အလင်းမျက်ဝန်းက မေးမြန်းအဖြေရှာအစီအစဉ်လေးကို အရမ်းသဘောကျပါတယ်။ ကျနော်တို့လို နိုင်ငံရပ်ခြားကသူတွေအတွက် တော်တော့်ကို အဆင်ပြေပါတယ်။ စကားကြောရှည်တာ မဟုတ်ပါ။ တကယ့်ကို အရှိအတိုင်း ပြောပြတာပါ။
ကျနော်က နယူးဇီလန်မှာ အလုပ်လုပ်နေတာပါ။ ဒီကဗလီတွေမှာ ဘောင်းဘီရှည်ကို ခြေမျက်စေ့အုပ်တဲ့ပုံစံတွေနဲ့ နမားဇ်ဖတ်ကြတာ တော်တော်များပါတယ်။ အဲ့လိုနမားဇ်ဖတ်တာ ပိုင်ပါသလား? ယောက်ျားလေးရဲ့အခြေအနေကို မေးမြန်းတာပါ။
ဟဲဟဲ ကျနော်မေးတာ ဖသ်ဝါမဆန်ပါဘူးနော်။ ဖြေပေးဖို့ မေတ္တာရပ်ခံပါတယ်ဆရာတို့ရယ်။ ကျနော်က စာရေးမကျွမ်းကျင်လို့ပါ။ မေးမြန်းတာက လိုရင်းမရောက်မှာ စိုးပါတယ်။
အလင်းမျက်ဝန်း အောင်မြင်ပါစေနော်။ ဒီထက်ပိုပြီး မြန်မာမွတ်စ်လင်မ်တွေရဲ့အကျိုးကို ထမ်းရွက်နိုင်ပါစေနော်။
သာဂျွဒ်ဘိုင် (နယူးဇီလန်)
(အဖြေ-၁) မေးမြန်းအဖြေရှာအစီအစဉ်ကို သဘောကျအားပေးတဲ့အတွက် ဝမ်းသာပါတယ် သာဂျွဒ်ဘိုင်ရေ။
- အမျိုးသားယောက်ျားလေးအတွက် ခြေမျက်စိဖုံးပြီး အဝတ်အစား၊ ဘောင်းဘီ၊ ပုဆိုး ဝတ်ခွင့် မရှိပါဘူး။
- ဗုခါရီကျမ်းမှာ ခြေမျက်စိအောက်ဝတ်ဆင်တဲ့ လုံချည်၊ ပုဆိုးကြောင့် အပါယ်ငရဲကို လားရလိမ့်မယ်လို့ ကိုယ်တော်မြတ်ရဲ့ ဟဒီးဆ်မိန့်ကြားချက်ရှိပါတယ်။
- ခြေမျက်စိ ဖုံးအုပ်နေလျက်နဲ့ စွလာသ်ဝတ်ပြုရင်တော့ စွလာသ်အထမြောက်ပါတယ်။
- ခြေမျက်စိဖုံးအုပ်တဲ့ အပြစ်တော့ ထိုက်ပါမယ်။ စွလာသ်တော့ မပျက်ပါဘူး။
(မေးခွန်း-၂)
မိန်းမ/ယောက်ျား လက်နဲ့တစ်ကိုယ်တည်း အာသာဖြေတာ အပြစ်ရှိပါသလား?
အခုခေတ်ရဲ့ ဆေးပညာက အဲ့ဒါကို ကောင်းတယ်လို့တောင် ညွှန်းဆိုနေတာမျိုးတွေ မြင်ရလို့ပါ။
လိုရင်းတိုရှင်းမဟုတ်ဘဲ နားလည်အောင်လေး ရှင်းပြပေးပါနော်။ တကယ်သိချင်တာပါ။ မေးမြန်းရတာ ရှက်လဲ ရှက်မိပါတယ်။
ချစ်ဦး (ကေအလ်၊ မလေးရှား)
(အဖြေ-၂) - ဇေနာထဲကို ကျရောက်တော့မယ့်အခြေအနေမျိုး ဖြစ်နေတယ်ဆိုရင် မိမိလက်နဲ့ပဲ အာသာဆန္ဒဖြေဖျောက်ပြီး ဇေနာကနေ ရှောင်ရှားလိုက်ပါလို့ အိမာမ်တချို့က မိန့်ကြပါတယ်။
- ဒါပေမယ့် အရသာခံဖို့ သက်သက်ပဲ ဆိုရင်တော့ တရားတော်က ခွင့်မပြုပါဘူး။
(မေးခွန်း-၃)
ကုရ်အာန်ခသမ်သိမ်းရင် စူရာဟ်နားစ်ဖတ်ပြီးရင် အလစ်ဖ်လားမ်ဘက်က တစ်ရကူထိ ပြန်ဖတ်ရတယ်ဆိုတာ ဟုတ်ပါသလား?
ဟစီနား (ကလောမြို့)
(အဖြေ-၃) - ကုရ်အာန်ခသမ်ပြီးတဲ့အခါတိုင်းမှာ စူရဟ်နားစ်ပြီးတာနဲ့ အဆုံးမသတ်လိုက်ဘဲ စူရဟ်ဖာသိဟဟ်နဲ့ စူရဟ်ဗကရဟ်ရဲ့ ရှေ့ဆုံး (၅) အာယသ်အဆုံး وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ ( ဝအုလာအိက ဟုမွလ် မွဖ်လိဟူးန် ) အထိ ဆက်လက်ဖတ်ရွတ်ခြင်းဟာ စွန္နသ် ဖြစ်ပါတယ်။
- ကုရ်အာန်ဖတ်ရွတ်တာကို အဆုံးသတ်လိုက်တာ မဟုတ်ဘဲ နောက်တစ်ကြိမ်အတွက် ပြန်လည်ပြီး အစပြုပေးလိုက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
- အဲဒါကို “ ဟာလွလ်မုရ်သဟိလ် ” လို့ ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။