(မေးခွန်း-၁)
ဇွဲကြိုးချသေတဲ့သူကို ဂျနာဇာ ရပ်ပေးတာ မပိုင်ဘူးလို့ ကြားဖူးပါတယ်။ တစ်နေ့ကတော့ ဇွဲကြိုးချသေသူကို ဂျနာဇာဖတ်ပေးပြီး အစ္စလာမ်သင်္ချိုင်းမှာ သင်္ဂြိုလ်ပေးတာ မြင်ရပါတယ်။ ရှင်းပြပေးပါအုံး ဆရာ။
နေမျိုး (ရေတာရှည်)
(အဖြေ-၁) - ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ ကြီးလေးတဲ့ အပြစ်ဂိုနာပါ။ ကဗီရဟ်ဂိုနာပါ။ ဘယ်မွတ်စ်လင်မ် တစ်ဦးတစ်ယောက်အတွက်မှ မပြုပိုင်ပါဘူး။
- အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူပါတယ်။ وَلا تَقْتُلُوا أَنْفُسَكُمْ إِنَّ اللَّهَ كانَ بِكُمْ رَحِيماً [ ၎င်းပြင် အသင်တို့သည် မိမိတို့ကိုယ်ကို သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန်သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၄း၂၉) ]
- တမန်တော်မြတ် ﷺ က မိန့်တော်မူပါတယ်။ မည်သူမဆို မိမိကိုယ်ကို အရာတစ်ခုခုနဲ့ သတ်မယ်ဆိုရင် ကိယာမသ်နေ့မှာ အဲဒီအရာနဲ့ အဇာဗ်အပြစ်ဒဏ်ပေးခြင်း ခံရပါမယ်။ မွတ်စ်လင်မ်ကျမ်းတော်မှာ သာဝကကြီး ဂျာဗိရ်ဗင်န်စမုရဟ်ရဲ့ ဆင့်ပြန်ချက် လာရှိပါတယ်။ တမန်တော်မြတ် ﷺ ဟာ ကိုယ့်ကိုယ်ကိုယ် မြှားတံတွေနဲ့သတ်တဲ့သူရဲ့ ဈာပနကို ယူဆောင်လာတဲ့အခါ ဂျနာဇဟ်စွလာသ် ဝတ်ပြုမပေးခဲ့ပါဘူး။
- ဒီဟဒီဆ်တော်ကို အခြေခံပြီး ပညာရှင်အချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေသူကို ဂျနာဇဟ်ဝတ်ပြုမပေးရလို့ အဆိုပြုကြပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုကတော့ ဒီဟဒီဆ်တော်ကို ရှင်းလင်းရာမှာ ကိုယ်တော်မြတ်ကြီး ﷺ က မိမိကိုယ်တိုင်တော့ အဲဒီလိုလူမျိုးကို ဂျနာဇဟ်ဝတ်ပြုမပေးပေမဲ့ စွဟာဗဟ်ကြီးတွေ ဝတ်ပြုတာကို မကန့်ကွက်ခဲ့ပါဘူး။ ကိုယ်တော်ဝတ်ပြုမပေးရတဲ့အကြောင်းကလည်း လူတွေကို ဒီလိုလုပ်ရပ်မျိုးကနေ ရွံ့ရှာဖို့၊ ဒီလိုလုပ်ရပ်မျိုးကို နောက်နောင်တခြားသူတွေလည်း မလုပ်မိစေဖို့ သံဝေဂရစေဖို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်လို့ ဖြေကြားကြပါတယ်။
- အချုပ်ပြောပြရရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူဖြစ်စေ၊ သာသနာအရအပြစ်ဒဏ်ခတ်ရင်း သေဆုံးသူဖြစ်စေ၊ ဇိနာနဲ့ရတဲ့ကလေးငယ်ဖြစ်စေ အားလုံးကို ဂျနာဇဟ်စွလာသ် ဝတ်ပြုပေးရပါမယ်။
- ဒါပေမဲ့ ကျန်ရစ်သူတွေကို သံဝေဂပေးတဲ့အနေနဲ့ ဂုဏ်သရေရှိသူတွေ၊ လူအများလေးစားတဲ့ ရှေ့ဆောင်ဆရာတွေကတော့ ဝတ်ပြုမပေးဘဲ ကျန်တဲ့သာမန်လူတွေလောက်ကသာ ဝတ်ပြုပေးသင့်ပါတယ်။ အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။
[/content][content]
(မေးခွန်း-၂)
ကျမက ကိုယ့်ကိုယ်ကို အပြစ်တွေ အရမ်းများနေပြီလို့ စိတ်ထဲက တွေးမိပါတယ်။ ဗေဒင်တစ်ယောက်က အီမာန်လက်ခံလိုက်ရင် မွေးကင်းစကလေးတစ်ယောက်လို အပြစ်တွေ သန့်စင်သွားတယ်လို့ ကြားဖူးပါတယ်။ ကျမအနေနဲ့ တစ်ခါတစ်လေ ငါ အီမာန်ဖျက်ပြီး အီမာန်ပြန်ယူလိုက်ရင်ရော အဲ့လိုအပြစ်တွေ ဖယ်ရှားပေးခြင်းခံရမလားလို့ တွေးမိပါတယ်။ လုပ်သင့်/မလုပ်သင့် ရှင်းပြပေးပါလားရှင့်။
စဖူရာဟ်ဘီဘီ (ဇီးကုန်း)
(အဖြေ-၂) - အလ္လာဟ်အရှင်မြတ်က မိမိရဲ့ ဗျာဒိတ်တော်မှာ ကြီးကျယ်လှတဲ့ဥပဒေကို သတ်မှတ်ပြဌာန်းထားတော်မူပါတယ်။ နောက်ပြီး အဲဒီဥပဒေအပေါ် လိုက်နာမှုကိုလည်း ပြန်လည်စစ်ဆေးမဲ့ ဥပဒေကြီးလို့လည်း ဖော်ပြပါတယ်။ ဆုပေးဒဏ်ပေးစနစ်ပါတဲ့ ဥပဒေကြီးပေါ့။ အဲဒါကတော့ (သောင်ဗဟ်) အမှားဝန်ခံပြီး အရှင့်ဘက် ပြန်လှည့်တာဟာ သူ့အရင်ရှိခဲ့တာတွေကို ဆွဲငင်ယူဆောင်လာနိုင်တယ်။ နောက်ပြီး အစ္စလာမ်ဟာ သူ့အရင်ရှိခဲ့တာတွေကို ချေဖျက်ပစ်နိုင်တယ်။ နောက်ပြီး သောင်ဗဟ်ရဲ့တံခါးဟာ ဗန္ဒဟ်လူသားတိုင်းအတွက် ဖွင့်ထားပြီးသား ဖြစ်တယ်။ တကယ်လို့ အဲဒီလူဟာ အကြိမ်ပေါင်းမြောက်မြားစွာ ပြစ်မှုထဲမှာ၊ ကွဖ်ရ်ထဲကိုရောက်ရင်လည်း သောင်ဗဟ်ရဲ့တံခါးက နောက်ဆုံးအသက်ထွက်ခါနီးအချိန်ထိ ဖွင့်ထားပါတယ်။
- အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ဟာ အံ့မခန်းပါ။ အလွန်ကျယ်ဝန်းလှပါတယ်။ အရှင့်ရဲ့ ကရုဏာသက်ရောက်မှု၊ ကြင်နာသနားမှုဟာ မိမိရဲ့ကျေးကျွန်တွေအပေါ်မှာ များစွာရှိပါတယ်။ သောင်ဗဟ်လုပ်တဲ့သူရဲ့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံမှာဖြစ်ပြီး သူ့ရဲ့အပြစ်ဒုစရိုက်တွေကို ချမ်းသာခွင့်လွှတ်ပေးတော်မူမှာ ဖြစ်ပါတယ်။ ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူပါတယ်။
- قُلْ لِلَّذِينَ كَفَرُوا إِنْ يَنْتَهُوا يُغْفَرْ لَهُمْ مَا قَدْ سَلَفَ وَإِنْ يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ [ (အို-နဗီတမန်တော်) အသင်သည် မယုံမကြည် သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့) ပြောကြားပါလေ။ ၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည် ၎င်းတို့အဖို့ ခွင့်လွှတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်း ဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။ ]
- အီမာန်ရှင်တစ်ယောက်အဖို့ အလ္လာဟ်အရှင်မြတ်က ဖွင့်ပေးထားတော်မူတဲ့ သောင်ဗဟ်ရဲ့ တံခါးပေါက်ဟာ ပိုမိုကျယ်ဝန်းပြီး ပိုမိုမြတ်နိုးဖွယ်ရာ ကောင်းလှပါတယ်။ အရှင်မြတ် မနှစ်သက်တဲ့ ကွဖ်ရ်ဘဝကို ပြန်သွားစရာ မလိုပါဘူး။ ကိုယ့်အပြစ်တွေကို ပလပ်သွားအောင်လုပ်ဖို့ နည်းလမ်းရွေးချယ်ရာမှာ မေးခွန်းမှာပါတဲ့ နည်းလမ်းဟာ နည်းလမ်းအမှားပါ။ လုံးဝကြီး အစ္စလာမ်ကို လက်မခံသေးတဲ့ ဘာသာခြားတစ်ဦးအတွက် အစ္စလာမ်ကို လက်ခံလိုက်ခြင်းဟာ သူ့နဂိုက အပြစ်တွေကို ပလပ်စေခြင်းပါ။ ဟုတ်ပါတယ်။
- အစ္စလာမ်သာသနာကို လက်ခံထားတဲ့ မွတ်စ်လင်မ်တစ်ဦးက အပြစ်တွေပလပ်ဖို့ အဲဒီအဆင့်ကို သွားဖို့မလိုပါဘူး။ အရှင်မြတ် ဖွင့်ပေးထားတဲ့ သောင်ဗဟ်ရဲ့ တံခါးပေါက်ကို အရောက်လှမ်းလိုက်ပါ။ အရှင်က မိမိရဲ့ရဟ်မသ်နဲ့ ထွေးပိုက်လိုက်ပါလိမ့်မယ်။ အလ္လာဟ်အရှင် မေးမြန်းသူကိုရော ဖြေကြားသူကိုရော အလင်းမျက်ဝန်း ဝိုင်းတော်သားများအားလုံးကိုပါ သိလျက်နဲ့ပြုမိတဲ့အပြစ်၊ မသိဘဲပြုမိခဲ့တဲ့အပြစ်၊ ဖုံးကွယ်ပြီး ပြုလုပ်မိခဲ့တဲ့အပြစ်၊ ပေါ်ပေါ်ထင်ထင်ပြုမိခဲ့တဲ့အပြစ် စတဲ့အပြစ်တွေအားလုံးကို ချမ်းသာခွင့်လွှတ်ပေးတော်မူပါစေ။ (အာမီးန်)
(မေးခွန်း-၃)
ဒိုအာယူနွတ်စ်ကို ကိုယ်ဝန်ဆောင်တွေဖတ်ရတယ်ပြောတာ ကိုယ်ဝန်စရှိထဲက ဖတ်ရတာလား။ ဗိုက်နာမှဖတ်ရတာလား။ တချို့ဒိုအာတွေက ပြင်းထန်လို့ မဖတ်သင့်ဘဲဖတ်ရင် ဘေးဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။
ချစ်စု (မလေးရှား)
(အဖြေ-၃) - သာဝကကြီး စအဒ်ဗင်န် မာလိက် رضي الله عنه ထံမှ ဆင့်ပြန်ချက် လာရှိပါတယ်။ တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော် တစ်ခုရှိတယ်။ အဲဒီနာမတော်ကိုကိုင်ပြီး ဆုဒုအာတောင်းခံရင် အလ္လာဟ်အရှင် လက်ခံတော်မူတယ်။ အဲဒါကို အကြောင်းခံပြီးတောင်းရင် အလ္လာဟ်က ပေးသနားတော်မူမှာ ဖြစ်တယ်။ အဲဒါကတော့ ယူနွတ်စ်ဗင်န် မသ်သာရဲ့ ဆုဒုအာပဲ ဖြစ်တယ်။ စအဒ် رضي الله عنه က ဆက်လက် ပြောပြတယ်။ ဒါနဲ့ ကျွန်ုပ် မေးလျှောက်လိုက်တယ်။ ကိုယ်တော် အဲဒီဒုအာက ယူနွတ်စ်နဗီအတွက် သီးသန့်လား၊ ဒါမှမဟုတ် မွတ်စ်လင်မ်ထုတစ်ရပ်လုံးအတွက်လား။ ကိုယ်တော်မြတ် ﷺ က မိန့်ကြားတော်မူတယ်။ အဲဒီဆုဒုအာဟာ တမန်တော်ယူနွတ်စ်ဗင်န် မသ်သာအတွက်လည်း သီးသန့်ဖြစ်သလို မွတ်စ်လင်မ်တွေအတွက်လည်း ဖြစ်တယ်။ အသင် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို မကြားမိပါသလား။
- فَنَادَىفِيالظُّلُمَاتِأَنْلَاإِلَهَإِلَّاأَنْتَسُبْحَانَكَإِنِّيكُنْتُمِنَالظَّالِمِينَ | فَاسْتَجَبْنَالَهُوَنَجَّيْنَاهُمِنَالْغَمِّوَكَذَلِكَنُنْجِيالْمُؤْمِنِينَ
- [ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကားဟု ဟစ်ခေါ် တသ အသနားခံ ပန်ကြားခဲ့လေသည်။ ] [ ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်) ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား (ပူပင်သောကဖြစ်ခြင်းမှ) ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဤနည်းနှင့် ကယ်တင်လေ့ ရှိတော်မူပေသတည်း။ ]
- အလင်းပြကျမ်းထဲမှ ရှင်းလင်းချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
- ဤအာယတ်တော်တွင် “ တမန်တော်ယူနွတ်စ်သည် အမှောင်များတွင် ဟစ်ခေါ်ပန်ကြားခဲ့သည် ” ဟူ၍ လာရှိသည်။ “ အမှောင်များ ” ဟူသည် ရေထု၏အမှောင်၊ ငါး၏ ဝမ်းဗိုက်တွင်းအမှောင်နှင့် အချို့အဆိုအရ ညဥ့်၏အမှောင်များကို ဆိုလိုသည်။ (ကြည့်-ထာနဝီ)
- ဤသည် ငါး၏ ဝမ်းဗိုက်တွင် တမန်တော်ယူနွတ်စ် عليه سلم တောင်းဆိုပန်ကြားခဲ့သော ဆုမွန်ပင် ဖြစ်သည်။ ဒုက္ခဖြစ်သည့်အချိန် မည်သူမဆို စိတ်စေတနာဖြူစင်စွာဖြင့် တမန်တော်ယူနွတ်စ်၏ ဆုမွန်ကို ရွတ်ဖတ်ပန်ကြားပါက ဆုတောင်းပြည့်သည်သာဖြစ်သည်။ တမန်တော်မြတ်က “ မည်သူမဆို တမန်တော်ယူနွတ်စ်၏ ဆုမွန်ကို ရွတ်ဖတ်ပန်ကြားပါက ထိုသူသည် ဆုတောင်းပြည့်သည် ” ဟု မိန့်ကြားတော်မူခဲ့လေသည်။ (အိဗ်နုကဆီရ်ကျမ်း အ-၃၊ စ-၁၉၃)
- ဒါကြောင့် အခက်အခဲတစ်ခုခု ကျရောက်ချိန် ဖတ်ရွတ်သင့်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်စတဲ့အချိန် ဖတ်ရလား၊ သို့မဟုတ် မွေးဖွားခါနီးမှ ဖတ်ရလားဆိုတာကို မသိထားပါဘူး။ ဘာအခက်အခဲဖြစ်ဖြစ် ကြုံတွေ့ရချိန်မှာတော့ ဖတ်ရွတ်ရမဲ့ ကုရ်အာန်ကျမ်းလာဒုအာတစ်ခုပဲ ဖြစ်ပါတယ်။
- နောက်ပြီး ကုရ်အာန်ကျမ်းတော်နဲ့ ဟဒီးဆ်တော်မြတ်မှာလာရှိတဲ့ ဒုအာတွေကိုသာ ဖတ်ရွတ်ရင် (ဆေးဝါးတွေလို တန်ဆေးလွန်ဘေး) ဘာဘေးမှ မဖြစ်ဘူးဆိုတာကိုတော့ မြေကြီးလက်ခတ်မလွဲ ပြောဆိုနိုင်ပါတယ်။ ကုရ်အာန်ကျမ်းနဲ့ ဟဒီးဆ်တော်တို့မှာ မလာရှိတဲ့ ဒုအာတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
- အလ္လာဟ်အရှင် သားကောင်း/သမီးကောင်းရတနာများ ပေးသနားတော်မူပါစေ။ ကိုယ်ဝန်လွယ်ထားတဲ့ မိခင်တိုင်းကို လွယ်ကူချောမွေ့စွာ ဖွားမြင်နိုင်စွမ်း ပေးသနားတော်မူပါစေ။ (အာမီးန်)
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။