ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှ ကမ္ဘာ့မွတ်စ်လင်မ့်ထိပ်တန်းခေါင်းဆောင်များဟာ မွတ်စ်လင်မ်များအား ကမ္ဘာ့ရာသီဥတုကို ဆိုးရွားစွာ ပျက်စီးစေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအသုံးပြုခြင်းကို လျှော့ချကြဖို့နဲ့ ပြန်လည်ပြည့်ဖြိုးစွမ်းအင်လောင်စာအသုံးပြုတဲ့ အနာဂတ်ကမ္ဘာကြီး တည်ဆောက်ရာမှာ ဦးဆောင်ပါဝင်ကြဖို့ ဆော်သြလိုက်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလမှာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုထိန်းသိမ်းရေး မွတ်စ်လင်မ်များကွန်ယက် (Muslim Climate Network - GMCN) ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ထဲမှာ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေး အစ္စလာမ့်ကွန်ယက် (Islamic Relief Worldwide)၊ ဂေဟဖြစ်စဉ် လေ့လာစောင့်ကြည့်ရေး ဖောင်ဒေးရှင်း (Islamic Foundation for Ecology) တို့လိုအဖွဲ့အစည်းများအပြင် မွတ်စ်လင်မ်ပညာရှင်ကြီးများစွာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ငါးပုံတစ်ပုံစာလောက်ရှိတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ လူဦးရေအများစုနေထိုင်ရာ မွတ်စ်လင်မ်နိုင်ငံတွေဟာ သဘာဝလောင်စာထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီး သဘာဝဘေးဒဏ်ခံရမှု အများဆုံးသော နိုင်ငံများလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ တူရကီနိုင်ငံဖက်မှာတော့ မိုးခေါင်မှုဒဏ် မကြာခဏခံရလေ့ရှိပြီး အခြားတစ်ဖက်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာတော့ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိပါတယ်။ စွမ်းအင်ထုတ်လုပ်မှုအမြင့်မားဆုံး နိုင်ငံတွေဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေခြင်းကို အချိန်မီ ဝိုင်းဝန်းတားဆီးဖို့ ယခုလို တာဝန်သိစိတ်နဲ့ အတူတကွ ဦးဆောင်ပါဝင်နေကြတာဖြစ်ပါတယ်။

ယခုအခါ အပူပိုင်းဒေသတွေမှာရှိတဲ့ မွတ်စ်လင်မ်နိုင်ငံတွေဟာ နေရောင်ခြည်စွမ်းအင်ကို အာရုံစိုက်လာကြပါတယ်။ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်သခင် ချီးမြှင့်ပေးသနားထားတဲ့ သဘာဝနေရောင်ခြည်ကိုအသုံးပြုပြီး ထုတ်လုပ်တဲ့ ဆိုလာစွမ်းအင်ရဲ့ ထုတ်လုပ်စရိတ်ဟာ ပိုမိုသက်သာလာပါတယ်။ ပြီးခဲ့နှစ်လတုန်းကပဲ အဗူဒါဘီမြို့တော်ရဲ့ ဆိုလာစွမ်းအင်ကုန်ကျစရိတ်ဟာ ကမ္ဘာ့အသက်သာဆုံး စွမ်းအင်အသုံးပြုမှုစရိတ်အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

အကယ်၍ စက်မှုထုတ်လုပ်မှုမှ ကမ္ဘာကြီးပူနွေးမှုနှုန်းကို 1.5C အထိပဲ သတ်မှတ်လိုက်မယ်ဆိုရင်တောင် မွတ်စ်လင်မ်တစ်ဦးချင်းစီနဲ့ မွတ်စ်လင်မ့်အဖွဲ့အစည်းတိုင်းဟာ အဆိုပါပြုပြင်ပြောင်းလဲမှုမှာ တစ်သားတည်း ပူးပေါင်းပါဝင်သွားကြမှာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံရဲ့မြို့တော်ပဲရစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆွေးနွေးပွဲမှာ ၁၉၆ နိုင်ငံနဲ့ အဆိုပါအတိုင်း သဘောတူခဲ့ကြပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ သုံးသန်းလောက် သေဆုံးနေကြရတာကြောင့် အစ္စလာမ့်အစိုးရနိုင်ငံများနဲ့ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ် (Islamic Development Bank - IDB) ကဲ့သို့သော ငွေကြေးပံ့ပိုးပေးတဲ့အဖွဲ့အစည်းတွေကလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ လုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု လျှော့ချဖြတ်တောက်ဖို့အထိ သဘောတူညီထားကြပါပြီ။

သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ ဗလီများဖြစ်လာဖို့ ဆော်သြထားပြီး ကမ္ဘာအဝှမ်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေမှာ စွမ်းအင်ချွေတာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။ ဗလီဝတ်ကျောင်းတော်များမှာ မီးချောင်းအစား LED မီးလုံးများကို ပြောင်းလဲတပ်ဆင်အသုံးပြုကြဖို့နဲ့ သဘာဝစွမ်းအင်ကို ပိုမိုအသုံးချကြဖို့ အကြံပြုထားပါတယ်။

အဆိုပါဆော်သြချက်ကို မွတ်စ်လင်မ်နိုင်ငံတွေက လှိုက်လှဲစွာနဲ့ ပူးပေါင်းပါဝင်နေကြပြီ ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံနဲ့ မော်ရိုကိုနိုင်ငံတွေကတော့ ထိပ်ဆုံးကနေ တက်ကြွစွာ ပါဝင်နေကြတာကြောင့် စံပြဖြစ်နေပါတယ်။

ဗလီပေါင်း ၆၃၀၀ ကျော်ရှိတဲ့ ဂျော်ဒန်နိုင်ငံမှာ ဗလီပေါင်း ၄၀၀ ကျော်ဟာ လက်ရှိ ဆိုလာစွမ်းအင်ကို ပြောင်းလဲအသုံးပြုနေပြီ ဖြစ်ပါတယ်။

ထို့အတူ ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင်ထုတ် လုပ်ငန်းကြီးရှိတဲ့ မော်ရိုကိုနိုင်ငံမှာလည်း လာမယ့် ၂၀၁၉ ခုနှစ်ကို နောက်ဆုံးထားပြီး ဗလီပေါင်း ၆၀၀ ကျော်ကို ဆိုလာစွမ်းအင် တပ်ဆင်အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာတော့ ဗလီပေါင်း ၁၀၀ ကျော်ဟာ ဆိုလာစွမ်းအင် အသုံးပြုပြီး ဖြစ်မှာပါ။ အဆိုပါ ဆိုလာစွမ်းအင်အသုံးပြုမှုရဲ့ ကုန်ကျစရိတ် ၇၀% ကို မော်ရိုကိုအစိုးရရဲ့ အစ္စလာမ့်ရေးရာဝန်ကြီးဌာနနဲ့ ဂျာမဏီအစိုးရတို့က ပံ့ပိုးကူညီပေးထားကြတာပါ။

هُوَ ٱلَّذِى جَعَلَكُمْ خَلَٰٓئِفَ فِى ٱلْأَرْضِ ۚ فَمَن كَفَرَ فَعَلَيْهِ كُفْرُهُۥ ۖ وَلَا يَزِيدُ ٱلْكَٰفِرِينَ كُفْرُهُمْ عِندَ رَبِّهِمْ إِلَّا مَقْتًا ۖ وَلَا يَزِيدُ ٱلْكَٰفِرِينَ كُفْرُهُمْ إِلَّا خَسَارًا
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ကမ္ဘာမြေ၌ ရိုက်ရာဆက်ခံသူများအဖြစ် ပြုလုပ်တော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ကျေးဇူးကန်းခဲ့ပါမူ ၎င်း၏ကျေးဇူးကန်းမှု (၏အပြစ်) သည် ၎င်း၏ အပေါ်၌သာ ကျရောက်ပေမည်။
ကျမ်းတော်မြတ်ကုရ်အာန် - စတင်ဖန်ဆင်းတော်မူသောအရှင်ကဏ္ဍ (၃၅း၃၉)

إِنَّ ٱللَّهَ يَأْمُرُ بِٱلْعَدْلِ وَٱلْإِحْسَٰنِ وَإِيتَآئِ ذِى ٱلْقُرْبَىٰ وَيَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ وَٱلْبَغْىِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာ ကျင့်မူ ဆက်ဆံရန် လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း အမိန့်ပေးတော်မူလေသည်။ ထိုမှတပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသော စက်ဆုပ်ရွံရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော်မူပေသတည်း။
ကျမ်းတော်မြတ်ကုရ်အာန် - ပျားကောင်ကဏ္ဍ (၁၆း၉၀)

ကိုးကား » Al-Jazeera
တင်ပြသူ » နူးရ်ခါန်း © အလင်းမျက်ဝန်း

မော်ရိုကိုမှ ဗလီဝတ်ကျောင်းတစ်ခုတွင် သဘာဝအလင်းရောင်ဖြင့် အလင်းရောင်ရရှိအောင် ဆောင်ရွက်ထားပုံ (ဓာတ်ပုံ - အင်တာနက်)