အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရဗ်မွတ်စ်လင်မ်တွေဟာ ကမ္ဘာအတွက် ခြိမ်းခြောက်တဲ့ ဖြစ်တည်မှုအသွင်မျိုး ထုတ်ဖော်ဖို့ ကြိုးစားအားထုတ်လျက်ရှိတဲ့ အခုလိုကာလမျိုးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွင်း အရဗီဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာမှုတွေဟာ တိုးပွားနေပါတယ်။
ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ အရီဇိုးနားပြည်နယ်တက္ကသိုလ်က အရဗီဘာသာစကားသင်ကြားရေးကို တက္ကသိုလ်တွင်းမှာ တိုးချဲ့ဆောင်ရွက်မယ်လို့ ကြေညာလိုက်ပါတယ်။ အရဗီဘာသာစကားနယ်ပယ်အတွက် တက္ကသိုလ်ဘွဲ့အသစ်တစ်ခုကိုတောင် သတ်မှတ်ပြဌားန်လိုက်ပါတယ်။
အဆိုပါ တက္ကသိုလ်ဟာ အရဗီသင်ကြားရေးကို လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့အတွက် (Arabic Flagship Program) ဆိုတဲ့ ပရိုဂရမ်တစ်ခုကို စီစဉ်ထားပါတယ်။
ဒီအစီအစဉ်အရ ကျောင်းသားတွေဟာ ပြည့်စုံတဲ့ အရဗီသင်တန်းတွေကို တက်ရောက်နိုင်ကြမှာဖြစ်ပြီး အရဗီဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်ဖို့အတွက် အရဗီစကားပြောတဲ့နိုင်ငံတွေမှာ တစ်နှစ်တာ သွားရောက်လေ့လာသင်ယူခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်နဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှုးဖြစ်သူ စိုနီယာရှီရီက အခုလို ရှင်းပြပါတယ်။
“ အရဗီဘာသာရပ်မှာ အထူးဘွဲ့ရယူနိုင်ဖို့ စီစဉ်ပေးရတဲ့အဓိက အကြောင်းရင်းကတော့ Arabic Flagship အစီအစဉ်ကို လာတက်ကြတဲ့ ကျောင်းသူတွေ ကျောင်းသားတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အရဗီစာပေနဲ့ ပတ်သက်တဲ့ တရားဝင် ဘွဲ့လက်မှတ်တွေ ရယူဖို့ လိုလားနေကြပါတယ်။ Arabic Flagship အစီအစဉ်ဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ပညာရေးကဏ္ဍကနေ ထောက်ပံ့ကြေး ရရှိပါတယ်။ ဒါဟာ ဖက်ဒရယ်နဲ့ဆိုင်တဲ့ ပဏာမခြေလှမ်းဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်က ကမ္ဘာမှာ အလွန်အရေးပါတဲ့ ဘာသာစကားတွေကို သင်ယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား လုံခြုံရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုအတွက် အမျိုးသားရေးစွမ်းအင်တွေကို မြှင့်တင်ပေးဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ ”
အရီဇိုးနားပြည်နယ်တက္ကသိုလ်ဟာ (Arabic Flagship ) အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိတဲ့ တက္ကသိုလ်(၅)ခုအနက်က တစ်ခုဖြစ်ပါတယ်။
အမေရိကန်လေတပ်နှင့်အရဗီဘာသာစကား
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနဟာ အနာဂတ်မှာ စစ်တပ်က တပ်ကြပ်ကြီးတွေကို ဘာသာစကားကျွမ်းကျင်အောင်လုပ်ဖို့ ပဏာမခြေလှမ်းသစ်ကို စတင်လိုက်ပါတယ်။
အရီဇိုးနားတက္ကသိုလ်မှာ တပ်ကြပ်တွေကို သင်တန်းပေးရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဘရိုင်ယာန်ဒိုနာယူက အရဗီသင်တန်းလျှောက်လွှာမှာ အခုလို ရေးသားဖော်ပြခဲ့ပါတယ်။
“ အရဗီစကားကို ကောင်းမွန်စွာ ပြောနိုင်ခြင်းဟာ အမေရိကန် လေတပ်ထဲဝင်ဖို့ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဌာနမှာ အလုပ်ဝင်ဖို့ အလွန့်အလွန် လိုအပ်နေတဲ့ အရည်အချင်းတစ်ခုပါပဲ။ ”
သူက အခုလို ပြောကြားသွားပါသေးတယ်။
“ အရီဇိုနားတက္ကသိုလ်မှာ အရဗီဘာသာစကား အထူးပြုသင်တန်း ရှိနေခြင်းဟာ တော်တော့်ကို အကျိုးရှိစေပါတယ်။ ”
အမေရိကန်နိုင်ငံတစ်ဝှန်းမှာရှိတဲ့ အခြားတက္ကသိုလ်က ကျောင်းသားတွေဟာလည်း အရဗီဘာသာစကားကို စတင်လေ့လာလိုက်စားခဲ့တာ ကြာပါပြီ။
အီလီနွိုက်တက္ကသိုလ်ကလည်း ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ကျောင်းသားရေးရာ သတင်းစာမျက်နှာမှာ အခုလို ကြေညာခဲ့ပါတယ်။
“ တက္ကသိုလ်အနေနဲ့ အရဗီဘာသာစကား သင်ကြားပို့ချဖို့အတွက် သင်တန်း(၅)ခုအထိ တိုးချဲ့ခဲ့ပါတယ်။ ဒီသင်တန်းမှာ လာတက်တဲ့ ကျောင်းသားဦးရေဟာ ၂၀၁၀-ခုနှစ်ကထက် (၃)ဆလောက် တိုးမြှင့်သွားခဲ့ပါတယ်။ ”
Tulane University ကလည်း ဒီလမတိုင်မီကပဲ အခုလို ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါသေးတယ်။
“ တက္ကသိုလ်အနေနဲ့ အရဗီဘာသာရပ်ဌာနမှာ ဝင်ရောက်လာသူတွေ များပြားလာတဲ့အတွက် အရဗီဘာသာအထူးပြုဘွဲ့ကို မကြာခင်မှာ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ”
Inews-032/2/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။