကျင့်သုံးနေပေမဲ့ အစ္စလာမ်သာသနာကတော့ အကန့်သတ်မရှိတဲ့ အကြမ်းဖတ်မှုတွေကို အားပေးမထားပါဘူး။
အစွန်းရောက်ဝါဒရှိသူတွေဟာ သူတို့ကိုယ်သူတို့ စစ်မှန်သူတွေလို့ ကြွေးကြော်ပြီး သူတို့လမ်းစဉ်ကသာ မှန်ကန်တယ်လို့ ပြောနေပေမဲ့ အစ္စလာမ်ဘာသာရဲ့ ကုရ်အာန်ကျမ်းတော်မြတ်ထဲက လမ်းညွှန်သွန်သင်ချက်တွေဟာ သူတို့တွေနဲ့ တစ်ခြားစီ ဖြစ်နေပါတယ်။
ပါရီမြို့တိုက်ခိုက်မှု၊ လန်ဒန်မြို့တိုက်ခိုက်မှုနဲ့ နယူးယောက်မြို့ကို အကြမ်းဖတ်မှုတွေဟာ ကုရ်အာန်ကထောက်ခံတယ်လို့လည်း အဆိုပါအကြမ်းဖတ်သမားတွေက ဆိုနေကြပေမဲ့ မွတ်စ်လင်မ်အများစုကတော့ အဆိုပါရက်စက်ကြမ်းကြုတ်မှုတွေကို အစဉ်တစိုက် ဆန့်ကျင် ရှုတ်ချခဲ့ကြတာဟာ ကုရ်အာန်ရဲ့ သွန်သင်ချက်မှုကြောင့်ပါ။
ကုရ်အာန်နဲ့အစ္စလာမ်အကြောင်းကို သေသေချာချာ နားမလည်တဲ့သူတွေအတွက်တော့ တွေဝေစရာပါ။ ဘယ်သူက အမှန်ပြောနေတာလဲ? အစ္စလာမ်ဆိုတာ ဝါဒဖြန့်တွေပြောသလို တကယ်ပဲ အန္တရာယ်ရှိတဲ့ ဘာသာသာသနာလား?
အကြမ်းဖက်အဖွဲ့တွေ ကျင့်သုံးနေတဲ့လုပ်ရပ်ဟာ အစ္စလာမ်ဘာသာနဲ့ ကုရ်အာန်ရဲ့ သွန်သင်ချက်တွေရဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်ဆိုတဲ့ သက်သေအများအပြား ရှိနေပါတယ်။ အစ္စလာမ်မှာ ကျူးကျော်စစ်တိုက်တာ မရှိသလို တစ်ဖက်က ကျူးကျော်လာတာကို ပြန်ပြီးခုခံတဲ့အချိန်မှာလည်း လိုက်နာရမဲ့ စည်းကမ်းတွေ ကုရ်အာန်ထဲမှာ အများအပြား လာရှိထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် စစ်ပွဲတစ်ပွဲကို စတင်ဆင်နွှဲကြရတယ်ဆိုရင်တောင်မှ စည်းကမ်းနဲ့ လမ်းညွှန်ချက်တွေက အများအပြား တင်းကြပ်ကန့်သတ်ထားပါတယ်။ လက်ရှိအစွန်းရောက်အဖွဲ့တွေကတော့ အဆိုပါစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ ဆန့်ကျင်နေပါတယ်။
စည်းကမ်းလမ်းညွှန်ချက်အချို့ကို ဖော်ပြရမယ်ဆိုရင် မွတ်စ်လင်မ်တွေဟာ စစ်ပွဲတစ်ပွဲဖြစ်လာအောင် အစပျိုး ဖန်တီးခွင့် မရှိပါဘူး။ တစ်ဖက်က ဖန်တီးလို့ ဖြစ်လာခဲ့တဲ့ စစ်ပွဲမျိုးမှာတော့ ခုခံခွင့်ရှိပါတယ်။
- မွတ်စလင်မ်တွေဟာ သူတို့ပိုင်ဆိုင်တဲ့ အိမ်ခြံမြေထဲမှ မတရားနှင်ထုတ်ခံရတဲ့ အခါမျိုးမှာတော့ ပြန်လည်ခုခံခွင့်ရှိပါတယ်။
- အကာအကွယ်မဲ့စွာ တိုက်ခိုက်ခံနေတဲ့ မဟာမိတ်တွေရဲ့အကူအညီ တောင်းခံမှုအပေါ် မွတ်စ်လင်မ်တွေဟာ စစ်ပွဲစတင်ခွင့်ရှိပါတယ်။
- ဘာသာတူအဖွဲ့နှစ်ခု စစ်မက်ဖြစ်ပွားနေပြီး တစ်ဖက်မှ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းမှုကို အခြားတစ်ဖက်က ငြင်းပယ်နေရင်တော့ မွတ်စ်လင်မ်တွေဟာ စစ်ပွဲစတင်ခွင့် ရှိပါတယ်။
စစ်မက်ဖြစ်ပွားနေစဉ် အတွင်းမှာတောင် ကန့်သတ်ချက်တွေနဲ့ မဖြစ်မနေ လိုက်နာရမဲ့ မူဘောင်စည်းကမ်းတွေ အများအပြားဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါရှိပြီးသား ဖြစ်ပါတယ်။
ရန်သူဟာ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာခဲ့ရင် မွတ်စ်လင်မ်တွေအနေနဲ့ သဘောထားကြီးကြီးနဲ့ စစ်ပွဲကို ချက်ချင်း ရပ်တန့်ပေးရမှာ ဖြစ်ပါတယ်။ မွတ်စ်လင်မ်တွေဟာ စစ်ပွဲစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ခွင့် မရှိပါဘူး။ မိမိကို တိုက်ခိုက်လာသူတွေကို အလ္လာဟ်အရှင်မြတ်သခင်ရဲ့ နာမတော်တွေတသပြီး ခုခံကြပါ။ သို့သော် စည်းကမ်းဖောက်ဖျက်သူတော့ မဖြစ်ပါစေနဲ့။ စည်းကမ်းဖောက်ဖျက်သူတွေကို မနှစ်သက်တော်မူသော အရှင်ဖြစ်ပါတယ်။
အစွန်းရောက်ဝါဒီတွေ ကျင့်သုံးနေတဲ့ အထိန်းအကွပ်မဲ့ ကမ္ဘာပျက်မလိုဖြစ်နေတဲ့ စစ်ဆင်ရေးတွေဟာ အစ္စလာမ်ဘာသာရဲ့ သွန်သင်မှုတွေနဲ့ လုံးလုံးလျားလျားကို ဆန့်ကျင်နေပါတယ်။
အဖမ်ခံရတဲ့ သုံ့ပန်းတွေကို လေးစားသမှုနဲ့ ဆက်ဆံရမယ်လို့ ကုရ်အာန်ထဲမှာ သွန်သင်ထားပေမယ့် ဖမ်းမိသမျှ သုံ့ပန်းတွေကို ခေါင်းဖြတ်ပြတဲ့ ဗီဒီယိုတွေတင်ပြီး ဝါဒဖြန့်နေသူတွေရဲ့လုပ်ရပ်တွေဟာ ကုရ်အာန်ရဲ့လမ်းပြသွန်သင်ချက်တွေနဲ့ ဆန့်ကျင်နေတာ ထင်ရှားပါတယ်။
စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာလည်း အကျဉ်းသားတွေကို လွှတ်ပေးတာပဲဖြစ်ဖြစ် အကျဉ်းသားအချင်းချင်း လဲလှယ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ရပါတယ်။ ဖမ်းမိထားတဲ့ သုံ့ပန်းတွေကိုလည်း ကျွန်အဖြစ်အသုံးချခွင့် ပြုမထားပါဘူး။ မိမိစစ်သားအဖြစ်နဲ့လည်း ပြန်လည်ပြီး စေခိုင်းအသုံးပြုခွင့် မရှိပါဘူး။ အဆုံးအစွန်းပြောရရင် ဖမ်းမိထားသူတွေနဲ့ မသင့်မြတ်တဲ့ ရန်သူတွေကို အစ္စလာမ်ဘာသာဘက် ကူးပြောင်းလာဖို့ အဓမ္မ ဖိအားပေး သွတ်သွင်းခွင့်လည်း မရှိပါဘူး။
မွတ်စ်လင်မ်တွေဟာ မိမိကို မတိုက်ခိုက်တဲ့ မည်သူ့ကိုမျှလည်း စစ်ပြုခွင့်မရှိပါဘူး။ မိမိပိုင်နက်ပေါ်မှာ မိမိကို နှင်ထုတ်ခြင်း မပြုတဲ့သူတွေ၊ နှင်ထုတ်ဖို့ အားမပေးတဲ့ သူတွေနဲ့ မွတ်စ်လင်မ်တွေဟာ သင့်တင့်မျှတစွာ ပေါင်းသင်းဆက်ဆံကြရမယ်လို့ သွန်သင်ထားပါတယ်။ အဆိုပါ သွန်သင်ချက်တွေအရ မွတ်စ်လင်မ်တွေဟာ နူးညံ့ပြီး အတွေးအခေါ်မြင့်မားတဲ့ လူတွေဖြစ်လာဖို့ပဲ ကုရ်အာန်ကျမ်းတော်မြတ်က သွန်သင်ထားတာ သိသာထင်ရှားနေပါတယ်။
တိုက်ခိုက်ဖို့ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ခွင့်ပြုထားရတာဟာလည်း ခုခံဖို့နဲ့ တုံ့ပြန်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။
ကုရ်အာန်ရဲ့ဆုံးမသွန်သင်ချက်တွေဟာ ယုံကြည်လိုက်နာတဲ့ မွတ်စ်လင်မ်တစ်ယောက်အတွက် ရန်လိုမှုကို တွန်းအားမဖြစ်စေသလို အပြစ်မရှိသူတွေဘက်ကိုလည်း ငဲ့ညှာတတ်စေပါတယ်။
ဒါဟာ မွတ်စ်လင်မ်အများစု လက်ခံယုံကြည်တဲ့ တစ်ခုတည်းသော သဘာဝသာသနာပဲ ဖြစ်ပါတယ်။
မတူကွဲပြားတဲ့ ဘာသာဝင်တွေနဲ့ လူမျိုးတွေကြား ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ဖို့ လမ်းညွှန်ချက်တွေကိုပဲ ကုရ်အာန်ထဲမှာ အပြည့်အဝ မိန့်ကြားထားတာကြောင့် ငြိမ်းချမ်းခြင်းအတွက် ကုရ်အာန်ဟာ အကောင်းဆုံးသော သက်သေဖြစ်ပါတယ်။
နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Independent
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။