(မေးခွန်း-၁)
ကဆွီဒါတွေကို နောက်ခံသံလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေးဖြစ်အောင် အလှဆင်ပြီး သီဆိုခွင့် ရှိပါသလား။ ဥပမာ အလင်းမျက်ဝန်းက တင်ပေးနေတဲ့ ကဆွီဒါလို အမျိုးအစားတွေပေါ့။ နောက်ခံအသံကို ဖန်တီးရာမှာ ပါးစပ်ရဲ့ သီဆိုသံတင် မဟုတ်တော့ဘဲ လက်ခုပ်တီးတာမျိုး၊ လက်ဖျောက်တီးတာမျိုး၊ ပေါင်ကိုရိုက်တာမျိုးလို အသံမျိုးတွေကရော ထည့်သွင်းအသုံးပြုလို့ ပိုင်-မပိုင် ပြောပြပေးပါ။ သမီးက အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးပါ။ အာလေမဟ်ဆိုပေမယ့် တကယ်သိချင်လို့ပါ။ အရင်ကလည်း မေးခဲ့ဖူးပါတယ်။ အရစ်တက်ပြီး မေးမြန်းတာ မဟုတ်ပါဘူး။ ပညာစမ်းတာလဲ မဟုတ်ပါဘူး။ တကယ်သိချင်ရုံပါ။
ဟာဂျီယာ ကာရီအဟ် အာလေမာဟ် မေမဒီလင်း (တောင်ကြီး)
(အဖြေ-၁) - ပထမအချက်ကတော့ ညီမကို ဖြေခဲ့ဖူးတဲ့ (အတွဲ-၁၃၊ အဖြေ-၂) ကို ပြန်လည်လေ့လာပါလို့ ဦးစွာ အကြံပြုလိုပါတယ်။
- ဒုတိယအချက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ညီမ သင်ယူခဲ့ရတဲ့ စာအုပ်စာပေတွေနဲ့ ဆရာ/မတွေကို ချဉ်းကပ်ပြီး လေ့လာမေးမြန်းအဖြေရှာဖို့ တိုက်တွန်းပါတယ်။
- ဒီအကြောင်းအရာဟာ သိပ်ကို ကျယ်ပြန့်လွန်းတာကြောင့် မေးခွန်းပါအတိုင်း သီဆိုခွင့်ရှိမရှိဆိုတာကို မိမိရဲ့ဆရာသမားတွေနဲ့ ဆွေးနွေးအဖြေရှာတာက အကောင်းဆုံးပါလို့ အကြံပြုပါတယ်။
- အလင်းမျက်ဝန်းက တင်ဆက်ပေးနေတာတွေဟာ တူရိယာတွေနဲ့ တီးမှုတ်/ခတ်ပြီး ဖန်တီးထားတဲ့ သီချင်းအမျိုးအစားတွေ မဟုတ်ဘဲ သာသနာ့အဆုံးအမတရားတွေကို နားဝင်ပီယံဖြစ်အောင် သီးသန့်အလှဆင်ဖန်တီးထားတဲ့ သံစဉ်ဖွဲ့ ကဗျာလင်္ကာအမျိုးအစားတွေသာ ဖြစ်တယ်လို့ ဖြေကြားပါရစေနော်။
(မေးခွန်း-၂)
အရက်က မသန့်ကြီးအမျိုးအစားလားဆိုတာ သိချင်ပါတယ်။ အရက်ပါတဲ့ တိုင်းရင်းဆေးတစ်မျိုးမျိုးကို လိမ်းပြီး နမားဇ်ဖတ်လို့ရလား။ ဆရာတို့ကို ကျေးဇူးအရမ်းတင်ပါတယ်။
ခင်မာသက် (မေတ္တာညွန့်-ရန်ကုန်)
(အဖြေ-၂) - အရက်ဟာ မသန့်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အိမာမ်ကြီး (၄) ပါးလုံးရဲ့ သဘောထားမှတ်ချက်ဟာ ညီညွတ်ကြပါတယ်။ ဒါကြောင့် အရက်ပါတဲ့ လိမ်းဆေးကို လိမ်းထားပြီး ဆွလာသ်ဆောက်တည်ခွင့် မရှိပါဘူး။ ဦးစွာ ဆေးကြောပြီးမှ ဆွလာသ်ဝတ်ပြုရပါမယ်။
- နောက်တစ်ခု အကြံပြုလိုတာကတော့ ဟရာမ်အရာတစ်ခုခုနဲ့ ဆေးဝါးကုသခြင်းကိစ္စပါ။ ဆိုလိုတာက အရက်ဟာ ဟရာမ်ပါ။ အဲ့ဒီဟရာမ်အရာဝတ္ထုနဲ့ ဆေးကုသခြင်းဟာ မပြုပိုင်ပါ။ ရောဂါအတွက် အခြားဆေးဝါးတွေ မရရှိနိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးထားပါတယ်။
- ဟဒီးဆ်တော်မှာ တမန်တော်မြတ် ﷺ က မိန့်မှာတော်မူထားပါတယ်။ “ မုချဧကန် အလ္လာဟ်အရှင်မြတ်သခင်သည် ရောဂါကိုရော ဆေးဝါးကိုပါ တွဲ၍ချပေးသနားတော်မူခဲ့တယ်။ ရောဂါဘေးဘယတိုင်းအတွက် ပျောက်ကင်းသည့် ဆေးဝါးကိုပါ ဖန်ဆင်းပေးထားပြီး ဖြစ်တယ်။ (လူတွေက ရှာဖွေလို့ မရနိုင်ကြသေးတာပဲ ဖြစ်ပါတယ်)။ ဒါကြောင့် အသင်တို့ ဆေးကုသကြပါ။ ဟရာမ်အရာတစ်ခုခုနဲ့တော့ ဆေးကုသခြင်းမျိုးကို မပြုလုပ်ကြနဲ့။ ”
- ဒီနေရာမှာ ဆက်စပ်အကြောင်းအရာအဖြစ် အရက်ပျံပါရှိတဲ့ ရေမွှေးကိုတော့ သုံးစွဲခွင့်ရှိတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။ အကြောင်းကတော့ အရက်ပျံဟာ အရက်မဟုတ်လို့ပဲ ဖြစ်ပါတယ်။
(မေးခွန်း-၃)
ကိုယ်မသန့်ဘဲ မိုင်ယသ်ရေချိုးပေးလို့ရပါသလား။ ကိုယ်မသန့်ဘဲ ဇကရတ်ဖြစ်နေသူနား ထိုင်နေလို့ရပါသလား။ ကိုယ်မသန့်ဘဲ မိုင်ယသ်ကို ကိုင်တွယ်လို့ရပါသလား။
အငယ်မ (ပျဉ်းမနား)
(အဖြေ-၃) - ကိုယ်မသန့်သူ (ရေချိုးထိုက်သူ/ဓမ္မတာသွေးဆင်းနေသူ) တွေဟာ သေသူနားသွားရောက်ခြင်း၊ စကရာသ် အသက်ငင်နေသူအနား ရှိနေခြင်း၊ သေဆုံးကွယ်လွန်သူကို ရေချိုးပေးခြင်း စတာတွေကို လုပ်ခွင့်ရှိကြောင်း ပညာရှင်အချို့က အဆိုပြုပါတယ်။
- ဒါပေမဲ့လည်း ကိုယ်မသန့်တဲ့သူ (ဂျုနုဗီ) ဟာ သေဆုံးကွယ်လွန်သွားသူကို ရေချိုးပေးခြင်း မက္ကရူးဟ်ဖြစ်ကြောင်း အောက်ပါဟဒီးဆ်တော်ကို ကိုးကားပြီး အဆိုပြုကြပါတယ်။
- တမန်တော်မြတ် ﷺ က မိန့်မှာတော်မူပါတယ်။ လူသုံးဦးအနားသို့ ကောင်းကင်တမန်များ ချဉ်းကပ်ခြင်း မပြုကြပေ။ ထိုသုံးဦးကတော့- (၁) ကာဖိရ်ရဲ့ရုပ်အလောင်း၊ (၂) ခလူးက်ရေမွှေး လိမ်းကျံထားသူ၊ (၃) ဂျုနုဗီ (ကိုယ်မသန့်သူ) (သို့သော်) သူဟာ ဝိုဇူပြုလိုက်ရင်တော့ ခြွင်းချက်ဖြစ်ပါတယ်။
- အသက်ငင်နေသူတစ်ဦးအနား ကိုယ်မသန့်ရင် မသွားနဲ့၊ အနားမကပ်နဲ့၊ ခပ်ဝေးဝေးမှာနေ စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။
- တကယ်တမ်းမှာတော့ ဓမ္မတာသွေးဆင်းနေတဲ့ မိန်းကလေးတစ်ဦးဟာ သူမရဲ့ မိသားစုဝင်တစ်ဦး အခုလို ကြုံကြိုက်ရချိန်မျိုးမှာတော့ အဲ့ဒီလိုမျိုး မဖြစ်သင့်ပါဘူး။
- ဒါကြောင့် ဒီကိစ္စဟာ အခြေအနေအပေါ်မူတည်ပြီး ပညာရှင်ကြီးတွေရဲ့အဆိုကို အရေးတကြီး လိုအပ်ချက်အရ ကျင့်သုံးပါလို့ ကျနော်တို့ဘက်က အကြံပြုပါရစေ။
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။