ပြင်သစ်နိုင်ငံ Calais မြို့၌ ဖွင့်လှစ်ထားသော တရားမဝင်ဒုက္ခသည်စခန်း Jungle ကို ဖျက်သိမ်းပြီးနောက် နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူများသည် ပြင်သစ်လမ်းများပေါ်တွင် လေလွင့်သွားလာရသည့်အဖြစ်နှင့် ရင်ဆိုင်နေရသောကြောင့် မြို့တော်ပါရီမြောက်ပိုင်းတွင် အမျိုးသားအယောက် ၄၀၀ စာ အိပ်ယာများပါဝင်သော ဒုက္ခသည်စခန်းအသစ်တစ်ခုကို ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

“ မနက်ပိုင်းထိတော့ ဒီကို နိုင်ငံရွှေ့ပြောင်းဝင်ရောက်လာသူ နည်းနည်းပဲ လာသေးတယ် ” ဟု FRANCE 24 သတင်းဌာနမှ သတင်းထောက် Charlotte Boitiaux က ပြောသည်။ အသစ်ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတည်နေရာသို့ ကြာသာပတေးနေ့ နံနက်ပိုင်းက ရောက်ရှိနေသူ Boitiaux က ဒုက္ခသည် ငါးဦးသာ လာရောက်သေးသည်ကို တွေ့ရကြောင်းပြောသည်။

“ ပါရီမှာရှိတဲ့ ရွှေ့ပြောင်းအခြေချသူအများစုက Stalingrad ဒုက္ခသည် စခန်းကနေ မြို့အပြင်မှာရှိတဲ့ စခန်းတွေကို ပြောင်းသွားကြပြီ။ ဒုက္ခသည်စခန်း အသစ်ဖွင့်လိုက်ပြီဆိုတဲ့ သတင်းပျံ့သွားပြီဆိုရင်တော့ နောက်ထပ်လူသစ်တွေ ထပ်ရောက်လာလိမ့်မယ်လို့တော့ ဒေသခံအရာရှိတစ်ယောက်က ကျနော့်ကိုပြောတယ် ” ဟု Boitiaux က ဆက်ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းအသစ်ကို Gare du Nord ဘူတာရုံအနီးရှိ အသုံးမပြုတော့သော ဝန်ထမ်းတန်းလျားတစ်ခု၌ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တစ်ရက်လျှင် နေထိုင်လိုသူ ၅၀ မှ ၈၀ အကြား လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းအရေအတွက်သည် ပါရီသို့ နေ့စဉ်ရောက်လာနိုင်ခြေရှိသည့် ဒုက္ခသည်အရေအတွက်ပေါ် ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး ၎င်းတို့အများစုမှာ ကျောတစ်ခင်းစာနေရာအတွက်ပင် ခက်ခဲနေကြသူများဖြစ်သည်။

ယင်းဒုက္ခသည်စခန်း၌ ခိုလှုံသူများကို ၁၀ ရက်နှင့်အထက် လက်ခံထားရှိသွားမည်ဟုသိရသည်။ ပြင်သစ် ကြိုဆိုရေးဌာနသို့ မလွှဲပြောင်းမီ ထိုအတောအတွင်း ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးမည့်အပြင် ခိုလှုံခွင့်တောင်းခံခြင်းနှင့် ပတ်သက်၍ အကြံဥာဏ်ပေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

“ ဒီစခန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ပြင်သစ်ကို အသစ်ရောက်လာတဲ့ နိုင်ငံရွှေ့ပြောင်းအခြေချသူတိုင်းဟာ လက်ကမ်းကြိုဆိုခံရမယ်၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရမယ်၊ လူပီသစွာနေနိုင်ရမယ်ဆိုတဲ့ နေစရာနေရာလေးတစ်ခု ဖန်တီးပေးလိုတာဖြစ်ပါတယ် ” ဟု အဆိုပါ ဒုက္ခသည်စခန်းလည်ပတ်ရေးကို တာဝန်ယူထားသည့် Emmaus Solidarité ပရဟိတအဖွဲ့အစည်းဥက္ကဋ္ဌ Bruno Morel က ပြောသည်။

၂၀၁၇ ခုနှစ် အစောပိုင်းရောက်လျှင် Ivry-sur-Seine မြို့ အရှေ့မြောက်ဖက် ဆင်ခြေဖုံးဒေသ၌ မိသားစုနှင့် အမျိုးသမီးများအတွက် သီးသန့် ခိုလှုံရေးစခန်းများ ဖွင့်လှစ်ပေးဦးမည်ဟု သိရသည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့် တကွဲတပြားဖြစ်နေသော ကလေးငယ်များကိုမူ မြို့အတွင်း၌ နဂိုဖွင့်လှစ်ထားသောကလေးသူငယ် စောင့်ရှောက်ရေးဂေဟာများသို့ ခွဲတမ်းဖြင့် ပို့သွားမည်ဖြစ်သည်။

အာဖဂန်၊ ဆူဒန်နှင့် အီရီထရီးယားလူမျိုး အများစုပါဝင်သည့် ဒုက္ခသည်ပေါင်း ၃၈၀၀ နေထိုင်လျက်ရှိသော ပြင်သစ်မြို့ အရှေ့မြောက်ဖက် ဒုက္ခသည်စခန်းကို ရဲတပ်ဖွဲ့မှ ပိတ်ပစ်ခဲ့ပြီး ရက်သတ္တပတ်အကြာ၌ ယခုအမျိုးသားများအတွက် ဒုက္ခသည်စခန်းကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ယင်းတို့သည် မြေအောက် ရထားဘူတာများ၌ ယာယီတဲများ အခင်းများဖြင့် ဖြစ်သလိုနေထိုင်ရလျက်ရှိသည်။

ယခုနှစ်အထိ နိုင်ငံရွှေ့ပြောင်းအခြေချလိုသူ ၃၁၇ ၂၀၀ သည် မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဥရောပသို့ ဝင်ရောက်ခဲ့သည်။ ယင်းအနက် ၃၆၃၀ သည် ခက်ခဲကြမ်းတမ်းလှသော သေမင်းတမန်လမ်းခရီး၌ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်ဟု နိုင်ငံတကာရွှေ့ပြောင်း အခြေချသူများအဖွဲ့အစည်းက ထုန်ပြန်ခဲ့သည်။

ဥရောပအင်အားကြီးနိုင်ငံများ၏ မူဝါဒများသည် စစ်ပွဲနှင့်အကြမ်းဖက်မှုများကို ပိုမိုတိုးမြင့်ဖြစ်ပွားစေသောကြောင့် လူအများအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နိုင်ငံရွှေ့ပြောင်းသူများ အစုလိုက်အပြုံလိုက် ပေါ်လာရခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူအများအပြားက ဝေဖန်ထားသည်။

ကိုးကား » en.abna24
သတင်း » စတီဗင် © အလင်းမျက်ဝန်း