အမေရိကန်နိုင်ငံမှာ မွတ်စ်လင်မ်တွေ လက်တလောကြုံတွေ့နေရတဲ့ အစ္စလာမ်ကြောက်ရောဂါ မုန်တိုင်းထန်နေစဉ် ကာလမျိုးမှာ အမေရိကန်ကဗျာစာဆိုအဖွဲ့တစ်ဖွဲ့ဟာ အစ္စလာမ်ကိုကာကွယ်တဲ့ စကားလုံးတွေကို ပရိသတ်ရှေ့မှာ ရဲရဲဝံ့ဝံ့နဲ့ ရွတ်ဆိုသွားခဲ့ပါတယ်။

“ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့ Delen Rove ဆိုသူဟာ သမ္မာကျမ်းစာ သင်ယူဆည်းပူးနေကြတဲ့ လူအုပ်စုထံ ချဉ်းကပ်ရောက်ရှိလာတယ်။ သူတို့ကြားထဲ ဝင်ထိုင်လိုက်တယ်။ သူတို့လိုပဲ ဝတ်ပြုတယ်။ ပြီးတော့ လက်နက်ထုတ်တယ်။ တစ်ယောက်ပဲ အရှင်ထားပြီး အားလုံးကို သတ်ပစ်တယ်။ ဒီအဖြစ်အပျက်ပြီးတဲ့နောက် Delen Rove ကို ဖမ်းမိခဲ့တယ်။ သူကိုးကွယ်တဲ့ ဘုရားရှင်ကို တို့တတွေ သံသယ မဖြစ်ခဲ့ကြဘူး။ သူဟာ အာဖရိကတွေနဲ့ ဆန့်ကျင်တဲ့ အမျိုးသားရေးအမှတ်လက္ခဏာကို ဝတ်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ဆက်နွှယ်တဲ့သူ တစ်ဦးတစ်ယောက်ကိုမှ တို့တတွေ သံသယ မဝင်ခဲ့ကြဘူး။ ”

Rudy Francisco နဲ့ Natasha Hooper နဲ့ Amen Ra တို့ သုံးဦးဟာ ငြိမ်းချမ်းရေး ကဗျာစာဆိုပြိုင်ပွဲမှာ အထက်ပါစကားလေးတွေနဲ့ သူတို့ရဲ့တင်ဆက်မှုကို အစပြုခဲ့ကြပါတယ်။

ဒီကဗျာပြိုင်ပွဲဟာ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ သူတို့ရဲ့ဖန်တီးမှုအသစ်တစ်ခုခုကို တင်ဆက်ပြရပါတယ်။

ဒီအမေရိကန်နိုင်ငံသားသုံးဦးကတော့ သူတို့ရဲ့ ဖန်တီးမှုအဖြစ် “ အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး ” ဆိုတဲ့ ကွဲထွက်တဲ့ ဖန်တီးမှုကို ရွေးချယ်ခဲ့ကြပါတယ်။

အထက်ပါဖော်ပြချက်လိုပုံစံနောက်တစ်ခုကိုလည်း ဆက်လက်ရွတ်ပြခဲ့ပါတယ်။

အလားတူပင် ခရစ်ယာန်လူဖြူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူရာနဲ့ချီပြီး သေကြေခဲ့ရတဲ့ အဖြစ်အပျက်တစ်ချို့ကို တင်ပြသွားခဲ့ပြီး အဲဒီအကြမ်းဖက်မှုတွေမှာ ဘယ်သူကမှ အကြမ်းဖက်သာသနာလို့ စွပ်စွဲတာ၊ သူတို့နဲ့ ပတ်သက်သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို အကြမ်းဖက်သမားတွေလို့ လာပြီးသမုတ်ကြတာတွေ မရှိခဲ့ကြောင်း။ ဘယ်သူကမှလည်း သူတို့ကို အမေရိကန်နိုင်ငံကနေ ထွက်သွားဖို့ တောင်းဆိုတာမျိုး မရှိခဲ့ကြောင်း၊ သူတို့ရဲ့ ဝတ်စားပုံကို ပြောင်းလဲခိုင်းတာမျိုး မရှိခဲ့ပါဘူး။ လူဖြူတချို့ရဲ့ အကြမ်းဖက်မှုကို အခြေခံပြီး လူဖြူအားလုံးကို အကြမ်းဖက်သမား စာရင်းမှာလည်း မသွင်းခဲ့ကြပါဘူးလို့ ရွတ်ဆိုခဲ့ကြပါတယ်။

အဆုံးမှာ သူတို့သုံးဦးဟာ မွတ်စ်လင်မ်တချို့ရဲ့ အမှားကို အခြေခံပြီး မွတ်စ်လင်မ်အားလုံးကို အပြစ်ဖို့တာ မလုပ်ကြဖို့ တောင်းဆိုလိုက်ပြီး IS ကို နောက်ကွယ်ကနေ ပံ့ပိုးနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခံထားရတဲ့ အမေရိကန်အစိုးရကိုပဲ စုံစမ်းစစ်ဆေးကြပါလို့ တောင်းဆိုလိုက်ကြပါတယ်။

ဒါ့အပြင် လေယာဉ်ကွင်းတွေမှာ မွတ်စ်လင်မ်တွေကို မယုံသင်္ကာ မဖြစ်ကြဖို့နဲ့ လူတွေကြားမှာ အမုန်းစကားတွေ ဖြန့်ချိပြီး ဗလီဝတ်ကျောင်းတော်တွေကို ဖျက်ဆီးဖို့ ပြောနေတဲ့ အစွန်းရောက်တွေရဲ့စကားကို နားမထောင်ကြဖို့ လှုံ့ဆော်ခဲ့ပြီးနောက် သူတို့ရဲ့ တင်ဆက်မှုကို “ အစ္စလာမုအလိုင်ကွမ်း (အသင်တို့အပေါ် ငြိမ်းချမ်းမှုအဖြာဖြာ ခညောင်းပါစေသား) ” ဆိုတဲ့ အစ္စလာမ့်ငြိမ်းချမ်းရေး နှုတ်ခွန်းဆက်စကားလေးနဲ့ အဆုံးသတ်ခဲ့ကြပါတယ်။

Inews-019/2/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة