ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရဟ်မသ်ဗလီရှိ “ဗရကသွလ်အုလူးမ်” အစ္စလာမ့်အခြေခံပညာရေးစာသင်ကျောင်း၏ ၂၀၁၆-၂၀၁၇ ခုနှစ် နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ (၂၂-၁-၂၀၁၇) တနင်္ဂနွေနေ့နံနက်က ကျင်းပခဲ့ပါတယ်။


အခမ်းအနားကို သဘာပတိအဖြစ် မောင်ဝ်လာနာ မိုဟမ္မဒ်ကရီမွလ္လာဟ်ဟစန်စုလိုင်မာနီက ကြီးမှူးပြီး ဟာဖွိဇ်မော်လဝီမွတ်စ်သွဖွာ(ဘိုကလေး) နဲ့ ကာရီဟာဖီးဇ်ခိုင်ရွလ္လာဟ်တို့က ကျမ်းတော်မြတ်ကုရ်အာန်ကို အသီးသီး ဖတ်ရွတ်ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါတယ်။


ထို့နောက်မှာတော့ ဗလီအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌကြီး ဦးခင်မောင်က ကျောင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက်မှာတော့ ကျောင်းသားလေးများရဲ့ စွမ်းရည်များကို ဖော်ထုတ်ပြသတဲ့အစီအစဉ်များ အသီးသီးတင်ဆက်ပြသခဲ့ကြပါတယ်။

ဆက်လက်ပြီးတော့ ထူးခြားတဲ့ အစီအစဉ်တစ်ရပ်အဖြစ် ကာရီ ဟာဖီးဇ် မိုဟမ္မဒ် အိစ်မာအီလ်ဆိုတဲ့ မျက်မမြင် ဟာဖီးဇ်ပညာရှင်လေးဟာ ၎င်းရဲ့သာယာတဲ့အသံနဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ပြပြီးနောက် တမန်တော်မြတ် ﷺ ကို ချီးမွမ်းဂုဏ်ပြုတဲ့ကဗျာလင်္ကာကို ရွတ်ဆိုပြခဲ့တာကြောင့် ကြွရောက်လာတဲ့ ပရိသတ်များက အထူးနှစ်ခြိုက်စွာနဲ့ ချီးကျူးသြဘာပေးခဲ့ကြပါတယ်။

ပြီးနောက်မှာတော့ ပညာရည်ထူးချွန် ကျောင်းသားများကို ဂုဏ်ပြုဆုများနဲ့တကွ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ပါတယ်။

ပြီးနောက်မှာတော့ ကာရီ ဟာဖီးဇ် မိုဟမ္မဒ် အိဗ်ရာဟီးမ်က ဆုတောင်းဒုအာပြုပြီး အခမ်းအနားကို နိဂုံးချုပ်လိုက်ပါတယ်။

အစီအစဉ်ပြီးဆုံးပြီးနောက်မှာတော့ အခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ထမင်းကျွေးဧည့်ခံခြင်းအပြင် အမှတ်တရ သာသနာ့အခြေခံစာအုပ်များကိုလည်း အခမဲ့ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

Mnews-003/17 © အလင်းမျက်ဝန်း