နိုင်ငံတကာလက်ဝှေ့အဖွဲ့အစည်း (IBF) ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ Anthony Joshua ဟာ မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုဆုတောင်းမှုတစ်ခုမှာ ပါဝင်နေတဲ့ သူ့ဓာတ်ပုံကို Twitter စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

UAE နိုင်ငံက ဗလီတစ်လုံးထဲမှာ ဝတ်ပြုဆုတောင်းနေတဲ့ပုံကို သူ့ရဲ့ ကိုယ်ပိုင် Twitter စာမျက်နှာပေါ်မှာ ဖြန့်ဝေခဲ့လို့ အစွန်းရောက် (လက်ယာအစွန်းရောက်) တွေရဲ့ ဒေါသထွက် ရန်လိုမုန်းတီးမှုကို ခံနေရပါတယ်။

အင်္ဂါနေ့က တင်ခဲ့တဲ့ အဆိုပါပုံကို ပြန်လည်ဝေမျှသူပေါင်း နှစ်သောင်းကျော်အထိ ရှိခဲ့ပြီး ဓာတ်ပုံထဲမှာတော့ သူနဲ့သူ့သူငယ်ချင်းတွေ ဝတ်ပြုနေပုံကို မြင်ရပါတယ်။

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ Joshua က “ ကြိုးစားအားထုတ်မှု၊ ကံကြမ္မာ၊ ကိုယ်ပိုင်အရည်အချင်းတွေအပြင် ဝတ်ပြုဆုတောင်းမှုတွေက ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေပါ ” လို့ စာသားနဲ့အတူ အဆိုပါပုံကို ဝေမျှခဲ့တာဖြစ်ပါတယ်။

မနှစ်က ဗြိတိသျှအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Press Association နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူဟာ ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရပေမယ့် လက်ရှိမှာတော့ မည်သည့်ဘာသာနောက်ကိုမှ လိုက်မနေဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာနဲ့ ပတ်သက်မိလို့ဆိုပြီး Twitter ပေါ်မှာတော့ ပွဲဆူနေပါပြီ။

“ သူဟာ ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားပါ။ ဒါပေမယ့် အဲ့ဘာသာ (အစ္စလာမ်ဘာသာ) ကို ထောက်ခံတဲ့ သူ့အပြုအမူတွေအတွက် အံ့အားသင့်မိသလို စိတ်ပျက်မိပါတယ် ” လို့ RightWingRoy (လက်ယာစွန်းကောင်လေး) အမည်နဲ့ ရေးသားထားပါတယ်။

နောက်တစ်ဦးကတော့ “ မင်းရဲ့ပရိသတ်တစ်ယောက် လျော့သွားပြီ။ klitscho (sic) က မင်းကို သွားတွေကျွတ်အောင် ထိုးတာကို ငါမျှော်နေမယ် ” လို့ ရေးသားထားပါတယ်။

klitscho (sic) ဆိုတာကတော့ Joshua ရဲ့ ယူကရိန်းနိုင်ငံသား ပြိုင်ဘက်လက်ဝှေ့ကျော်တစ်ဦးပဲ ဖြစ်ပါတယ်။

မလိုလားတဲ့ တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း နာမည်ကျော်လက်ဝှေ့သမားရဲ့ အမာခံပရိသတ်တွေကတော့ သူ့ကို ဝိုင်းဝန်းထောက်ခံနေကြဆဲဖြစ်ပါတယ်။

နူးရ်ခါန်း @ အလင်းမျက်ဝန်း © MSP-01/3/17 | ကိုးကား » Al Jazeera