အစ္စလာမ်ဘာသာသို့ ကူးပြောင်းမှု အရှိန်အဟုန်ကောင်းလာတဲ့ ကွန်မြူနစ်နိုင်ငံ ကျူးဘားရဲ့ မြို့တော်မှာ ပထမဦးဆုံးသော ဗလီဆောက်လုပ်မည်


ကမ္ဘာကျော် လက်တင်အမေရိက ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ကျူးဘားမှာ အစ္စလာမ်သာသနာတော်အား ကိုးကွယ်ယုံကြည်မှုအရှိန်အဟုန်မှာ တစ်ဟုန်ထိုးဖြင့် ပျံ့နှံ့လာနေပါတယ်။

ကျူးဘားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ တိုးပွါးလာတဲ့ အရေအတွက်ကို ထောက်ရှုပြီး မြို့တော်ရဲ့ ပထမဦးဆုံးသော ဗလီဝတ်ကျောင်းတော်ကို နိုင်ငံ့ပြယုဂ်အဖြစ် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ကျူးဘားရဲ့ ကွန်မြူနစ်အုပ်ချုပ်ရေးမြို့တော် ဟာဗါနာမှာ ဗလီဝတ်ကျောင်းတော်တစ်ဆောင်ကို ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ထည့်ဝင်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

ဒီဗလီဝတ်ကျောင်းတော်ဟာ ကျူးဘားနိုင်ငံရဲ့ ပထမဦးဆုံးသော ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံမှာ လူဦးရေ (၁၁.၄) သန်းလောက်ရှိပြီး မွတ်စ်လင်မ်ဦးရေဟာ (၁၀၀၀၀) ဝန်းကျင်လောက် ရှိနေပါတယ်။

ပါကစ္စတန်နိုင်ငံရှိ သာသနာ့တက္ကသိုလ်ကြီးများမှ စနဒ် (ဘွဲ့) ရရှိခဲ့တဲ့ သာသနာ့ပညာရှင်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ကျူးဘားနိုင်ငံမှာ အစ္စလာမ်သာသနာတော်ဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြန့်ပွားလာခဲ့တာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

သူတို့ဟာ ၂၀၀၅ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်ဒဏ်သင့်ခံရပြီးနောက်ပိုင်းကတည်းက ကျူးဘားနိုင်ငံကို စတင်ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့ဟာ မိမိတို့မြတ်နိုးတဲ့ အစ္စလာမ်သာသနာတော်အကြောင်းကို ဒေသခံများအား ချပြပြီး ဖိတ်ခေါ်ခဲ့တာကြောင့် အစ္စလာမ်ဘာသာကို လက်ခံယုံကြည်သူတွေဟာ တစ်နေ့တခြား တိုးပွားလာနေတာ ဖြစ်ပါတယ်။

Inews-035/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV