May 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကုလားဆိုတဲ့ အသုံးအနှုန်းပါဝင်တဲ့ Post တွေ ဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေကို တင်ခဲ့တဲ့ Account တချို့လည်း အပိတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် မွတ်စ်တွေကို နှိမ်ချခေါ်ဝေါ်လေ့ရှိတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို Facebook က ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကားဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေရှိနေချိန်မှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါး ရှိနေတဲ့ Facebook ဟာ မြန်မာနိုင်ငံအပါအဝင် အခုလိုဆောင်ရွက်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ NGO အဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုတွေကို ပြုလုပ်ခဲ့တာလို့ Facebook က ပြောကြောင်း Online media ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Mashable ရဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။

မှားယွင်းသွားကြောင်း သိခဲ့ပြီးနောက် အမှားပြင်နိုင်ဖို့ အမြန်ဆုံးကြိုးစားခဲ့ကြောင်းနဲ့ နောက်ထပ်ဒီလိုအမှားမျိုးတွေ ထပ်ဖြစ်မှာ မဟုတ်ဘူးလို့ Facebook ပြောခွင့်ရသူက Mashable သတင်းကို ပြောခဲ့တာကို ကိုးကားရေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းကစလို့ မွတ်စ်လင်မ်တွေအပေါ် အမုန်းပွားရေးသားမှုတွေကို လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ယက်အသုံးပြုသူ ၁၀ သန်းကနေ ၁၅ သန်းအထိ ရှိတယ်လို့ Telecom ဆက်သွယ်ရေး လုပ်ငန်းတွေက ခန့်မှန်းထားကြပါတယ်။

အဆိုပါစကားလုံးသုံးစွဲခဲ့တဲ့အတွက် Follower ပေါင်း ၈ သောင်းနီးပါးရှိတဲ့ အလင်းမျက်ဝန်း ဖေ့စ်ဘွက်စာမျက်နှာ (www.facebook.com/alinmyetwyun/) ကိုလည်း မေလ (၂၈) ရက်နေ့ ညပိုင်းက (၁) နာရီခန့် ပိတ်ပင်ခံခဲ့ရပါတယ်။

ခေဋီဈက်ဥိုရဲ့ ကျော်ကြားတဲ့ “ ရင်နင့်ဖွယ် အကြွေပန်း (၆) ပွင့် ” ဝတ္ထုအတွင်းမှာ အဆိုပါစကားလုံး ၆ ခု ပါဝင်နေတာကြောင့် ၎င်းဝတ္ထုကို အလင်းမျက်ဝန်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်မှ အပြီးအပိုင် ဖယ်ရှားခံလိုက်ရတဲ့အပြင် စာမျက်နှာကိုလည်း ခေတ္တပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်၊ မေလက တောင်ငူမြို့မှာ မွတ်စ်လင်မ်တွေကို အကြမ်းဖက်တဲ့ဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူ မွတ်စ်လင်မ်မိသားတစ်စုအကြောင်းကို ရေးဖွဲ့ထားတဲ့ ၎င်းဝတ္ထုတိုကို မေလ (၁၆) ရက်နေ့က အလင်းမျက်ဝန်း စာမျက်နှာမှာ တင်ပြခဲ့ပြီး ဖယ်ရှားခံရတဲ့ မေ (၂၈) ရက်နေ့အထိ စုစုပေါင်း (၁၂) ရက်အတွင်း မျှဝေမှု (၁၅၀၀) ကျော်နဲ့ လာရောက်ဖတ်ရှုသူပေါင်း (၂) သိန်းခန့်အထိ ရှိခဲ့ပါတယ်။

Mnews-03/5/17 © အလင်းမျက်ဝန်း | ကိုးကား » VOA Burmese



မြင့်မြတ်တဲ့ ရမ္မဿွာန်လမြတ်ကြီးအကြောင်းကို ဂုဏ်ပြုသီဆိုထားတဲ့ အဆိုတော် မဟာရ်ဇီန်ရဲ့ ရမ္မဿွာန်သံစဉ်လေးကို အလင်းမျက်ဝန်းမှ မြန်မာစာသားနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

ENTM-01/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/owS03lD0Ku0
[/info]


ဟစ်ဂ်ျရီ ၁၄၃၈ ခုနှစ်၏ မြင့်မြတ်သည့် ရမ္မသွာန်လမြတ် (၁) ရက်နေ့သည် ၂၈-၅-၂၀၁၇ (တနင်္ဂနွေ) နေ့တွင် စတင်မည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဗဟိုလကြည့်စိစစ်ရေးကော်မတီမှ သတင်းထုတ်ပြန်လိုက်ပါသည်။

သတင်းထုတ်ပြန်ချက်ကို အိုလမာအဖွဲ့ချုပ်၏ ဓမ္မသတ်မှူးချုပ်ဖြစ်သူ ဆရာသခင်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာမှ လက်မှတ်ရေးထိုးပြီး စာအမှတ် (အ.ဖ/၀၅၄/၂၀၁၇) ဖြင့် ယနေ့ (၂၆-၅-၂၀၁၇) တွင် သတင်းထုတ်ပြန်ကြေငြာပေးခဲ့ခြင်း ဖြစ်ပါသည်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စ်လင်မ်များအနေဖြင့် နက်ဖန် (၂၇-၅-၂၀၁၇) ည အိရှာနမားဇ်အပြီးမှာတော့ သရာဝီဟ်နမားဇ်ကို စတင်ဖတ်ကြရမှာ ဖြစ်ပါတယ်။

Mnews-02/5/17 © အလင်းမျက်ဝန်း


 (မေးခွန်း-၁) 
ကျနော်က ထိုင်းနိုင်ငံကို ရောက်နေတာပါ။ ဒီကဗလီတချို့ရဲ့အမျိုးသားသုံး အိမ်သာတွေမှာ မတ်တပ်ရပ်ပြီး စွန့်ရတဲ့ ဆီးခွက်တွေ မြင်ရပါတယ်။ ကျနော်တို့ ငယ်ငယ်ကတည်းက သိတာကတော့ ဆီးသွားရင် ထိုင်ပြီးသွားရတယ်လို့ပဲ သိထားပါတယ်။ ဒီမှာကလည်း ဗလီတွေမှာကို အဲ့ဒီလိုမြင်ရတော့ ဇဝေဇဝါ ဖြစ်မိလို့ပါ။ အဖြေကို မျှော်နေပါမယ်ဗျာ။
မိုဟမ္မဒ် မူစာ (ဘန်ကောက် မင်ဘူရီ)
 (အဖြေ-၁) 
  • မတ်တတ်ရပ်ပြီး ကျင်ငယ်စွန့်တာက ဟရာမ် မဟုတ်ပါဘူး။
  • ဒါပေမဲ့လည်း စွန္နသ်တော်အရကတော့ ထိုင်ပြီး ကျင်ငယ်စွန့်ခြင်းပါ။ မိခင်မွန် အာအိရှဟ် (رضي الله ﺗﻌﺎﻟﯽٰعنها) ရဲ့ အဆိုအရ ပြောပြခြင်းပါ။ မိခင်မွန်ကြီးက မိန့်ကြားပါတယ်။ “ အကြင်မည်သူမဆို တမန်တော်မြတ် (ﷺ) ဟာ မတ်တတ်ရပ်ပြီး ကျင်ငယ်စွန့်တော်မူတယ်လို့ ပြောပြလာရင် အသင်တို့ သူ့စကားကို မထောက်ခံကြလေနဲ့။ ကိုယ်တော်မြတ်ဟာ ထိုင်ပြီးတော့ပဲ ကျင်ငယ်စွန့်တော်မူလေ့ရှိတယ်။ ” (သိရ်မိဇီကျမ်း)
ထိုင်ပြီးကျင်ငယ်စွန်တာဟာ ပိုပြီးတော့ လုံခြုံမှု ရှိပါတယ်။ ကျင်ငယ်စက်တွေ လွှင့်စင်ခြင်းကနေလည်း ပိုပြီးထိန်းသိမ်းရာ ရောက်ပါတယ်။
 (မေးခွန်း-၂) 
ဗေသင်တွေကို လှူဒါန်းတာဟာ အာခိရသ်အတွက် အကျိုးဖြစ်ထွန်းစေပါသလား? အလင်းမျက်ဝန်းကို အမြဲအားပေးနေပါတယ်နော်။
ဟာဂျီမ စလ်မားဘီ (မြစ်ကြီးနား)
 (အဖြေ-၂) 
  • ဗုခါရီကျမ်းလာ ဆင့်ပြန်ချက်တစ်ခုမှာ စွတ်စိုတဲ့အသည်းရှိတဲ့ သတ္တဝါတိုင်းကို လှူဒါန်းခြင်းဟာ အကျိုးဆဝါဗ် ရရှိပါတယ်လို့ မိန့်ထားပါတယ်။
  • ဒါကြောင့် ဗေဒီးန် (အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ ဘာသာခြား) ကို လှူဒါန်းခြင်းဟာလည်း သူတို့ရဲ့ဘာသာရေးပွဲလမ်းကို အားပေးအားမြောက်ရာ ပြုလုပ်ခြင်း မဟုတ်ဘဲ လူသားချင်း စာနာတဲ့အနေနဲ့ လှူဒါန်းတာဖြစ်ခဲ့ရင် အာခိရသ်ရဲ့ အကျိုးလည်း ဖြစ်ထွန်းစေပါလိမ့်မယ်။ ان شاء الله ﺗﻌﺎﻟﯽٰ
အလင်းမျက်ဝန်းကို အားပေးနေတဲ့ဟာဂျီမကိုလည်း အထူးကျေးဇူးတင်ပါတယ်။
 (မေးခွန်း-၃) 
ဂျမာအသ်နဲ့ နမားဇ်ဖတ်တဲ့အခါ ဆရာက စူရာဟ်ဖွာသိဟဟ်ဖတ်ပြီးတဲ့အခါ အာမီးန်ဆိုပြီး လူတစ်ချို့ အသံကျယ်ကျယ်နဲ့ အော်ဆိုကြတာ တွေ့ရပါတယ်။ အဲ့ဒါကို နားမလည်လို့ပါ။ လိုက်ဆိုရမှာလား၊ မဆိုရဘူးလားဆိုတာ မသိလို့ ရှင်းပြပေးပါ။
ဦးသန်းအောင် (ပုရွက်ဆိတ်ကုန်း)
 (အဖြေ-၃) 
  • အိမာမ်က ولا الضالين လို့ ဆိုရင် အသင်တို့က အာမီန်းလို့ ဆိုကြပါလို့ ကိုယ်တော်မြတ် (ﷺ) မိန့်ကြားတော်မူထားပါတယ်။ ဒါကြောင့် အာမီန်း ဆိုရပါမယ်။
  • နောက်ပြီး ဘယ်သူရဲ့ အာမီးန်ဟာ ကောင်းကင်တမန်တော်တွေရဲ့ အာမီန်းနဲ့ တိုက်ဆိုင်သွားခဲ့ရင် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းခံရမယ်လို့လည်း လာရှိထားပြန်ပါတယ်။
  • ကျနော်တို့က ဟနဖီမဇ်ဟဗ်ဝင်တွေဖြစ်ကြတဲ့အတွက် အာမီးန်ကို အသံတိုးတိုးလေးပဲ ဆိုဖြစ်ကြပါတယ်။
  • တခြားမဇ်ဟဗ်ဝင်များကတော့ အာမီးန်ကို ကျယ်ကျယ် ဆိုကြပါတယ်။


သီရိလင်္ကာနိုင်ငံ တလွှားမှာ အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းတွေ ဆက်တိုက်ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့အပေါ် ချက်ခြင်း အရေးယူကိုင်တွယ်ပါဆိုပြီး သီရိလင်္ကာ အစိုးရကို အမေရိကန်က တိုက်တွန်းနေပါတယ်။

ကျူးလွန်သူတွေကို ဥပဒေအရ အမြန်ဆုံး အရေးယူဖို့ သီရိလင်္ကာဆိုင်ရာ အမေရိကန် သံအမတ်က ဆော်ဩထားပါတယ်။

ဝတ်ပြုကိုးကွယ်ရာ နေရာတွေကို တိုက်ခိုက်မှုဟာ အင်မတန် အထင်သေး စက်ဆုတ်ဖွယ် ဖြစ်တယ်လို့လည်း အမေရိကန် သံအမတ် အာထူးလ် ကက်ရှပ်က ဆိုပါတယ်။

ဗလီတွေ အတိုက်အခိုက် ခံနေရတာမှာ အခု လတ်တလော ဖြစ်လာခဲ့ပြန်တာကတော့ မနေ့ တနင်္ဂနွေနေ့ကပဲ အနောက်မြောက်ပိုင်းက ကူရွန်နားဂလာ ဆိုတဲ့မြို့မှာ ဗလီထဲ လက်လုပ် ဓာတ်ဆီပုလင်းဗုံးတွေ ပစ်သွင်းခံခဲ့ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓ (၇၀%)၊ ဟိန္ဒူ (၁၂.၅%)၊ မွတ်စ်လင်မ် (၁၀%)၊ ခရစ်ယာန် (၇.၅%) အသီးသီးနေထိုင်ပြီး စုစုပေါင်းလူဦးရေ သန်း (၂၀) ကျော် ရှိပါတယ်။

Inews-06/5/17
ကိုးကား » BBC Burmese



ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ဘုရင်မင်းတရားကြီး စလ်မားန်ဘင်အဗ္ဗဒွလ်အဇီးဇ်က သောက်စရာအား ဘယ်လက်နဲ့သောက်ဖို့လုပ်နေတဲ့ အမေရိကန် သမ္မတကြီး ဒေါ်နယ်ထရမ့်ကို ဘယ်လက်နဲ့မသောက်ရဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် သမ္မတကြီး ဒေါ်နယ်ထရမ့်ဟာ ချက်ချင်းပဲ ညာလက်နဲ့ပြောင်းပြီး သောက်သုံးလိုက်တဲ့ ရုပ်သံဖိုင်တစ်ခုဟာ ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပါတယ်။

အဆိုပါရုပ်သံဖိုင်ကို အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ့် ဒီဗိတ်ပညာရှင် ဒေါက်တာဇာကစ်ရ်နိုက်အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွက်အကောင့်ကနေ အခုလို ရေးသားပြီး ရုပ်သံဖိုင်နဲ့အတူ ပူးတွဲကာ ဖော်ပြခဲ့ပါတယ်။

“ ဘုရင်စလ်မားန်ဟာ မစ္စတာထရမ့်ကို ညာလက်နဲ့သောက်သုံးဖို့ ပြောလိုက်တာနဲ့ သူဟာ ချက်ချင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် မွတ်စ်လင်မ်တွေကတော့ ဒီစွန္နသ်နည်းလမ်းလေးတစ်ခုကို လိုက်နာဖို့ ခက်ခဲနေတာကို တွေရှိရပါတယ်။ ဘာကြောင့်များပါလဲ..? ”

Inews-05/5/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/HtQG9l8AIss
[/info]

မကြာမီ ကျရောက်တော့မယ် မွတ်စ်လင်မ်တို့ရဲ့ ရမ္မဇာန်လမြတ်ကို ဂုဏ်ပြုကြိုဆိုဖို့ စင်္ကာပူအစိုးရဟာ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မနေ့ညပိုင်းကပဲ မိန်းလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးရောင်စုံကို ၂.၂၅ ကီလိုမီတာ (၁မိုင်ခွဲနီးပါး) အရှည်လောက်အထိ အလှဆင်ထွန်းညှိထားတဲ့ Hari Raya Light Up 2017 မီးထွန်းပွဲတော်ကြီးကို တာဝန်ရှိသူတွေတက်ရောက်ပြီး တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

မွတ်စ်လင်မ်တို့ရဲ့ အီးဒ်ပွဲတော်ကို Hari Raya လို့ စင်္ကာပူနိုင်ငံမှာ ခေါ်ဝေါ်သုံးစွဲတာကြောင့် Hari Raya Light Up 2017 ဆိုတဲ့အမည်ပေးပြီး ရမသွာန်ဥပုဒ်လအပြီး ကျရောက်မယ့် ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အီးဒ်ပွဲတော်အထိမ်းအမှတ် မီးအလှဆင်ပွဲတော်ကို မေ (၂၀) မှစ၍ ဇူလိုင် (၇) ရက်အထိ နေ့စဉ်ဖွင့်လှစ်ထားမယ်လို့ အာဏာရပါတီရဲ့ လူမှုကွန်ယက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါပွဲတော်ဖွင့်ပွဲကို စင်္ကာပူနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် ဦးဆောင်ပြီး လူမှုရေးနှင့်မိသားစုဖွံ့ဖြိုးရေးဝန်ကြီး၊ မရိန်းပရိုက်ရပ်ကွက်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အခြားသော ပါလီမန်အမတ်များစွာတို့က တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိအာဏာရပါတီ PAP ရဲ့ ဒုတိယဥက္ကဋ္ဌကြီးဖြစ်တဲ့ Chan Chun Sing ကလည်း The Pertapis Care and Share လို့ ခေါ်တွင်တဲ့ နှစ်စဉ်ရမသွာန်လမတိုင်မီ ပြုလုပ်လေ့ရှိတဲ့ အလှူဒါနပွဲတော်ကြီးကို တက်ရောက်ပြီး နိုင်ငံတွင်းမှ လူမျိုး/ဘာသာစုံ အသက်ကြီး ဝင်ငွေနည်းမိသားစုတွေကို အလှူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဂျိုချက် complex ရဲ့ ကုန်သည်များအသင်းနဲ့ အခြားသော အလှူဒါနပြုကြတဲ့ အဖွဲ့အစည်းများစွာကလည်း ဒီလှူဒါန်းပွဲကြီးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

“ ကျနော်တို့အားလုံး အခုလို အတူတကွ လက်တွဲပြီး တစ်သားတည်းသော လူ့အဖွဲအစည်းအနေနဲ့ လူမျိုး/ဘာသာ/သာသနာဆိုပြီး ခွဲခြားမှုမရှိဘဲ အမြဲရပ်တည်နေမယ်ဆိုရင် ဘယ်လိုမျိုး အခက်အခဲတွေပဲ ကြုံလာရပါစေ စင်္ကာပူနိုင်ငံတော်ကြီးကို ဒီ့ထက်ပိုကောင်းအောင် တည်ဆောက်နိုင်ကြအုံးမှာ ဖြစ်ပါတယ် ” လို့ Minister Chan Chun Sing ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြသွားပါတယ်။

သတင်း » ကိုကျော်ဇေယျ
Inews-04/5/17 © အလင်းမျက်ဝန်း | ကိုးကား » PAP Official Page



အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ အတ်စမ်ဒေသက ကျေးရွာတစ်ရွာမှာ မျက်လုံးတစ်လုံးသာပါရှိတဲ့ ဆိတ်ကလေးတစ်ကောင် မွေးဖွားခဲ့ပါတယ်။

ဟိန္ဒူကျမ်းလာ နတ်တစ်ပါးကဲ့သို့ မျက်လုံးတစ်လုံးသာ ပါရှိတဲ့၎င်းဆိတ်ကလေးကို ဒေသတွင်းမှ ဟိန္ဒူလူမျိုး အများအပြားက လာရောက်ကြည့်ရှုပြီး လိုရာဆုတောင်းခြင်း၊ လာဘ်လာဘကောင်းစေရန် အဆောင်အယောင်များကို ဆိတ်ကလေးနဲ့ ထိတို့ခြင်းများ ပြုလုပ်ကြပြီး ဆိတ်ကလေးအတွက် အလှူငွေများနဲ့ စားသောက်ဖွယ်ရာတွေကို လှူဒါန်းခြင်းတွေ ပြုလုပ်ကြပါတယ်။

မျက်တစ်လုံးစိန် ဆိတ်ကလေးဟာ မျိုးရိုးဗီဇချို့ယွင်းချက်ကြောင့် ယခုလို နဖူးအလယ်မှာ မျက်လုံးတစ်လုံးသာ ပါဝင်ပြီး ရှားရှားပါးပါး မွေးဖွားခဲ့တာဖြစ်တဲ့အပြင် သက်ဆိုးမရှည်နိုင်ဘူးလို့လည်း ပညာရှင်တွေက သုံးသပ်ပါတယ်။

ဆိတ်ကလေးရဲ့ပိုင်ရှင်ကတော့ အဆိုပါ မျက်တစ်လုံးစိန်လေးကို ကောင်းစွာကြီးပြင်းလာအောင် ဂရုစိုက်ပြီး မွေးမြူသွားမယ်လို့ ဆိုပါတယ်။

ဆိတ်ကလေးဟာ အမဲရောင်လေးဖြစ်ပြီး အမြင်အာရုံ မှန်ကန်မှုရှိ၊ မရှိဆိုတာကိုလည်း အသေအချာ မသိရသေးဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

အိန္ဒိယ မွတ်စ်လင်မ်လူငယ်အချို့ကတော့ ၎င်း(၆)ရက်သား ဆိတ်ကလေးရဲ့ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ ဒဂျာလ်ဆိတ်လို့ ရေးသားပြီး ဝေမျှနေကြပါတယ်။

GKM-01 © အလင်းမျက်ဝန်း | ကိုးကား » YouTube
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/jK1mfZV1r4M
[/info]


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ဗွေဆော်ဦးနိုင်ငံခြားခရီးစဉ်အဖြစ် အာရဗ်နိုင်ငံများကို စတင်ထွက်ခွါခဲ့ပါတယ်။

ယနေ့ နံနက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ မြို့တော်ရီယဒ်ကို Air Force 1 လေယာဉ်နဲ့ ဆိုက်ရောက်ခဲ့ပြီး ဆော်ဒီနိုင်ငံရဲ့ ဘုရင်မင်းတရားကြီး စလ်မားန်ဘင်အဗ္ဗဒွလ်အဇီးဇ်က ကော်ဇောနီခင်းကျင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဆော်ဒီနိုင်ငံသို့ သမ္မတဒေါ်နယ်ထရမ့် ရောက်ရှိချိန်နဲ့ချိန်ကိုက်ပြီး ညီလာခံများ၊ ဆွေးနွေးပွဲများနဲ့ စီးပွားရေးစာချုပ်လက်မှတ်ရေးထိုးပွဲများကိုလည်း အသီးသီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နက်ဖန်တနင်္ဂနွေနေ့မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ မွတ်စ်လင်မ်တွေ ယခုထက်ပိုမိုပြီး ပါဝင်ပေးကြဖို့အတွက် စည်းရုံးရေးမိန့်ခွန်းတစ်ခုကိုလည်း ပြောဆိုမယ်လို့ သိရပါတယ်။

ကမ္ဘာ့မွတ်စ်လင်မ်ထုရဲ့ လေးစားမှုကိုရရှိတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံကို သမ္မတသစ်တစ်ဦးရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ရွေးချယ်မှုဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော သမိုင်းသစ်စာမျက်နှာလည်း ဖြစ်ပါတယ်။

Inews-03/5/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


ဗြိတိသျှတော်ဝင်မင်းသားဟယ်ရီဟာ လာမယ့်ဇွန်လအတွင်းမှာ ကျရောက်မယ့် အစ္စလာမ်ဘာသာရဲ့ လမြတ်ရမသွာန်ဥပုဒ်လအချိန်အခါနဲ့ တိုက်ဆိုင်ပြီးတော့ စင်္ကာပူနိုင်ငံက မွတ်စ်လင်မ်တွေနဲ့အတူ လာရောက်ပြီး အတူတကွ ဝါဖြေမယ်လို့ ကန်စင်တန်နန်းတော်က မေ(၁၈)ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မင်းသားဟယ်ရီရဲ့ တွစ်တာအကောင့်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

မင်းသားဟယ်ရီဟာ ယခုဝါဖြေခရီးစဉ်အတွင်း HIV/AIDS ဝေဒနာသည်များအား ကူညီအားပေးခြင်းများကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

Inews-02 © အလင်းမျက်ဝန်း | ကိုးကား » CNA

 (မေးခွန်း-၁) 
မဇီပေတဲ့ ပုဆိုးနဲ့ ရေဝတ်ချိုးလို့ ပိုင်ပါလား?
အိုကာရှား (သထုံ)
 (အဖြေ-၁) 
  • မဇီဟာ မသန့်ဖြစ်တဲ့အတွက် ပေကျံနေတဲ့နေရာကို ဆေးကြောလျှော်ဖွပ်ပြီးမှသာ အဲဒီပုဆိုးနဲ့ ရေဝတ်ချိုးလို့ ရပါမယ်။
 (မေးခွန်း-၂) 
သောကြာနေ့ ခွသ်ဗာဖတ်ပြီးတဲ့အခါ ဖတ်ကြားတဲ့ဆရာ မင်ဗရ်ပေါ်ကနေ အောက်ဆုံးထစ်မရောက်သေးဘဲ ဂျမာအသ်က မတ်တပ်ထမရပ်ရဘူးဆိုတာ ကြားဖူးပါတယ်။ ဟုတ်ပါသလား?
ဟာဖီးဇ် ရဟ်မသွလ္လာဟ် (တောင်ငူ)
 (အဖြေ-၂) 
  • မုက္ကသဒီ နောက်လိုက်တွေဟာ အိကာမသ် စတင်ဆိုတဲ့အခါ (သို့မဟုတ်) ဟိုင်ယအလတ်စွ် စွလာဟ် ဆိုတဲ့အခါ (သို့မဟုတ်) ကဒ်ကာမသိစွ် စွလာဟ် ဆိုတဲ့အခါ စသဖြင့် အချိန်ရောက်တဲ့အခါမှသာ စွလာသ်အတွက် မတ်တတ်ရပ်ကြပါလို့ လာရှိထားတဲ့အတွက် သောကြာနေ့ ခွသ်ဗာဖတ်ပြီးတဲ့အခါ ဖတ်ကြားတဲ့ဆရာ မင်ဗရ်ပေါ်ကနေ ဆင်းပြီးတော့မှ မတ်တတ်ရပ်တာ ပိုကောင်းပါတယ်။
 (မေးခွန်း-၃) 
သမီးက အလင်းမျက်ဝန်းကို အမြဲအားပေးနေတဲ့ ပရိသတ်တစ်ဦးပါ။ တစ်ခုလောက် မေးမြန်းချင်ပါတယ်။
အိမ်သာတက်တဲ့အခါမှာ တစ်ခါတစ်ရံ အိမ်သာခွက်ထဲက ရေက ပြန်စင်တတ်တာမျိုး ဖြစ်ခဲ့ရင် မသန့်ဖြစ်ပါသလား? မသန့်ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ရှင်းပြပေးပါရှင်။ အလင်းမျက်ဝန်းကဆရာသခင်များကို အလ္လာဟ်အစား ပေးပါစေနော်။
သက်သက် (ညောင်လေးပင်)
 (အဖြေ-၃) 
  • အိမ်သာခွက်ထဲကရေဟာ ကျင်ငယ်၊ ကျင်ကြီးကြောင့်ပဲ ပြန်စင်တာမျိုးဖြစ်တဲ့အတွက် စင်ခဲ့ရင် ရေဆေးလိုက်ရပါမယ်။
အလင်းမျက်ဝန်းကို အမြဲအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒိုအာအတွက် အာမီးန်ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုရ်အာန်စွမ်းရည်ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကာရီမလေး



မေလ (၁၅) ရက် တနင်္လာနေ့မှ စတင်ကာ မေလ (၂၀) ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ (၅၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နှင့် ရွတ်ဖတ်မှု စွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသမီးကာရီတစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ပူထရာမြို့တော် ကမာ့္ဘကုန်သွယ်ရေးအဆောက်အဦးအတွင်း ကျင်းပနေတဲ့ အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်းများစွာမှ ပြိုင်ပွဲဝင်များရဲ့ ယှဉ်ပြိုင်မှုကို နိုင်ငံတကာမှ ပညာရှင်များစွာက လာရောက်အကဲဖြတ်ပေးနေတာ ဖြစ်ပါတယ်။

၎င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် “ မသူဇာလွင် (ခ) မူဟ်ဆွာနာ ဘင်န်သိ ယူစွပ်ဖ် ” ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

MML-02/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/ZfcbYk-pvPM
[/info]

  • ၂၀၀၁ ခုနှစ်၊ မေလအလယ်ပိုင်းနေ့ရက်တစ်ခုရဲ့ မြန်မာစံတော်ချိန် (၃)နာရီလောက်မှာ...
  • ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်ပိတ်စ ခန္ဒာကိုယ်ပေါ် သိုင်းပတ်ထားတဲ့ လူတချို့နဲ့အတူ ဒုတ်၊ ဓား၊ ပုဆိန် အစရှိတဲ့ လူသတ်လက်နက် ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ထောင်နဲ့ချီတဲ့လူတွေ...
  • တောင်ငူမြို့၊ မန်းရပ်၊ ကန်တော်လမ်းမှာ တဖြည်းဖြည်း စုရုံး ရောက်ရှိလာပြီးနောက် နေအိမ်၊ တိုက်တာ၊ အဆောက်အဦးတွေကို အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီး လုယက်ကြပြီးနောက်...
  • နာရီဝက်ခန့်အကြာတွင် ဆက်လက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကြလေရာ…
“ ပါပါး မီးမီးတို့ ဒီရေကန်ကြီးထဲက ဘယ်တော့ အပြင်ကိုထွက်ရမှာလဲဟင် ”

“ ရှူးးး!းးး!းးး! မီးမီး အသံမထွက်နဲ့ တိတ်တိတ်နေ။ အောက်က အသံတွေကြားတယ်မလား။ ပါပါးတို့ကို သတ်ပစ်လိမ့်မယ်။ သူတို့လက်ထဲမှာ ဓားအကြီးကြီးတွေ ပါတယ်။ မကြောက်ဘူးလား။ ”

ဖခင်ဖြစ်သူက သုံးနှစ်မပြည့်သေးသောအရွယ် သမီးလေးကို လေသံတိုးတိုးဖြင့် ရင်ခွင်ထဲ ကျစ်လစ်စွာ ထွေးပိုက်ရင်း ပြောလိုက်သောကြောင့် ကလေးများ မျက်လုံးလေးများပြူးကာ ပေကလပ် ပေကလပ်လုပ်ရင်း ငြိမ်သွားကြလေတော့သည်။

ထိုအချိန်၌…

“ ဟေ့... ဓာတ်ဆီလောင်း မြန်မြန်လောင်းကြဟေ့ ”

မကြာခင် မီးစွဲလောင်သည့်အသံများ ကြားလာရပါပြီ။ မီးတင်ရှို့သည့် လောင်စာများမှာ သိပ်မကြာခင်က ရွာသွန်းထားသည့် သင်္ကြန်မိုး၏ မိုးရေများဖြင့် စွတ်စိုနေခြင်းကြောင့် အငွေ့တလူလူ ထွက်လာသည်။

“ မာမားကြီး သားသား ချောင်းချိုးချင်တယ်။ ဒီအုတ်ကန်ကြီးထဲမှာ နေချင်တော့ဘူး။ ပြင်ထွက်ချင်ပြီ။ မီးခိုးတွေရှိတယ်။ သားသား ချောင်းဆိုးချင်တယ်။ ”

“ အင်းပါသားရယ် မာမားတို့ ခဏနေဆို အပြင်ထွက်ရတော့မှာပါနော်။ အခုတော့ ချောင်းလဲ မဆိုးပါနဲ့နော်။ တော်ကြာ အပြင်က လူတွေ ကြားသွားလို့ မာမားတို့ကို မြင်သွားပြီး ဓားနဲ့ ခုတ်သတ်လိမ့်မယ် သားလေးရဲ့။ မာမားရဲ့သားသားလေးက လိမ္မာပါတယ်။ ခဏလေးပဲ စောင့်ပါနော်။ သားသားကြိုက်တဲ့ ချောကလက်တွေ ခဏနေ အပြင်ရောက်ရင် အများကြီးကျွေးမယ်နော်။ လိမ္မာပါတယ်ကွယ် ”

ကိုယ်ဝန်အရင့်အမာကို လွယ်ထားပြီး မွေးရက်စေ့ဖို့ တစ်လခန့်သာလိုတယ်လို့ ပါရဂူရက်ချိန်းပေးထားတဲ့ မိခင်ဖြစ်သူက သားဦးစုံတွဲ အမွှာမောင်နှစ်မရဲ့ အငယ်လူဖြစ်တဲ့ သားလေးကို စိတ်ကျေနပ်အောင် ချော့မြူလိုက်ပါတယ်။

သုံးနှစ်တောင် မပြည့်သေးတဲ့ သိပ်ချစ်ရတဲ့ သမီးနဲ့သား စုံတွဲအမွှာတွေဟာ အရွယ်နဲ့မလိုက်အောင် လိမ္မာတယ်။ ပြောတဲ့စကားတိုင်းကို လူကြီးတွေလို နားလည်လွယ်သလောက် သိပ်ပါးနပ်ကြပြီး အရိပ်အကဲ နားလည်တတ်တဲ့ ကျမဘဝရဲ့ ရှုမငြီးနိုင်တဲ့ ရင်သွေးလေးတွေပါ။ သူတို့ တီတီတာတာပြောနေတိုင်း အမြဲတမ်း ကြည့်မဝနိုင်ခဲ့ပါ။ ကျမရဲ့ ဘဝ၊ ကျမရဲ့ အသက်ကတော့ ဒီ သားနဲ့ သမီးတို့ပါပဲ။ အခုလဲ ဆံပင်ရှည်ရှည် ပါးဖောင်းဖောင်း၊ မျက်ခုံးကောင်းကောင်း၊ အသားကလေး ဖွေးနေတဲ့ သမီးချောလေးကို ကြည့်ပြီး မျက်ရည်တွေ စို့လာမိပါတယ်။ သမီးလေး မီးခိုးအငွေ့တွေကြောင့် သူပါးစပ်နဲ့နှာခေါင်းကို သူ့လက်ကလေးနဲ့ မလုံ့တလုံ ပိတ်ထားရှာပါတယ်။ ရုတ်တရက် ခင်ပွန်းကို သတိထားမိလိုက်ပါတယ်။ အရူးတစ်ယောက်လို အသံမထွက်ဘဲ တရှိုက်ရှိုက်နဲ့ ကလေးတွေ မမြင်အောင် ငိုနေရှာတာပါ။ သူ့ရဲ့လက်ကလေးတွေကို ကျမ ဖမ်းဆုပ်လိုက်ပြီး နှလုံးသားချင်း ဆက်သွယ်မိနေသလို တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေနဲ့ စကားတွေ ပြောနေမိပါတယ်။ မဖြစ်တော့ဘူး။ မီးခိုးတွေက သိပ်များလာပြီ။ သားနဲ့သမီးအတွက် ကျမတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး ဘာလုပ်ရမယ်ဆိုတာ မတိုင်ပင်နိုင်ခဲ့ပါဘူး။ အခုရှိနေတာက ကျမတို့အိမ်က ရေတိုင်ကီထဲမှာပါ။ တခြားအချိန်မှာဆိုရင် ကလေးတွေ မျက်နှာသစ် သွားတိုက်တဲ့အချိန်မှာတောင် ရေတွေစိုနေခဲ့တာနဲ့ အအေးမိ အဆုပ်ပွမှာစိုးလို့ အင်္ကျီလဲ၊ ရေသုတ် အလုပ်တွေကို ဂရုတစိုက်လုပ်ပေးခဲ့နိုင်ပေမယ့် အခုတော့ ဒီရေတိုင်ကီထဲက ရေတွေထဲမှာ သူတို့လေးတွေကို စိမ်ထားရသလို ဖြစ်နေပါပြီ။ ချစ်သားနဲ့သမီး အမွှာလေးတွေဟာ အရွယ်နဲ့ မလိုက်အောင် ရေတွေထဲမှာ နာရီပေါင်းများစွာကြာသည်အထိ စိမ်ထားခံကြရပြီး ကြောက်ရွံတာကြောင့် အသံပင် မထွက်ရဲလောက်အောင် ငြိမ်သက်နေကြရှာပါတယ်။ ကျမအတွေးတွေ ဟိုရောက် ဒီရောက်ဖြစ်နေတဲ့အချိန် ရုတ်တရက်မှာပဲ….

“ အဟွတ် အဟွတ် အဟွတ် ” မီးခိုးငွေ့တွေကြောင့် သားသားလေး မအောင့်နိုင်တော့ဘဲ ကလေးသံလေးနဲ့ တိုးတိုးလေး ချောင်းဆိုးလိုက်တဲ့အသံ ပေါ်ထွက်လာပါတော့တယ်။

ဒီအချိန်မှာပဲ ကျမ စိုးရိမ်စွာနဲ့ ပြင်ပကို သတိပြုမိလိုက်တော့ အသံတွေဟာ လွန်စွာ ဆူညံနေပါတယ်။

“ သာသနာ့အရေး ဒို့အရေး၊ သာသနာ့ကိစ္စ ဒို့ကိစ္စ၊ ဒို့သာသနာအဓွန့်ရှည်ဖို့ ကုလားများကို နှိမ်နင်းစို့ ”

“ အမျိုးဘာသာသာသနာ အောင်ရမည်... အောင်ရမည်... ”

“ ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ ”

“ ဝေးးးးးးးးးးးးးး၊ ရွှီးးးးးးးးး ဖြောင်း ဖြောင်း ဖြောင်း ” (လက်ခုပ်တီးသံများ)

“ ဖေ -ိုး မ ကုလားတွေ ” (အမျိုးသမီးများ၏ ဆဲဆိုသံများ)

“ ငါ -ိုးမ ကုလားတွေ၊ နှစ်မ -ိုး ကုလားတွေ ဟေးးးးး ကုလားတွေကို မျိုးဖြုတ်ကြ၊ ကုလားမှန်ရင် ကလေးတောင် အရှင်မထားကြနဲ့ ”

“ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့ဟေ့၊ အပြတ်ကို ရှင်းပစ်ကြ ”

“ ဟိုမှာ စတီးဂျိုင်လေးတစ်ခုပဲ၊ ကောက်ထား ကောက်ထား ”

“ ဟာ ဒီမှာ အားဆေးတစ်ပုလင်း အိတ်ထဲထည့်ထားလိုက် ”

“ ကိုရင် အဲ့နာရီလေး တပည့်တော်ကို စွန့်ပါ ”

“ ဟိတ် ဟိုမှာ ပိုက်ဆံတွေလားမသိဘူး အမြန်သွားယူ၊ အမြန်သွားလေ ”

“ ကုလားတစ်ယောက် ဒီဘက်ကို ပြေးသွားပါတယ် ဘုရား ”

“ လိုက်ကြဟေ့၊ တွေ့ရင် အရှင်မထားနဲ့၊ အပြတ်ရှင်းထည့်လိုက် ”

အစရှိတဲ့ ညာသံများ၊ ကြုံးဝါး ကြွေးကြော်သံများ၊ လုယက် ခိုးယူသံများနဲ့အတူ အရာဝတ္တုများ မီးလောင်ကျွမ်း ပျက်စီးနေခြင်းကြောင့် ထွက်လာသော ညှော်နံ့များဟာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေပါတယ်။

“ မာမား မီးမီး ဒီရေတွေထဲမှာ နေချင်တော့ဘူး။ ရေတွေ ပူလာပြီ။ အပြင်ထွက်ချင်တယ်။ လိုက်ပို့ပေးးးးးးးး ”

သမီးငယ်ရဲ့ ဂျီကျသံ တိုးတိုးလေး ထွက်ပေါ်လာချိန်မှာ ရုတ်တရက် ခင်ပွန်းဖြစ်သူ ကျမဘေးသို့ ပြုတ်ကျလာပါတယ်။ ကျမ အရမ်းကို ထိတ်လန့်သွားပြီး ခင်ပွန်းကို အကြိမ်ကြိမ် အသံမထွက်ဘဲ လှုပ်နှိုးနေမိတော့သည်။ အချိန် ဘယ်လောက် ကြာသွားသည် မသိ။ ကျမဘေးမှာ ထိုင်နေတဲ့ သားငယ်လေး ငြိမ်နေတာကိုလဲ ကျမ သတိပြုမိလိုက်ပါတယ်။ ကျမ ရင်ထဲက အပူမီးတွေ ဟုန်းဟုန်းတောက်လောင်ရလေပြီ။ ရေတွေက တဖြည်းဖြည်း ပွက်ပွက်ဆူလာပါတယ်။ သမီးငယ်လေး ဒုက္ခဒဏ်ကို မခံစားနိုင်သော်လည်း အသံမထွက်ရဲတာကြောင့် ကြိတ်၍ ငြိမ်နေရှာပါတယ်။

“ မာမား မီးမီး နေချင်တော့ဘူး။ အရမ်းပူတယ်။ အပြင်လိုက်ပို့ပေးပါနော်။ အဟင့် ဟီးးးးးးး ဟီးးးးးးး အီးးးးးးးးးးးးး ”

ကျမ ဘာလုပ်ရမှန်းမသိတော့ပါ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရပါတယ်။ ခင်ပွန်းလည်း အသက်မရှိတော့။ သားငယ်လေးလဲ အသက်မရှိတော့။ လောကမှာ ကျမအတွက် ဒီ သမီးငယ်လေးတစ်ယောက်သာ ကျန်ရှိပါတော့တယ်။ ဘာလုပ်ရမည်နည်း။ ဒီသမီးငယ်လေးကို ပွေ့ချီပြီး ရောက်နေတဲ့ ဒီရေတိုင်ကီပေါ်ကနေ ဘာဖြစ်ဖြစ်ဆိုပြီး အောက်သို့ ခုန်ချလိုက်ရပါမည်လား။ ထိုအချိန်တွင် ကျမစိတ်ထဲ အလင်းတန်းလေး တစ်ခုဝင်လာသည်။ သမီးငယ်တို့ စကားတတ်ကတည်းက အရင်ဦးဆုံး ရွတ်ဖတ်တတ်စေခဲ့တဲ့ ကလိမာ (အစ္စလာမ့်သရဏဂုံစာပိုဒ်) ကို သမီးလေးကို ရွတ်ဖတ်ဖို့ အသံတိုးတိုးလေးဖြင့် စေခိုင်းလိုက်မိပါတော့တယ်။

“ သမီး လာအိလာဟ ဖတ်နေနော်။ ဖတ် ဖတ်။ ဖတ်နော်။ လိမ္မာတယ်။ ”

ထိုအချိန်တွင် ကလေးငယ်နဲ့ မတန်အောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ သမီးငယ်လေးဟာ ကြောက်လန့်ခြင်းကြီးစွာနဲ့ ...

لَا إِلٰهَ إِلَّا الله
“ လာ အိ လားးးး ဟ အစ် လ လ် လား ဟု ” တစ်လုံးခြင်း အသံတုန်တုန်နဲ့ ရွတ်ဖတ်နေရာမှ တစ်ဝက်တစ်ပျက်မှာ အသံပျောက်သွားခဲ့လေပြီ။ သမီးလေးရဲ့ ရူးဟ်ဝိဉာဉ်ဟာလဲ အလ္လာဟ့်အမိန့်တော် ခံယူပြီး အာခေရသ်ကို ကူးပြောင်းသွားခဲ့ရှာလေပြီ။

ကျမဘဝရဲ့ မျှော်လင့်ချက် ကျမအတွက် မှီခိုရာ လမင်းဟာလဲ ကွယ်ပျောက်သွားခဲ့ပြီ။ ကျမရဲ့ မျှော်လင့်ချက် ကြယ်ကလေးနှစ်ပွင့်ဟာလဲ တစ်ပွင့်ပြီး တစ်ပွင့် ကြွေကျသွားခဲ့ပြီ။ ဒါပေမယ့် ကျမ အားမလျှော့ဘူး။ ဒီအကြမ်းဖက်သမားတွေကို တရားခွင်ကို ရောက်အောင်ပို့မယ်။ ကျမ ခံယူထားတယ်။ လူကိုလူလို့ပဲ မြင်တဲ့အခါ ကမ္ဘာကြီးဟာ သိပ်လှနေမှာပါ။

အခုတော့ သူတို့လူမျိုးတစ်မျိုးတည်းသာ ကမ္ဘာမှာ ရှိရမယ်။ သူတို့ဘာသာတရားအလံကို လေမှာ တလူလူနဲ့ လွှင့်ထူဖို့ အယူအဆ မတူသူတွေကို လမ်းခင်းခဲ့ကြတယ်။ သူတို့ရဲ့ အကြမ်းဖက်ခံ သားကောင်တွေစာရင်းထဲမှာ ကျမနားက အနာဂတ်မျှော်လင့်ချက် အလင်းရောင်ကြယ်ပွင့်လေးတွေကိုပါ ဆွဲလုသွားကြတယ်။ ဒီဖြစ်ရပ်မျိုးတွေ ကျမနေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဖြစ်နေလဲဆိုတာကို ကျမအရမ်းသိချင်မိတယ်။ အခုချိန်မှာ ကျမ သတ္တိတွေမွေးပြီး သူတို့ကို တရားဥပဒေဆီ ရောက်အောင်ခေါ်ဖို့ အားတင်းထားပါတယ်။

ရတယ်။ ရပါတယ်။ ကျမယောက်ျား၊ ကျမသားနဲ့သမီးလေးတွေ မရှိကြတော့ဘူးဆိုပေမယ့် ကျမရဲ့ ဗိုက်ထဲက ကလေး ကျမရင်သွေးလေး ရှိနေပါသေးတယ်။ သူ့အတွက် ကျမ အသက်ရှင်နေအုံးမှာပါ။ အားတင်းထားပါတယ်။ ကျမ အဖေနဲ့အမေ၊ အစ်ကိုမောင်တွေရော အခု ဘယ်မှာရှိနေကြလဲ။ သူတို့ရော အသက်တွေ ရှိကြသေးလား။ ကျမလို ကိုးကွယ်ရာ ဘာသာတူတဲ့ သူတွေထဲက ဘယ်သူတွေ အသက်ရှင်နေကြသေးလဲ။ သူတို့ရဲ့ အိုးအိမ်တွေရော အကောင်းကျန်သေးရဲ့လား၊ မြို့ပေါ်က ဗလီတွေ ဘယ်နှစ်လုံးလောက်ထိ ဖြိုချခံလိုက်ရပြီလဲ။ ရက်စက်လိုက်ကြတာ။ ကျမ ဘာလုပ်ပေးနိုင်လဲ။ ကျမကိုယ်တိုင် မပေါ့မပါးကြီး။

အလွန်ကို ခံပြင်းမိတယ်။ ရင်ထဲရှိတာတွေကို နှုတ်ကနေ အော်ဟစ် ဖွင့်ထုတ်ပစ်လိုက်ချင်တယ်။ အော်ဟစ်လိုက်ရင် သူတို့ကြားသွားလိမ့်မယ်။ ကျမကို တွေ့အောင်ရှာပြီး သတ်ပစ်လိမ့်မယ်။ ကျမ သေလို့ မဖြစ်သေးဘူး။ ကျမ ရင်သွေးလေးကို မွေးဖွားရအုံးမယ်။ ရှင်သန်ဖို့  ကျမ ငြိမ်ငြိမ်နေလိုက်တယ်။ ကျမကိုယ်ကျမ နှစ်သိမ့်လိုက်တယ်။

ကိုယ်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ဟာ အကြိမ်ကြိမ် အစော်ကားခံခဲ့ရတယ်။ ကျမထင်တယ်။ ရဲရဲဝံ့ဝံ့ကို ကျမ ဟစ်ကြွေးရဲပါတယ်။ ကမ္ဘာပေါ်မှာ ယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံပြီး နည်းလမ်းမျိုးစုံနဲ့ အစော်ကားခံနေရဆုံး ပုဂ္ဂိုလ်ဆိုတာကို ဂင်းနစ် မှတ်တမ်းတင်ထားမယ်ဆိုရင် ဒီနေ့ထိ အဲ့ဒီမှတ်တမ်းရဲ့ စံချိန်မှာ ကျမတို့ချစ်ရတဲ့ တမန်တော်မိုဟမ္မဒ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကို ဘယ်သူမှ စံချိန်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတမန်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ရဲ့ဘဝမှာ အချမ်းသာခဲ့ဆုံးက သည်းခံခြင်းဆိုတဲ့ မေတ္တာတရားပါ။ တမန်တော်ကြီး မိုဟမ္မဒ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ဟာ နှုတ်ပါးစပ်က ဖွင့်ဟပြီး လူအထင်ကြီးအောင် အော်ဟစ်တဲ့ မေတ္တာတရားရှင်မဟုတ်ဘဲ စိတ်နှလုံးသားထဲက ဖြူစင်စွာနဲ့ လူမသိအောင် ကြိတ်ခံတတ်တဲ့ တစ်ဦးတည်းသော မဟာလူသား မေတ္တာတရားရှင်ကြီးပါ။ မိမိ နောက်လိုက်တွေကိုလဲ ဒီလမ်းစဉ်ကိုပဲ ကျင့်သုံးဖို့ အတန်တန် မှာတမ်းချွေခဲ့ပါတယ်။ ကျမက သူ့နောက်လိုက်ပဲ။ ကျမသည်းခံရမှာပေါ့။ သည်းခံမယ်။

ကျမတို့ ကိုယ်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ မိန့်ခဲ့တာကို သတိရတယ်။
“ မွတ်စ်လင်တွေအတွက် ဟောဒီ လောကကြီးဟာ ငရဲဘုံပါ ” တဲ့။
အခု ရေတွေ ပွက်ပွက်ဆူနေပြီ။ ကျမ အသက်ရှုလို့ မရတော့အောင် မီးခိုးငွေ့တွေနဲ့ မွန်းကြပ်နေပြီ။

ကျမ အလွတ်ကျက်ထားသမျှ ကုရ်အာန်ကျမ်းမြတ်ရဲ့စာပိုဒ်တော်တွေကို ရေနွေးပူနဲ့ မီးခိုးငွေ့တွေကြားမှာ ရွတ်ဆိုနေမိတယ်။ ကျမ မျက်ရည်တွေ ခမ်းခြောက်နေပါပြီ။ ရတယ်။ ဒီအပူဒဏ်ကို ကျမ ဆက်ပြီး ကြိတ်မှိတ်ခံမယ်။ ဒါပေမဲ့ ကျမ ဝမ်းထဲက ၈-လသားလေးကတော့ ကျမဗိုက်ထဲက သွက်သွက်ခါအောင် ရုန်းကန် လှုပ်ရှား ဆန္ဒပြနေပါတယ်။ သူ့အတွက် ကျမ အလွန်ကို စိုးရိမ်နေရပါပြီ။ ကျမဘဝရဲ့ နောက်ဆုံးသော မျှော်လင့်ချက် အလင်းရောင်လေး။ သူ ကြွေလွင့်သွားမှာ စိုးပါတယ်။

ကျမ မခံနိုင်အောင် ပူနေပါပြီ။ တကယ်တော့ ကျမတို့ မိသားစုဟာ ဘယ်သူ့ကိုမှ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ ပြစ်မှား ကျူးလွန်ခဲ့ဖူးတာ မရှိပါဘူး။ လူမျိုး/ဘာသာ မခွဲခြားဘဲ အလှူအတန်းတွေ လုပ်ခဲ့တယ်။ အိမ်နီးချင်းတွေအပေါ် သိတတ်ခဲ့တယ်။ မရှိသူတွေကို နိုင်သမျှ ပေးလှူခဲ့တယ်။ အားလုံးကို လူလိုပဲ ဆက်ဆံခဲ့တယ်။

အခုလို ဘာသာရေးအကြောင်းပြပြီး အကြမ်းဖက်နေကြတဲ့ မဟာသာကီလူမျိုးကြီးဝါဒနဲ့ မျက်ကန်းမျိုးချစ်တို့ရဲ့ တစ်ဖက်သက် အစွန်းရောက် လူမဆန်မှုတွေဟာ မကောင်းမှု လုပ်ရပ်တွေပါ။ မကောင်းမှု လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ဟာ မကောင်းကျိုးတွေပဲမို့ မကောင်းကျိုးတွေကိုပဲ ရှင်တို့ တစ်နေ့ခံစားကြရမှာပါ။

“ အို! အလ္လာဟ်အရှင်မြတ်သခင် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းနဲ့ အပြစ်မဲ့တဲ့ ကလေးတွေကို ကြံစည်သူတွေအား အလင်းတရား ပေးသနားတော်မူပါ။ ကျွန်တော်မျိုးမတို့ မိသားစုများ ခံစားခဲ့ကြရသလို သူတို့ကို မခံစားကြရပါစေနဲ့။ ဝဋ်မလိုက်ကြပါစေနဲ့။ သူတို့ကို ဟေဒါယသ် လမ်းမှန်ကိုသာ ပြသပေးတော်မူပါ။ အစ္စလာမ်ဘာသာကို စော်ကားမှုအတွက် အရှက်နဲ့နောင်တကိုသာ သူတို့ကို ပေးသနားတော်မူပါ ” လို့ ကျမ ရေရွတ် ဆုတောင်းနေမိပါတယ်။

ဘာသာ သာသနာကို ခုတုံးလုပ်ပြီး လူကို လူလို မမြင်ဘဲ ကျမတို့ အစ္စလာမ် ဘာသာဝင် အပြစ်မဲ့ ပြည်သူတွေကို ဘာသာတစ်ခုရဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေက ဦးဆောင်ပြီး ဒုက္ခပေးနှိပ်စက်နေတဲ့ အချိန်မှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေမှ လာပြီး မကာကွယ်ပေးခဲ့ကြပါလား။

ကျမတို့မိသားစုလိုပဲ ထပ်တူ မွတ်စ်လင်မ်တွေ ဘယ်လောက်သေကြရမှာလဲ ကေတုမတီရယ်။ ကျမ အသက်ငွှေ့ငွေ့ထဲတွင် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူများကို လူ့အခွင့်အရေး ချိုးဖောက်စေရန် သွေးထိုး လှုံ့ဆော်ခဲ့တဲ့ အဓိကတရားခံ ဘယ်သူတွေလဲဆိုတာ သိချင်နေမိတယ်။ ကျမ ရေအရမ်းဆာနေလို့ ရေတွေကို လက်ဖဝါးနဲ့တောင် မခပ်ယူနိုင်တော့ဘူး။ ကျမရွတ်ဆိုလိုက်တယ်။

لَا إِلٰهَ إِلَّا الله مُحَمَّدٌ رَسُولُ الله
“ လားအိလားဟ အစ်လလ္လားဟု မိုဟမ္မဒွရ် ရစူးလွလ္လာဟ် ”
(အဓိပ္ပါယ်) အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုယ်းကွယ်ခြင်း ခံယူထိုက်သူ မရှိကြောင်းနှင့် မိုဟမ္မဒ်  صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကိုယ်တော်သည် အရှင်မြတ်၏ စေလွှတ်သော နောက်ဆုံး စေတမန်တော် ဖြစ်ပါသည်။

နှစ်ပတ်ခန့် ကြာပြီးနောက် …

တောင်ငူမြို့၊ ကန်တော်လမ်း၊ မန်းရပ်တစ်ခုလုံးဟာ မီးလောင်ပြင်က ပျံ့လွင့်လာသော မခံမရပ်နိုင်လောက်တဲ့ ပုပ်စော်နံ့ကြောင့် သွေးပျက်စရာ ကောင်းနေပါတော့တယ်။ ရပ်ကွက်နဲ့ ဒေသတွင်း တာဝန်ရှိသူတွေဟာ ပိုက်ဆိပ်တိုက် တောနင်း ရှာဖွေကြတဲ့အခါမှာတော့ ရှင်းလင်းပြာကျနေတဲ့ မီးလောင်းပြင်အိမ်ကြီးတစ်ဆောင်ရဲ့နောက်မှာ ပြိုကျခါနီး ရေချိုးခန်းအိမ်သာရဲ့အပေါ်က ရေတိုင်ကီတစ်ခုအတွင်းမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြရှာတဲ့ မိသားစုလေးဦးရဲ့အလောင်းတွေကို ရင်နင့်ဖွယ် တွေ့ရှိကြရလေတော့တယ်။

သေဆုံးသွားရှာတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးအမျိုးသားနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက အစ္စလာမ်ဘာသာရဲ့ ပဉာတ်ချက်နဲ့အညီ မြေချပေးဖို့ အလောင်းကောက်တဲ့အချိန်မှာ သေဆုံးသူအမျိုးသမီးရဲ့ ဝမ်းဗိုက်ပွင့်ပြီး မိန်းကလေးအမွှာလေးတွေရဲ့ အလောင်းကိုပါ တွေ့ရှိလိုက်ရပါတော့တယ်။

အထက်ပါ ဝတ္ထုကတော့ ၂၀၀၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အတွင် ဖြစ်ပွားခဲ့သည့် တောင်ငူမြို့ ဘာသာရေးအကြမ်းဖက်မှုအတွင်း သားကောင်ဖြစ်ခဲ့ရသည့် မိသားတစ်စု၏ ရင်နင့်ဖွယ် သေဆုံးခဲ့ရသည့် တကယ့်ဖြစ်ရပ်မှန်အား တောင်ငူသား စာရေးဆရာ၏ ပြန်လည်ခံစားကာ သရုပ်ဖော်ထားခြင်းသာ ဖြစ်ပါသည်။ (အယ်ဒီတာ)

ဝတ္ထု»ခေဋီဈက်ဥို | အလင်းမျက်ဝန်း
တင်ဆက်မှု»ဇင်ဒီ | အလင်းမျက်ဝန်း
သရုပ်ဖော်»ရိုင်ဟာန်း | အလင်းမျက်ဝန်း
ဒီဇိုင်း»မွှမ်း | အလင်းမျက်ဝန်း
စီစဉ်သူ»မေသွေး | အလင်းမျက်ဝန်း

 (မေးခွန်း-၁) 

အလင်းမျက်ဝန်းက မေးမြန်းအဖြေရှာအစီအစဉ်လေးကို အရမ်းသဘောကျပါတယ်။ ကျနော်တို့လို နိုင်ငံရပ်ခြားကသူတွေအတွက် တော်တော့်ကို အဆင်ပြေပါတယ်။ စကားကြောရှည်တာ မဟုတ်ပါ။ တကယ့်ကို အရှိအတိုင်း ပြောပြတာပါ။
ကျနော်က နယူးဇီလန်မှာ အလုပ်လုပ်နေတာပါ။ ဒီကဗလီတွေမှာ ဘောင်းဘီရှည်ကို ခြေမျက်စေ့အုပ်တဲ့ပုံစံတွေနဲ့ နမားဇ်ဖတ်ကြတာ တော်တော်များပါတယ်။ အဲ့လိုနမားဇ်ဖတ်တာ ပိုင်ပါသလား? ယောက်ျားလေးရဲ့အခြေအနေကို မေးမြန်းတာပါ။
ဟဲဟဲ ကျနော်မေးတာ ဖသ်ဝါမဆန်ပါဘူးနော်။ ဖြေပေးဖို့ မေတ္တာရပ်ခံပါတယ်ဆရာတို့ရယ်။ ကျနော်က စာရေးမကျွမ်းကျင်လို့ပါ။ မေးမြန်းတာက လိုရင်းမရောက်မှာ စိုးပါတယ်။
အလင်းမျက်ဝန်း အောင်မြင်ပါစေနော်။ ဒီထက်ပိုပြီး မြန်မာမွတ်စ်လင်မ်တွေရဲ့အကျိုးကို ထမ်းရွက်နိုင်ပါစေနော်။
သာဂျွဒ်ဘိုင် (နယူးဇီလန်)
 (အဖြေ-၁) 

မေးမြန်းအဖြေရှာအစီအစဉ်ကို သဘောကျအားပေးတဲ့အတွက် ဝမ်းသာပါတယ် သာဂျွဒ်ဘိုင်ရေ။
  • အမျိုးသားယောက်ျားလေးအတွက် ခြေမျက်စိဖုံးပြီး အဝတ်အစား၊ ဘောင်းဘီ၊ ပုဆိုး ဝတ်ခွင့် မရှိပါဘူး။
  • ဗုခါရီကျမ်းမှာ ခြေမျက်စိအောက်ဝတ်ဆင်တဲ့ လုံချည်၊ ပုဆိုးကြောင့် အပါယ်ငရဲကို လားရလိမ့်မယ်လို့ ကိုယ်တော်မြတ်ရဲ့ ဟဒီးဆ်မိန့်ကြားချက်ရှိပါတယ်။
  • ခြေမျက်စိ ဖုံးအုပ်နေလျက်နဲ့ စွလာသ်ဝတ်ပြုရင်တော့ စွလာသ်အထမြောက်ပါတယ်။
  • ခြေမျက်စိဖုံးအုပ်တဲ့ အပြစ်တော့ ထိုက်ပါမယ်။ စွလာသ်တော့ မပျက်ပါဘူး။
ဒိုအာတောင်းပေးတာကို အာမီးန် ဆိုလိုက်ပါတယ်။
 (မေးခွန်း-၂) 

မိန်းမ/ယောက်ျား လက်နဲ့တစ်ကိုယ်တည်း အာသာဖြေတာ အပြစ်ရှိပါသလား?
အခုခေတ်ရဲ့ ဆေးပညာက အဲ့ဒါကို ကောင်းတယ်လို့တောင် ညွှန်းဆိုနေတာမျိုးတွေ မြင်ရလို့ပါ။
လိုရင်းတိုရှင်းမဟုတ်ဘဲ နားလည်အောင်လေး ရှင်းပြပေးပါနော်။ တကယ်သိချင်တာပါ။ မေးမြန်းရတာ ရှက်လဲ ရှက်မိပါတယ်။
ချစ်ဦး (ကေအလ်၊ မလေးရှား)
 (အဖြေ-၂) 
  • ဇေနာထဲကို ကျရောက်တော့မယ့်အခြေအနေမျိုး ဖြစ်နေတယ်ဆိုရင် မိမိလက်နဲ့ပဲ အာသာဆန္ဒဖြေဖျောက်ပြီး ဇေနာကနေ ရှောင်ရှားလိုက်ပါလို့ အိမာမ်တချို့က မိန့်ကြပါတယ်။
  • ဒါပေမယ့် အရသာခံဖို့ သက်သက်ပဲ ဆိုရင်တော့ တရားတော်က ခွင့်မပြုပါဘူး။
ဆေးပညာရှုထောင့်ကလည်း အလွန်အင်မတန်မှ ဆိုးကျိုးရှိတယ်ဆိုတာကိုပဲ ညွှန်းဆိုမှုက ပိုများပါတယ်။
 (မေးခွန်း-၃) 

ကုရ်အာန်ခသမ်သိမ်းရင် စူရာဟ်နားစ်ဖတ်ပြီးရင် အလစ်ဖ်လားမ်ဘက်က တစ်ရကူထိ ပြန်ဖတ်ရတယ်ဆိုတာ ဟုတ်ပါသလား?
ဟစီနား (ကလောမြို့)
 (အဖြေ-၃) 
  • ကုရ်အာန်ခသမ်ပြီးတဲ့အခါတိုင်းမှာ စူရဟ်နားစ်ပြီးတာနဲ့ အဆုံးမသတ်လိုက်ဘဲ စူရဟ်ဖာသိဟဟ်နဲ့ စူရဟ်ဗကရဟ်ရဲ့ ရှေ့ဆုံး (၅) အာယသ်အဆုံး وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ ( ဝအုလာအိက ဟုမွလ် မွဖ်လိဟူးန် ) အထိ ဆက်လက်ဖတ်ရွတ်ခြင်းဟာ စွန္နသ် ဖြစ်ပါတယ်။
  • ကုရ်အာန်ဖတ်ရွတ်တာကို အဆုံးသတ်လိုက်တာ မဟုတ်ဘဲ နောက်တစ်ကြိမ်အတွက် ပြန်လည်ပြီး အစပြုပေးလိုက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
  • အဲဒါကို “ ဟာလွလ်မုရ်သဟိလ် ” လို့ ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။

အသံတိတ်အော်သံတွေ (နူးရ်ခန်း)

 “ နအ်ရာဟ် သက်ဘီရ် အလ္လာဟု အက်ဘရ် ” 

အော်သံတွေကြောင့် ကျနော် လန့်နိုးသွားခဲ့တယ်။ အိမ်ရှေ့ဝရန်တာထွက်ပြီး အသာလေးချောင်းကြည့်တော့ တွေ့ရာ လက်နက်ငယ် ကိုယ်စီ ကိုင်စွဲကာ ဗလီကိုကာကွယ်ဖို့ လမ်းထိပ်ကို ပြေးသွားနေကြတဲ့ လူတွေ။

ရန်ဖြစ်တာကို မြင်ဖူးပေမယ့် ဒီလိုဖြစ်ရပ်မျိုး အခုမှ ကြုံတွေ့ဖူးတဲ့ ကျနော့်လို ကလေး တစ်ယောက် အတွက်တော့ သွေးပျက် စရာပါပဲ။ အမေ့ကို မေးကြည့်တော့ အကြမ်းဖက်သမားတွေ ဗလီကိုလာပြီး ခဲနဲ့ ပစ်ထု ရန်စ သွားကြလို့ အစ်ကိုကြီးတွေ၊ ဦးလေးကြီးတွေက ထွက်ပြီး ဗလီကို ကာကွယ်နေကြတာတဲ့။ သားနမာဇ် ( ၂ ) ရကအသ် ဖတ် ဒိုအာတောင်းပြီး ပြန်အိပ်လိုက်နော်တဲ့။

နမာဇ်ဖတ်ပြီး ပြန်အိပ်ဖို့ ကြိုးစားပေမယ့် အကြမ်းဖက်သမားတွေ ဆိုတာ ဘယ်သူတွေလဲ? ငါတို့ ဗလီကိုမှ ဘာလို့ လာပြီး ဖျက်ဆီးချင်ကြရတာလဲ? ရဲတွေကကော သူတို့ကို မဖမ်းဘူးလား? မနက်ဖြန် ကျောင်းကော ဖွင့်ပါ့မလား? ဆိုတဲ့ ကလေးအတွေးတွေနဲ့ပဲ မနက် မိုးလင်းသွားခဲ့တယ်။

 “ နအ်ရာဟ် သက်ဘီရ် အလ္လာဟု အက်ဘရ် ” 

ကြိုတင်သတင်းရထားတဲ့အတိုင်း မြန်မာနိုင်ငံ အနှံ့အပြားက မြန်မာမွတ်စ်လင်မ်တွေအပေါ် အကြမ်းဖက်မှုတွေဟာ ရန်ကုန်မြို့ကို ကူးစက်လာခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်က ဗလီတွေကို အကြမ်းဖက်ဖို့ ကြိုးစားနေသူတွေကို ခြောက်လှန့်၊ မောင်းထုတ်ပစ်ဖို့ မြန်မာမွတ်စ်လင်မ် ရပ်ကွက်တွေမှာ သက်ဘီရ် အသံတွေနဲ့ လွှမ်းခြုံသွားခဲ့ပါတယ်။

ငယ်ငယ်တုန်းက ဝရန်တာကနေ အသာလေး ချောင်းကြည့်ခဲ့ပေမယ့် အခုတော့ ကျနော် ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံနေရပြီ။ ငယ်သေးလို့ ခွင့်မပြုခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ဗလီကို သွားပြီး ကာကွယ်ပေးဖို့ အမေကိုယ်တိုင် ကျနော့်ကို တံခါးဖွင့်ပေးနေပါပြီ။

အာဏာရှင် စနစ်အောက်မှာ လူမျိုးရေး ဖိနှိပ်ခံခဲ့ရမှုတွေ၊ ခွဲခြားဆက်ဆံခံခဲ့ရမှုတွေ၊ အကြမ်းဖက်ခံခဲ့ရမှုတွေကြောင့် “ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့မြေ” လို့ တန်းတူ ဟစ်ဆိုခဲ့ကြတဲ့ မြန်မာမွတ်စ်လင်မ်တွေဟာ ဒီမြေပေါ်မှာပဲ မွေးရာပါ အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရပြီး ကိုယ့်သာသနာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ လုံခြုံရေးအတွက် ကိုယ်တိုင် ကာကွယ်နေကြရပါပြီ။

လမ်းမပေါ်ရောက်တော့ ငယ်ငယ်တုန်းက မျက်စိထဲ စွဲထင်နေခဲ့ရတဲ့ မြင်ကွင်းတွေ ပြေးမြင်မိလိုက်တယ်။ ရုတ်တရက် တိုက်တွေပေါ် လှမ်းကြည့်တော့ အမျိုးသမီး အမေ အစ်မ တွေနဲ့ သူတို့ရဲ့ကြားကနေ ခေါင်းပြူပြီးတော့ အပြင်ကို တိုးဝှေ့ကာ စူးစမ်း ကြည့်ရှုနေကြတဲ့ ကလေးငယ်လေးတွေ။

ရင်ထဲစို့နင့် သွားခဲ့တယ်။ ကျနော် ငယ်ငယ်တုန်းက မေးခဲ့ဖူးတဲ့ မေးခွန်းမျိုး ဒီနေ့ သူတို့တွေ ကိုယ့်ကိုကိုယ် ပြန်မေးကြတော့မယ်။ ကလေးငယ်တို့ ကောင်းစွာ အိပ်ပျော်နိုင်ကြပါ့ မလား…..?

ကျနော် စဉ်းစားမိတယ်။ ဒီအတိုင်းဆို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကနဲ့ အခု ကျနော်တို့ မြန်မာမွတ်စ်လင်မ်တွေရဲ့ အခြေအနေက ပြောင်းလဲလာခြင်း မရှိ။ အလ္လာဟ်အရှင်မြတ်သခင် ပေးသနားလို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ထုတ်ပြီး ကြိုးစားခဲ့ကြတဲ့ မြန်မာမွတ်စ်လင်မ်တွေရဲ့ စီးပွားရေး အခြေအနေ တိုးတက်လာခဲ့ပေမယ့် အစိုးရရဲ့ လိုအပ်သလို နိုင်ငံရေးအရ အသုံးချခံနေရတဲ့ လူမျိုးစုတစ်စုအနေနဲ့ ရှိနေတုန်းပါပဲ။ အန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ရေရှည် Stradegy (အစီအစဉ်) တစ်ခု မရှိသေးဘူးလို့ မြင်မိတယ်။ အန္တရာယ်တွေ ကြုံလာတော့မှ ကြုံသလို ဖြေရှင်းလိုက်ကြတယ်။ ဗလီကိုခဲနဲ့လာထုလို့ ထွက်ပြီး လိုက်နေ ကြပေမယ့် ဘယ်သူ့ကို လိုက်ရမှန်း မသိ။ ဟိုဖက်က လာနေပြီ လိုလို၊ ဒီဖက်က လာနေပြီ လိုလို ကောလဟာလတွေနဲ့ မိုးလင်းခဲ့ရတဲ့ ညတွေကလည်း မနည်းတော့။

ဘယ်သတင်းကို ယုံရမှန်းမသိ၊ ဘယ်ကိုဆက်သွယ်ပြီး မေးမြန်းရမှန်း မသိလို့ သောကတွေ များခဲ့ကြရတယ်။ ပိုဆိုးတာက အကြမ်းဖက်ခံနေရသူတွေကို အကြမ်းဖက်သူများအဖြစ် ပုံဖော်ခဲ့သည့် မိစ္ဆာ မီဒီယာ အချို့ပင်။ အလ္လာဟ့် အသနားတော်ဖြင့် မြန်မာမွတ်စ်လင်မ် ပညာရှင်တွေနဲ့ နည်းပညာရှင်တွေ ပူးပေါင်းပြီး အဖက်ဖက်မှ တိုက်ခိုက်လာသော ကောလဟာလ စွပ်စွဲချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အကြမ်းဖက်ဖို့ ကြံစည်နေမှုတွေကို ဖော်ထုတ် သတင်းပေးနိုင်ခဲ့ပြီး လူထုကို အကာအကွယ် ပေးနိုင်ခဲ့ပါတယ်။

ယခု မြန်မာမွတ်စ်လင်မ် မီဒီယာတွေ အလွန်ကို အားကောင်းလာခဲ့ပြီ ဖြစ်သော်လည်း လိုအပ်ချက်တွေကတော့ ရှိနေဆဲပင် ဖြစ်သည်။ အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးရုံနဲ့တင် မပြီးသေးဘဲ မြန်မာမွတ်စ်လင်မ်တို့ကို အစ္စလာမ့်ပညာနဲ့ ခေတ်ပညာတို့ကို ဖြန့်ဝေပေးရအုံးမည် ဖြစ်ပေသည်။ နည်းပညာတွေ အသုံးချပြီး ဝါဒဖြန့်နေကြတဲ့ အချိန်မှာ ကျနော်တို့လည်း နောက်ကျခဲ့လို့ မဖြစ်။ ကျဉ်းမြောင်းလာတဲ့ ကမ္ဘာမှာ ချောင်ပိတ်၍ အရိုက်မခံရအောင် မြန်မာ မွတ်စ်လင်မ်တွေရဲ့အသံ အစစ်အမှန်ကို တစ်ကမ္ဘာလုံးက ကြားသိစေရမည်။ ဒါမှလည်း အသုံးချခံ၊ အနိုင်ကျင့်ခံ အခြေအနေမှ လွတ်မြောက်ပြီး အဆိုး၊ အကောင်းတို့ ဝေခွဲကာ ကြုံလာသမျှကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်မှာပဲ ဖြစ်ပေသည်။

နူးရ်ခန်း
@ အလင်းမျက်ဝန်း (© SPG-02/17)

ဓာတ်ပုံ » မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြရာကုန်းလမ်း၊ ၁၂၂ နဲ့ ၁၂၃ လမ်းကြား၊ တိုက်အမှတ် ၁၀၅-၁၀၇ (ဂန္ဓမာတိုက်) အပေါ်ထပ် ၈ လွှာရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂလီများရှိသည်ဆိုသော သံသယဖြင့် သတင်းပေးတိုင်ကြားမှုကြောင့် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးစဉ် အတူလိုက်ပါလာတဲ့ မဘသဆိုသူတစ်စုမှ ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခန်းအား ယမန်နေ့ (၉-၅-၂၀၁၇) ည (၁၀) နာရီကျော်အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့နဲ့ လဝကဌာနမှ တာဝန်ရှိသူများပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က ဝင်ရောက်ရှာဖွေစဉ် မဘသဆိုသူများက ရောထွေးဝင်ရောက်ကာ နေအိမ်သားများအား မဖွယ်မရာပြုမူပြောဆိုမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်တန်းမှုသတင်းအပေါ် သက်ဆိုင်ရာက လိုအပ်တဲ့စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အိမ်ရှင်မှ အထောက်အထား ပြည့်စုံစွာပြသခဲ့သော်လည်း ဖမ်းဆီးရန်အတွက် မဘသဆိုသူများက ဆက်လက်ဖိအားပေးတောင်းဆိုခဲ့ကြစဉ် မပြေလည်ဘဲ အချိန်ကြာလာခဲ့ပြီးနောက် ၎င်းမဘသဆိုသူများက ဖုန်းဆက်၍ လူအင်အားခေါ်ယူရာ ကားများဖြင့် ထပ်ဆင့်ရောက်ရှိလာပြီး လူအင်အား ၂၀၀ ဝန်းကျင်လောက်အထိ ဖြစ်လာတယ်လို့ မျက်မြင်တွေ့ရသူများက ဆိုပါတယ်။

“ ည (၁၁) နာရီလောက်မှာထင်တယ်။ အဲ့နားမှာ ရုတ်ရုတ်ဖြစ်လို့ လူတွေ တစ်စတစ်စ ရောက်ရှိလာပြီး ခပ်လှမ်းလှမ်းကနေ ကြည့်နေတဲ့လူတွေက များလာတယ်။ သူတို့ မဘသတွေက မိန်းမတွေရော၊ ဘုန်းကြီးတွေရော။ မျက်နှာစိမ်းတွေလည်း ကားတွေနဲ့ ထပ်ရောက်လာတာကို မြင်ရတယ်။ သူတို့ တော်တော်လေး အပြောအဆို ရိုင်းလာတယ်။ လာကြည့်နေသူတွေကို အော်ကြီးဟစ်ကျယ်နဲ့ စောင်းချိတ်ပြီး ပြောဆိုရုံမကဘူး။ ရပ်ကွက်ကိုပါ ဆဲဆိုတဲ့ပုံစံမျိုးအထိကို ဖြစ်လာနေတယ်။ သူတို့က ရပ်ကွက်သားတွေ ကြည့်နေတဲ့ဘက်ကို ဖုန်းတွေထုတ်ပြီး ဓာတ်ပုံရိုက်သလိုနဲ့ လူထုကို စိန်ခေါ်သလို လုပ်ပြလာတယ်။ အခြေအနေက ပိုပြီး တင်းမာလာတယ်။ သိပ်မကြာဘူး လူတစ်ယောက်ကို ဝိုင်းရိုက်တယ်လို့ အသံကြားလိုက်ရတော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ” လို့ ဒေသခံတစ်ဦးက အလင်းမျက်ဝန်းကို ပြောပြပါတယ်။

ဒဏ်ရာရရှိသူမှာ ရပ်ကွက်အတွင်းနေထိုင်သူ ကိုဇာနည်အောင်ဖြစ်ပြီး အဖြစ်အပျက်ကို လာရောက်ကြည့်ရှုနေစဉ် မဘသတစ်ဦးက အသင့်ယူဆောင်လာတဲ့ စတီးတုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ ပြောပါတယ်။ ကိုဇာနည်အောင်အရိုက်ခံရပြီးမှာတော့ ရပ်ကွက်သားများနဲ့ အခြေအနေတင်းမာလာပြီး ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များလည်း ချက်ချင်းရောက်ရှိခဲ့ပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံများကတော့ အခြေအနေကို ထိန်းသိမ်းခဲ့ပေမယ့် အဖြူရောင်တီရှပ်ဝတ်ဆင်ထားသူများနဲ့ သင်္ဃန်းဝတ်အချို့ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစ်စီးကတော့ သိမ်ဖြူလမ်း၊ မြယာကုန်းလမ်းနဲ့ စက်ရုံလမ်းတလျှောက် လှည့်ပတ်ပြီး ဒေသခံများအား အော်ဟစ်ဆဲဆိုကြိမ်းဝါးမှုများကို နံနက် (၃) နာရီအချိန်ခန့်ထိ အကြိမ်ကြိမ် လိုက်လံလုပ်ဆောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက အလင်းမျက်ဝန်းကို ပြောပါတယ်။

“ (၂) ခွဲအချိန်လောက်ဖြစ်မယ်။ လမ်းထိပ်မှာ ထိုင်နေကြတယ်။ လိုက်ထရပ်တစ်စီးရပ်ပြီး မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုတယ်။ လမ်းထဲက အတော်များများ နိုးကုန်တာကြောင့် လိုက်သွားပြီး သွားကြည့်တော့ ထွက်ပြေးကုန်တယ်။ (၃) ခွဲလောက်မှာတော့ ရဲကားတွေ ကင်းလှည့်တာ မြင်ရတော့မှ ကိုယ်စီအိမ်ပြန်ပြီး အိပ်လိုက်ကြတာ။ ” လို့ လမ်း (၁၂၀) မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ယခု သတင်းတင်ပြတဲ့ နံနက် (၇) နာရီအချိန်ထိ အခြေအနေက တည်ငြိမ်နေပြီး ပုံမှန်အတိုင်းလို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

Mnews-01/5/17 © အလင်းမျက်ဝန်း



အမီယာဇဖဲရ် (Amaiya Zafar) ဟာ မင်နီဆိုတာပြည်နယ်က ဆယ်ကျော်သက် အမေရိကန်မွတ်စ်လင်မ် လက်ဝှေ့မယ်လေးတစ်ဦး ဖြစ်ပါတယ်။

၁၆ နှစ်အရွယ်သာရှိသေးတဲ့ သူမဟာ ဟိဂျာဗ် ဝတ်ဆင်ပြီး လက်ဝှေ့ထိုးခွင့်ပြုဖို့ တောင်းဆိုနေခဲ့တာ ၂ နှစ် ရှိပါပြီ။

မကြာသေးခင်ကမှ အမေရိကန်လက်ဝှေ့အဖွဲ့ချုပ်ဟာ သူမကို ခြေလက်တွေ ဖုံးကာကစားခွင့် ပေးလိုက်ပြီး သူမရဲ့ ပထမဆုံးပွဲကို ပြီးခဲ့တဲ့ တစ်ပတ်က ထိုးခွင့်ရခဲ့ပါတယ်။

ဒီပွဲကို ရှုံးခဲ့ပေမယ့်လို့ သူမရဲ့သတင်းဟာ တခြားသူတွေအတွက် အားဖြစ်စေဖို့ မျှော်လင့်နေပါတယ်။

လက်ရှိမှာတော့ အခုလိုဝတ်ဆင်ခွင့်ကို အမေရိကန်ပြည်တွင်းပွဲတွေမှာပဲ ခွင့်ပြုပေးထားပြီး နိုင်ငံတကာပွဲတွေအတွက်ပါ ဆက်လက်တောင်းဆိုသွားဖို့ ဇဖဲရ် က မျှော်လင့်နေပါတယ်။

MSP-01
ကိုးကား » VOA Burmese

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/WAdE9xU3zkk
[/info]

ဗျို့... ခရီးသွားကြီး (MMP-03/2017)
လောကအတွင်းဝယ်
လောဘ​ဒေါသ​နဲ့​မောဟတွေကို
အတင်းဝယ်​​​တော့
ခန္ဓာအပုပ်​ကြီး
မောပန်းလို့ နွမ်းလျလာတဲ့အခါ
အစ္စလာမ့်​တရားတစ်​ပိုဒ်​ကို
ရင်​ဝယ်​ပိုက်​လို့ နားခိုလှည့်​စမ်းပါ။

“ ချစ်​အရှင်​ထံ
ယင်​တစ်​​ကောင်​ရဲ့အ​တောင်​တစ်​ဖက်​ထက်
လောကရဲ့တန်​ဖိုးဟာ ပိုတယ်​ဆိုရင်​...
တို့ဖန်​ဆင်းရှင်​က
ငြင်းဆန်သူကို ​ရေ​တောင်​မတိုက်​ဘူး ” တဲ့။

မြတ်ရှင်သခင်ရဲ့ ချစ်နဗီက
နှစ်လိုဖွယ်ဒီရွှေစကား
ချန်ရစ်ထားခဲ့တာကို
သင်​မှတ်မိပါစ။

မိရှ်​ကားသ်​၊ အဟ်​မဒ်​၊ သိရ်​မိဇီ၊ အိဗ်​နုမာဂျဟ်​ ကျမ်းများအား မှီငြမ်း​ရေးဖွဲ့သည်​။

အလင်း​ရောင်
(​ခေတ္တလူ့ပြည်​)

MMP-03/17 © အလင်းမျက်ဝန်း

 (မေးခွန်း-၁) 
အလင်းမျက်ဝန်းမှ မေးမြန်းအဖြေရှာအဖွဲ့သားဆရာများကို စလာမ်နဲ့ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
မကြာခင်မှာ ရှဗ်ဗေ့ဗရာအသ်ညဥ့်မြတ်ကြီးက ရောက်ရှိလာတော့မှာမို့ အဲ့ဒီရက်နဲ့သက်ဆိုင်တာလေး မေးမြန်းချင်ပါတယ်။
အဲ့ဒီရက်မှာ ရိုဇာစောင့်တာကို တစ်ရက်တည်းပဲ စောင့်ရင်မပိုင်ဘူးလို့ သူငယ်ချင်းများက ပြောကြပါတယ်။
ဟုတ်၊ မဟုတ်ဆိုတာကို သိချင်ပါတယ်။ မှားနေတယ်ဆိုရင်လည်း အမှန်ဘယ်လိုကျင့်သုံးရမယ်ဆိုတာလေး လမ်းညွှန်ပေးပါ ဆရာများရှင့်။
စိုးစိုး (စင်္ကာပူ)
 (အဖြေ-၁) 
မစိုးစိုးရေ စလာမ်ပြန်ကြားရင်း ရှဗ်ဗေ့ဗရာအသ် (ခေါ်) ဗရာအသ်ညဥ့်နဲ့ စုံစည်းခွင့် ပေးသနားတော်မူပါစေလို့ ဦးစွာ ဒိုအာပို့သ လိုက်ပါတယ်။
  • ရိုဇာဥပုသ်စောင့်ထိန်းလိုရင် ရှအ်ဗာန်လ (၁၅) ရက်နေ့မှာ နဖိလ်အနေနဲ့ တစ်ရက်တည်းပဲ စောင့်ထိန်းနိုင်ပါတယ်။ “ ကိုယ်တော်မြတ်ကြီးက ရှဗ်ဗေ့ဗရာအသ်ညဥ့်မှာ အိဗာဒသ်လုပ်ကြပါ။ နေ့မှာဥပုသ်စောင့်ကြပါလို့ မြင့်မြတ်မှုကို ဖော်ထုတ်ကာ မိန့်ကြားထားလို့ပါ။ ” အပတ်စဉ် ဗလီအများစုမှာ ဟောကြားလေ့ရှိတဲ့ ခွသ်ွဗသုလ်အဟ်ကာမ်ကျမ်းမှာ ပါရှိပါတယ်။
 (မေးခွန်း-၂) 
ဂျုမုအဟ်နေ့ ခွသ်ဗာဖတ်စဉ်မှာ လူတစ်ချို့ဟာ နမားဇ်ရဲ့ကအ်ဒဟ်လိုပုံစံထိုင်ကြပါတယ်။
တစ်ချို့ဆို လက်ပါပိုက်ပြီး နမားဇ်ထိုင်ဖတ်သလို ခေါင်းကိုငုံ့ပြီး ဘယ်မှမကြည့်ဘဲ ထိုင်ကြပါတယ်။
တစ်ချို့ကလည်း ခွသ်ဗာဟ်နှစ်ခုကြား ဆရာနားပြီးဆိုရင် လက်တွေဖြန့်ပြီး ဒိုအာတောင်းကြပါတယ်။
ကျနော်က ဟာဖီးဇ်ဆပ်တစ်ယောက်ပါ။ ဖသ်ဝါမေးတာမဟုတ်ပါ။ တကယ့်အမှန်ကို သိချင်လို့ မေးမြန်းတာပါ။
ဟာဖီးဇ် ရဟ်မသွလ္လာဟ် (တောင်ငူ)
 (အဖြေ-၂) 
  • ဂျုမုအဟ်နေ့ ခွသ်ွဗဟ်ဟောကြားနေစဉ်အတွင်း မိမိသက်သာသလို ထိုင်ခွင့်ရှိပါတယ်။
  • လက်မပိုက်ထားရပါဘူး။ ဟဒီးဆ်တော်မှာ စွလာသ်တိုင်းရဲ့ အရင်မှာ လက်မပိုက်ထားဖို့၊ လက်မယှက်ထားဖို့ မှာကြားချက် ရှိနေလို့ပါ။
  • ခွသ်ွဗဟ်နှစ်ခုကြားမှာ ဒုအာကဗူလ် ဖြစ်တယ်၊ တောင်းဆုဒုအာလက်ခံတယ်လို့ ဆင့်ပြန်ချက် လာရှိထားပါတယ်။ ဒါပေမဲ့ လက်မမြှောက်ဘဲ ဒုအာတောင်းဆိုရပါမယ်။
 (မေးခွန်း-၃) 
သက်ရှိထင်ရှား ပေါင်းသင်းနေတဲ့ သား/သမီးရဲ့ မိဘဖြစ်တဲ့ ယောက္ခမကို သားမက် (သို့) ချွေးမက ဇကားသ်ပေးခွင့်ရှိပါသလား?
အဲ့ဒီလိုပဲ သားမက် (သို့) ချွေးမကိုရော ယောက္ခမက ဇကားသ်ပေးခွင့်ရှိပါသလား?
သိချင်ရုံသာ ရည်ရွယ်ပြီး မေးမြန်းတာပါ။ အစိုးဝန်ထမ်းတစ်ဦးပါ။
ဗိုလ်ထိန် (မြန်မာ့လျှပ်စစ်)
 (အဖြေ-၃) 
  • ယောက္ခမကို သားမက် (သို့မဟုတ်) ချွေးမက ဇကားသ်ပေးခွင့် ရှိပါတယ်။
  • ယောက္ခမကလည်း သားမက် (သို့မဟုတ်) ချွေးမကို ဇကားသ်ပေးခွင့် ရှိပါတယ်။
  • နီယသ်ကိုတော့ အလ္လာဟ်အရှင် သိတော်မူဆုံးဖြစ်ပါတယ်။


 (မေးခွန်း-၁) 
ကျမတို့အခြေအနေက သာမန် စားနိုင်သောက်နိုင်ရုံပါ။ ထိုင်းမှာဆိုတော့ ဗမာပြည်ထက်တော့ ငွေဝင်ကောင်းတာပေါ့။ ဒီမှာနေတာ တော်တော်လေးကြာပါပြီ။
သိချင်တာလေးရှိလို့ပါ။ ပစ္စည်းတစ်ခုကို အရစ်ကျနဲ့ မနှစ်က (၆/၂၀၁၆) လပိုင်းလောက်က ဝယ်ပါတယ်။ ဒီဇင်ဘာ (၁၂/၂၀၁၆) မှာ အလ္လာဟ့်အလိုတော်နဲ့ လစဉ်ခွဲဆပ်ခဲ့တာ ကျေသွားပါပြီ။
လာမယ့် (၆) လပိုင်းဆိုရင် ပစ္စည်းလက်ဝယ်ရောက်တာ (၁) နှစ်ဖြစ်သွားပြီပေါ့။ အခုတော့ ပစ္စည်းကို ပိုင်ပြီလို့ ပြောလို့ရပါတယ်။
မြန်မာငွေနဲ့တွက်ရင် သိန်း (၄၀) လောက် ရှိပါတယ်။ အဲ့ဒါကို ဇကားသ်ထုတ်ရမှာလား? ဆိုတာ သိချင်ပါတယ်။
အလင်းမျက်ဝန်းကို အလ္လာဟ်အရှင်မြတ် ဒီ့ထက်ပိုပြီး စောင့်ရှောက်တော်မူပါစေလို့ ဒိုအာပြုပါတယ်။
နွဲ့လေး (ခေတ္တ-ထိုင်း)
 (အဖြေ-၁) 
  • မေးမြန်းတဲ့ အကြောင်းအရာထဲက ပစ္စည်းက ဘာလဲဆိုတာ အတိအကျလေး ဖော်ပြပေးရင် ဖြေကြားပေးဖို့အတွက် ပိုပြီးအဆင်ပြေပါမယ်။
  • ရွှေ/ငွေ/လက်ဝတ်တန်ဆာ၊ အိမ်သုံးပရိဘောဂ၊ ယာဉ်ယန္တရားစက်ပစ္စည်း အစရှိသဖြင့် အမျိုးအစားအပေါ်လိုက်ပြီး အဖြေက ကွဲပြားပါလိမ့်မယ်။
  • အရစ်ကျဝယ်ယူမှုလို့ ဖော်ပြထားတာကြောင့် ကိုယ်ပိုင်အသုံးပြုမယ့်ပစ္စည်းအဖြစ် ခန့်မှန်းပြီး ဖြေကြားပေးလိုက်ပါတယ်။ ကိုယ်ပိုင်အသုံးပြုမယ့် လိုအပ်ချက်ပစ္စည်းဖြစ်နေရင် ဘယ်လောက်ပဲ တန်ကြေးရှိနေပါစေ ဇကားသ်ထုတ်ဖို့ တာဝန်မထိုက်ပါဘူး။
မရှင်းလင်းရင် ပြန်လည်မေးမြန်းဖို့ တိုက်တွန်းပါတယ်။ ဒိုအာပြုပေးတဲ့အတွက် အာမီးန် ဆိုလိုက်ပါတယ်။

 (မေးခွန်း-၂) 
ညီမက သမီးလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ သမီးလေးက အခုဆို (၁၀) လထဲ ဝင်နေပါပြီ။
သမီးလေး မွေးတုန်းက အဇာန်ရော အိကာမသ်ရော ပေးခဲ့မိပါတယ်။
သမီးမိန်းကလေးကို အဇာန်တစ်မျိုးတည်း ပေးရတယ်ဆိုတာကို နောက်မှ သိလိုက်ရပါတယ်။
ဒါကြောင့် ဘာပြန်လုပ်ရပါမလဲဆိုတာ သိချင်တာပါ။ ညီမမေးတာကို ကျေးဇူးပြုပြီး ဖြေပေးပါရှင့်။
မပယ်လိုက်ပါနဲ့။ အလင်းမျက်ဝန်းကို အမြဲအားပေးနေပါတယ်။
ဂီဂီး (ချင်းပြည်နယ်)
 (အဖြေ-၂) 
  • သမီးမိန်းကလေးမွေးတဲ့အခါမှာလည်း အဇာန်နဲ့ အိကာမသ်နှစ်ခုလုံးဆိုရမှာ ဖြစ်တဲ့အတွက် ဘာမှပြန်လုပ်စရာ မလိုပါဘူး။
အလင်းမျက်ဝန်းကို အမြဲအားပေးနေတဲ့အပေါ် ကျေးဇူးတင်ပါတယ်။

 (မေးခွန်း-၃) 
မျက်ဝန်းက အစီအစဉ်သစ်လေးပေါ်လာလို့ အနားမှာ အာလင်မ်တစ်ပါးရောက်လာသလို အားရှိသွားပါတယ်။
ကျနော့်အသက် (၃၄) နှစ်ရှိပါပြီ။ အနှစ်နှစ်အလလကတည်းက သိချင်နေတာလေးတစ်ခုရှိပါတယ်။
ကျနော့်မှာ ဆီးမလုံတဲ့ပြဿနာ ရှိနေပါတယ်။ ဂရုတစိုက်နဲ့ ဆီးသွားလဲ ရံဖန်ရံခါ တစ်စက်နှစ်စက်လောက် စိမ့်ကျတတ်ပါတယ်။
ရောဂါလား ဘာလဲဆိုတာလဲ နီးစပ်ရာမှာ ဆရာဝန်မရှိလို့ မမေးမိပါဘူး။ ရေမိုးချိုးပြီး အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ ဗလီသွားခါနီးလို အချိန်ကျမှ တစ်စက်နှစ်စက်လောက်လေး စိမ့်ထွက်တတ်တာမျိုး ခဏခဏ ကြုံရပါတယ်။
အဲ့ဒီလိုဖြစ်တတ်တဲ့အပေါ် သန့်ရှင်းမှုနည်းလမ်းလေးကို လမ်းညွှန်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။
ပါလာမယ့်အဖြေကို မျှော်နေပါမယ်။ အလင်းမျက်ဝန်းရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ ကျေးဇူးတင်ပါတယ် အလင်းမျက်ဝန်း။
သန်းမြင့် (တောင်ငူ)
 (အဖြေ-၃) 
  • အဲ့ဒီလိုမျိုးက ရံဖန်ရံခါသာဖြစ်ခဲ့တယ်ဆိုရင်တော့ ဆီးစက်တွေ ပေကျံတဲ့အဝတ်နဲ့ ခန္ဓာနေရာတွေကို ဆေးကြောပြီး ဝိုဇူပြန်လုပ်ရပါမယ်။
  • အမြဲလိုလို ဆီးစက်တွေကျနေတဲ့သူအတွက်တော့ နမားဇ်ချိန်ကုန်ပြီး လွတ်သွားမှာကို စိုးရိမ်ရတယ်ဆိုရင် ဝိုဇူပြုလုပ်ပြီးနောက်မှာ ဆီးစက်တွေကျနေလျက်သားအတိုင်း ဝတ်ပြုခွင့်ရှိပါတယ်။
အလင်းမျက်ဝန်းရဲ့ အမာခံအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



ٱللهُ أَكْبَر
ALLAH (GOD) is the gratest.
အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်ထွဋ်မြတ်တော်မူသော အရှင်သခင် ဖြစ်တော်မူပါသည်။
(၄) ကြိမ်

أَشْهََدُ أَنْ لاَ إِلَـٰهَ إِلَّا ٱللهُ
I bear witness that there is no diety except ALLAH.
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာမရှိကြောင်း ဝန်ခံမြွက်ဟကြွေးကြော်ပါသည်။
(၂) ကြိမ်

أَشْهََدُ أَنَّ مُحَمَّدًا رُسُولُ ٱلله
I bear witness that Muhammed is the Messenger of ALLAH.
တမန်တော်မိုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်သခင် စေလွှတ်တော်မူသော နောက်ဆုံးစေတမန်တော်ကြီးဖြစ်ကြောင်း ကျွန်ုပ်ဝန်ခံကြေငြာပါသည်။
(၂) ကြိမ်

حَيَّ عَلَىٰ ٱلصَّلاة
Come to pray (Namaz).
ဆွလားသ် ဝတ်ပြု (ဆုတောင်း) ဖို့ ကြွကြပါဗျို့။
(၂) ကြိမ်

حَيَّ عَلَىٰ ٱلْفَلاَح
Come to success.
အောင်မြင်မှုရှိရာဆီသို့ အရောက်လှမ်းကြပါစို့။
(၂) ကြိမ်

ٱللهُ أَكْبَر
ALLAH is the gratest.
အလ္လာဟ်အရှင်မြတ်သခင်သာလျှင် ကြီးကျယ်မြင့်မြတ်ဆုံး ဖြစ်ပါသည်။
(၂) ကြိမ်

لا إله إلا الله
There is no diety except for ALLAH.
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခြင်း ခံယူထိုက်သူ (လုံးဝ) မရှိပါ။
(၁) ကြိမ်

Azan-01 © အလင်းမျက်ဝန်း

[info title="YouTube" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင် ပိုမိုကြည်လင်ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/o6AsYyeP_YE
[/info]

ဗလီဝတ်ကျောင်းတော်ဒီဇိုင်းပုံစံနမူနာ (ဓာတ်ပုံ-အင်တာနက်)

ရခိုင်ပြည်နယ်အတွင်း ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ရေးအတွက် အင်ဒိုနီးရှားအစိုးရက ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဗလီဝတ်ကျောင်းတော် တည်ဆောက်မည့်အစီအစဉ်ကို မြန်မာအစိုးရကလည်း ခွင့်ပြုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရီတ်နို မာဆူဒီ (Retno Marsudi) က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီး ညီလာခံကိုရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို တို့ဟာ ဧပြီလ (၂၉) ရက် စနေနေ့က ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် အစည်းအဝေးပြင်ပတွင် သီးခြားတွေ့ဆုံစဉ်မှာ အဆိုပါကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိနစ် (၃၀) လောက် ကြာမြင့်တဲ့ ၎င်းတံခါးပိတ် ဆွေးနွေးပွဲအတွင်း ရခိုင်ပြည်နယ်က မွတ်စ်လင်မ်တွေရဲ့ အခြေအနေအပါအဝင် ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာ နှစ်နိုင်ငံအစိုးရကြား ရေတို၊ ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဗွီအိုအေမြန်မာသတင်းက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်မယ့်အချိန်ကာလ၊ တည်နေရာ၊ ကုန်ကျစရိတ်၊ ကြာမြင့်ချိန်နဲ့ ဘယ်လိုပုံစံဒီဇိုင်းနဲ့ ဆောက်လုပ်မယ်ဆိုတာကိုတော့ ၎င်းသတင်းမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

Inews-01/5/17 © အလင်းမျက်ဝန်း | ကိုးကား » VOA Burmese
[warning title="မှတ်ချက်" icon="exclamation-triangle"]ဓာတ်ပုံမှာ သတင်းနှင့်သက်ဆိုင်ခြင်း မရှိပါ။ သရုပ်ဖော်ပုံသက်သက်မျှသာဖြစ်ပါသည်။
[/warning]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.