အခုတလော လိုင်းပေါ်မှာ MUHAMMAD ဆိုတဲ့ ရုပ်​ရှင်​ဇာတ်ကားကို You Tube ပေါ်ကနေ Trailer နမူနာအပိုင်းတိုလေးတွေကူးလာပြီး အီဂျစ်​ကရိုက်​ကူးတယ်​လို့ ရေးပြီး မျှဝေမှုဟာ အတော်လေး ပျံ့နှံ့လာတာ မြင်တွေ့ရပါတယ်​။

တကယ်တမ်းကတော့ ဒီဇာတ်ကားကို အီရန်​နိုင်ငံက ရိုက်​ကူးခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Majid Majidi က ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူရိုက်​ကူးထုတ်​​လုပ်ရတဲ့ အ​ကြောင်းက​တော့ အ​နောက်​တိုင်းဘက်​ကသူ​တွေ တမန်​​တော်​မြတ် ﷺ အ​ကြောင်းကို သိ​မြင်လာစေဖို့​လို့ ဆိုပါတယ်။

ဒီဇာတ်ကားကို အမေရိကန်​ဒေါ်လာ သန်း (၄၀) ခန့် ကုန်​ကျခံ သုံးစွဲပြီး နှစ်​အတော်​ကြာလောက် အချိန်​ယူ ရိုက်​ကူးခဲ့ကြတာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။

ကအ်ဗာ​ကျောင်း​တော်​နဲ့ အနီးတဝိုက်​ကို နှစ်​​ပေါင်း (၁၄၀၀) ​ကျော်​လောက်က မြင်ကွင်းမျိုးနဲ့ တွေ့မြင်ရတဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ အီရန်​နိုင်​ငံ တီဟီရန်မြို့ အနီးတဝိုက်​က Qom ဆိုတဲ့ ရွာတစ်​ရွာမှာ အလုံပိတ်​စတူဒီယိုကြီး တည်ဆောက်ပြီး တိတ်တဆိတ်နဲ့ သိုသိုသိပ်သိပ် ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ကျန်တဲ့ ဇာတ်​ဝင်ခန်းတွေကိုတော့ ​တောင်​အာဖရိကမှာ ရိုက်​ကူးခဲ့ပါတယ်​။

အရင်​ကထွက်ရှိခဲ့ဖူးတဲ့ The Message ဇာတ်ကားနဲ့မတူ​အောင် MUHAMMAD ရဲ့ က​လေးဘဝဇာတ်​​ကြောင်းနဲ့အတူ ဖီးလ်​ (ဆင်) နဲ့ အဗာဗီးလ်​ (ငှက်ငယ်) တိုက်​ပွဲကိုလည်း ထည့်​သွင်းရိုက်​ကူးထားပါတယ်​။

ရုပ်ရှင်ကင်မရာကို​တော့ အီတလီကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့ပြီး နောက်ခံတေးဂီတကို​တော့ အိန္ဒိယဂီတမှူး Ar Rahman က (၆) လလောက် ကြိုတင်ပြင်ဆင်ပြီးမှ ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူးရာ Qom ဒေသမှ စတူဒီယိုကြီး
ဒီဇာတ်ကားရဲ့ Trailer အပိုင်းတိုကို ကြည့်ရှုမိတာမှာတင် ဇာတ်ဝင်ခန်းတွေဟာ မနှစ်မြို့ဖွယ်ရာတွေ အရမ်းများနေတာကို တွေ့ရပါတယ်။

အရင် The Message မှာတုန်းကတော့ အရိပ်လောက်ပဲ ပြပေမယ့် ဒီဇာတ်ကားမှာတော့ MUHAMMAD နေရာမှာ ပုဂ္ဂိုလ်တစ်ဦးက ကျောပေးကာ သရုပ်ဆောင်ပြထားတာဟာ အကြီးမားဆုံးသော မဖွယ်မရာလို့ ဆိုနိုင်ပါတယ်။

ဇာတ်ကားအမည် ပေးရာမှာလည်း အစ္စလာမ့်ကမ္ဘာကသုံးနှုံးတဲ့ MUHAMMED ဆိုတဲ့အသုံးအနှုံးနဲ့ ကွဲလွဲနေပါတယ်။ (MAD ဆိုတာ ရူးသွပ်သူမှုကို ရည်ညွှန်းတာပါ)

ဒါ့အပြင်​ Wiki (ကမ္ဘာ့စွယ်စုံကျမ်းပါဖော်ပြချက်) ကို ဖတ်​ကြည့်​မိသ​လောက်​မှာ မယ်တော် အာ​မေနာဟ်​သခင်​မအဖြစ် Mina Sadati နဲ့ သမီးတော် ဖွာသွေမာဟ်သခင်​မအဖြစ် Pantea Mehdinia တို့က သရုပ်ဆောင်ထားတယ်​လို့ သိရပါတယ်။

ဒီလို သရုပ်ဆောင်တွေ ထည့်သွင်းရိုက်ကူးဖို့အတွက် အီရန်နိုင်ငံက တစ်ချို့သော စွန္နီခေါင်းဆောင်တွေဆီက အကြံ​ပြုချက်တွေ ရယူခဲ့တယ်လို့ ဖော်ပြထားပေမယ့် စွန္နီအိုလမာ​ သာသနာ့ပညာရှင်တွေရဲ့ သ​ဘောထားအတိအကျကိုတော့ ဖော်ပြမထားပါဘူး။

ဒီဇာတ်ကား ဖြစ်​​မြောက်ရေးအတွက် အီရန်​ရဲ့ နိုင်​ငံ​တော်​အဆင့်​သာမက၊ ရှီယာဘာသာရေးဥသျှောင် အာယာတိုလာ ခိုမေနီရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကလည်း တစ်တပ်တစ်အား ပါဝင်အားပေးထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

တကယ်ပဲ အခြားကိစ္စတွေမပါဝင်ဘဲ ဖော်ပြထားသလို ရည်ရွယ်ချက်နဲ့ပဲ မှန်မှန်ကန်ကန် ဖြူဖြူစင်စင် ရိုက်ကူးခဲ့တယ်ဆိုရင်တောင် အငြင်းပွားစရာတွေကတော့ အများကြီးရှိနေပါတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

အနဲကြီး
@ အလင်းမျက်ဝန်း (© MOL-02)