“ မြန်မာ မွတ်ဆလင် အမျိုးသမီးတဦးရဲ့ ဝတ်စားဆင်ယင်မှု အမြင် ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဧရာဝတီမီဒီယာကနေ ဆောင်းပါးတစ်ပုဒ် တက်လာပါတယ်။

ဒါဟာ ဆောင်းပါးရေးသူ အမျိုးသမီးရဲ့ ပုဂ္ဂလိကအမြင်ကို သူမရဲ့လွတ်လပ်ပိုင်ခွင့်အရ ရေးသားဖော်ပြခဲ့တယ်လို့ နားလည်ပါတယ်။

ဒါပေမယ့် သူမရဲ့ အမြင်တွေဟာ လူသားအခွင့်အရေး၊ လွတ်လပ်စွာသာသနာပြုခွင့်တွေနဲ့ ငြိစွန်းနေတာကြောင့် ထောက်ပြပြောဆိုစရာတွေကတော့ ရှိလာပါတယ်။

(၁) ဆောင်းပါးရဲ့ နိဒါန်းမှာ သူမဖခင်ရဲ့ပြောစကားကို ထည့်သွင်းဖေါ်ပြထားပါတယ်။ စာသားကတော့ [ စာရေးဆရာတဦးဖြစ်တဲ့ ကျမအဖေက အမြဲပြောခဲ့ဖူးတဲ့ စကားကို ဒီနေ့ထက်ထိ ကျမမှတ်မိနေပါတယ်။ “ မြန်မာပြည်မှာနေရင် မြန်မာ့ယဉ်ကျေးမှု အတိုင်း နေရမယ် ” တဲ့။ ]

ဒီအယူအဆဟာ သူမဖခင်ရဲ့ယူဆမှုသက်သက်သာ ဖြစ်ပါလိမ့်မယ်။ ဒီအယူအဆမျိုးကိုတော့ ကျနော့်အနေနဲ့ အမြင်ကျဉ်းတဲ့အယူအဆလို့ပဲ ကောက်ချက်ချပါတယ်။ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကမှ “ သူတို့နိုင်ငံမှာနေရင် သူတို့ယဉ်ကျေးမှုအတိုင်းပဲ နေရမယ် ” ဆိုပြီး အတင်းအကြပ် သတ်မှတ်ပြဌာန်းထားတာမျိုး မရှိသလို ဒီအယူအဆမျိုးကိုလည်း လက်ခံကျင့်သုံးနေတဲ့ နိုင်ငံမဆိုထားနဲ့ မျိုးနွယ်စုတောင်မှ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။

လူသားတစ်ဦးဟာ မိမိနှစ်ခြိုက်တဲ့ယဉ်ကျေးမှုကို လွတ်လပ်စွာ ကျင့်ကြံနိုင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုသီးသန့်ပါ။ ဘယ်ယဉ်ကျေးမှုမဆို သက်ဆိုင်ရာနိုင်ငံ့ဥပဒေနဲ့ ဆန့်ကျင်ထိရှမှုမဖြစ်ရင် လက်ခံကျင့်ကြံခွင့်ရှိပါတယ်။ ဒါဟာ လူတိုင်းရဲ့ အခွင့်အရေးပါပဲ။

(၂) သူမရဲ့ဆောင်းပါးမှာ လက်ရှိမြန်မာမွတ်စ်လင်မ်အမျိုးသမီးတချို့ဟာ ခေါင်းမှီးခြုံမဲမဲဝတ်စုံကိုဝတ်ဆင်နေကြတဲ့အပေါ် ဆရာကြီးဦးရာဇတ်၊ ပျဉ်းမနား ဟာဂျီမကြီး ဒေါ်စိန်မပုနဲ့ ဆရာမကြီး ဒေါ်စောရွှေ (တမလွန်ဘဝမှာ သူတို့ ငြိမ်းချမ်းသာယာကြပါစေ) တို့ကို ပမာပေးပြီး မြန်မာဆန်ဆန်မနေထိုင်ကြတာကို ဝေဖန်ထားပါတယ်။

တကယ်တော့ အစ္စလာမ်ဘာသာဝင်တွေကို အစ္စလာမ်သာသနာက အရာရာတိုင်းမှာ ပြီးပြည့်စုံအောင် လမ်းညွှန်ချက်တွေ ချမှတ်ပေးထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဝတ်စားဆင်ယဉ်မှုပိုင်းဆိုင်ရာ လမ်းညွန်ချက်တွေလည်း ပါရှိပြီးသားဖြစ်ပါတယ်။

(ကုရ်အာန်ကျမ်းတော်မြတ် အာယသ်တော်ကို ဖော်ပြထားတဲ့အတွက်) မွတ်စ်လင်မ်တစ်ဦးလို့ ယူဆရတဲ့ ဆောင်းပါးရှင်အပေါ် သူမရဲ့ဆောင်းပါးကိုအခြေပြုပြီး မေးခွန်းထုတ်လိုပါတယ်။

“ မွတ်စ်လင်မ်တွေအနေနဲ့ အစ္စလာ့မ်လမ်းညွှန်ချက်အတိုင်း ဝတ်စားဆင်ယဉ်မှာလား...? ”
(သို့မဟုတ်)
“ ဆရာကြီးဦးရာဇတ်၊ ဟာဂျီမကြီး ဒေါ်စိန်ပု၊ ဆရာမကြီး ဒေါ်စောရွှေတို့ရဲ့ဝတ်စားဆင်ယဉ်မှုအတိုင်း ဝတ်စားဆင်ယဉ်ကြမှာလား...? ” ဆိုတာပါပဲ။

“ ဦးရာဇတ်၊ ဒေါ်ပု၊ ဒေါ်စောရွှေတို့က မွတ်စ်လင်မ်ဖြစ်ပြီး ဟိဂျားဗ်အမိန့်ကို ဘာလို့လိုက်နာမှု မပြုခဲ့တာလဲ? ” ဆိုတဲ့စောဒကမျိုး ပေါ်လာနိုင်တာကိုလည်း ထပ်ဆင့်ဖြေရှင်းပေးလိုက်ပါတယ်။

အဲဒီခေတ် (သူတို့ရဲ့ခေတ်) က မွတ်စ်လင်မ်တွေမှ မဟုတ်ပါဘူး။ အခြားဘာသာတွေရဲ့ ယဉ်ကျေးမှုတွေကလည်း အခုခေတ်လို တိုးတက်မှုမရှိသေးပါဘူး။ သာသနာ့အလင်းရောင်တွေ ကောင်းမွန်စွာ တောက်ပခြင်း မရှိသေးပါဘူး။ တစ်နည်းဆိုရရင် သာသနာ့အမိန့်တွေကို အသေအချာ ညွှန်ကြားပြသပေးနိုင်မယ့်ပညာရှင်တွေ သိပ်ကို ရှားပါးသေးတဲ့အချိန်မျိုး ဖြစ်ခဲ့လို့ပါ။

(၃) မွတ်စ်လင်မ်အမျိုးသမီးတွေ လုံခြုံစွာဝတ်ဆင်နေထိုင်ကြဖို့ လမ်းညွန်ချက်အာယသ်တော်တွေ အများကြီးရှိနေတာကိုတောင် အာရဗ်ယဉ်ကျေးမှုလို့ သမုတ်ထားတဲ့ စာရေးသူမဟာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တစ်ပိုဒ်ကိုတော့ မြန်မာလိုဘာသာပြန်ပြီး ထည့်သွင်းဖော်ပြထားတဲ့အတွက် အံ့သြမိပါတယ်။

မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါးမှအပ ကျန်အစိတ်အပိုင်းတွေကို လုံခြုံစွာဖုံးအုပ်ဝတ်ဆင်ကြဖို့ ကုရ်အာန်ကျမ်းမြတ်မှာ လမ်းညွန်ပြီးသား ဖြစ်ပါတယ်။

အချို့ အစ္စလာ့မ်ပညာရှင်တွေက မျက်နှာကိုပါ ဖုံးအုပ်ထားရင် ပိုပြီးလုံခြုံစေတယ်လို့ ညွန်ကြားမှုတွေရှိကြလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ တချို့သောမွတ်စ်လင်မ်အမျိုးသမီးတွေဟာ သူတို့ရဲ့မျက်နှာကိုပါ ဖုံးအုပ်ကာကွယ်ကြတာ ဖြစ်ပါတယ်။ (ဒီလိုဝတ်ဆင်မှုမျိုးကို နိကားဗ်လို့ ခေါ်ဆိုပါတယ်)

တကယ်တော့ အစ္စလာ့မ်အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှုဆိုတာဟာ ယဉ်ကျေးမှုမဟုတ်ပါဘူး။ သာသနာ့အမိန့်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကိုတော့ ကွဲပြားစွာသိဖို့ အရမ်းကို လိုအပ်ပါသေးတယ်။

(၄) ဆောင်းပါးထဲမှာ [ မြန်မာနိုင်ငံသား အခြားအစ္စလာမ် ဘာသာဝင်တွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ နေထိုင်သွားနိုင်ရင် ဘာပဋိပက္ခမှမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်နေမိပါတယ် ] ဆိုပြီး ရေးသားထားပါတယ်။

တကယ်ပဲ ယုံကြည်စွာ မျှော်လင့်နေတယ်ဆိုရင်တောင်မှ ဒါဟာ သူမရဲ့ စိတ်ကူးယဉ်ဆန်တဲ့ မျှော်လင့်ချက်သီးသန့်ပါ။ မြန်မာလူမျိုးထဲမှာ “ ငါ့ယဉ်ကျေးမှုနဲ့ မနေထိုင်ရင် မင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခွင့်မပေးဘူး။ ပဋိပက္ခဖြစ်အောင်လုပ်မယ် ” ဆိုတဲ့ အစွန်းရောက်အတွေးအခေါ်ရှိတဲ့လူမျိုး မတွေ့ဖူးသေးပါဘူး။

ဖြစ်ခဲ့တဲ့ပဋိပက္ခတွေဟာ သူမ ပြောထားသလို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ မနေထိုင်ကြလို့ ဖြစ်နေတယ်လို့ ကောက်ချက်ချရင်တော့ သူမဟာ တော်တော့်ကို ကလေးဆန်နေတယ်လို့ ပြောရပါလိမ့်မယ်။ တကယ့်အရှိတရားကတော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ဘာသာဝင်တိုင်းလိုလိုက မိမိတို့နှစ်လိုတဲ့ ယဉ်ကျေးမှုနဲ့သာ နေထိုင်တတ်ကြတာပါ။

မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ မနေထိုင်လို့ ပဋိပက္ခဖြစ်ကြေးဆိုရင်တော့ ပဋိပက္ခပေါင်း သောင်းခြောက်ထောင်လောက်ပေါ်ပေါက်နေမှာဖြစ်ပြီး ထိန်းဖို့၊ သိမ်းဖို့တောင် လွယ်မယ်မထင်ပါဘူး။

မြန်မာနိုင်ငံလို ဘာသာရေးလွပ်လပ်ခွင့်ရှိတဲ့နိုင်ငံမှာ မွတ်စ်လင်မ်အမျိုးသမီးတွေဟာ မိမိတို့ယုံကြည်ချက်အရ လွတ်လပ်စွာ ဟိဂျားဗ်ဝတ်ဆင်ကြတဲ့အပေါ် ဒါဟာ ဘာသာခြားတွေနဲ့ ငြိမ်းချမ်းစွာမနေထိုင်နိုင်တဲ့ အကြောင်းအရင်းပုံစံတစ်ခုလို ထည့်သွင်းရေးသားဖော်ပြနေခြင်းဟာ သိပ်ကိုအတွေးအခေါ်နိမ့်ပါးပြီး အစွန်းရောက်အမြင်ရှိသူတွေကို ပဋိပက္ခတွေပြုလုပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာအောင်လို့ နှပ်ကြောင်းပေးကာ တမင်သက်သက် လှုံ့ဆော်နေသလားလို့ စွပ်စွဲစရာတောင် ဖြစ်နေပါတယ်။

ဟိဂျားဗ်ဆိုတာဟာ မွတ်စ်လင်မ်အမျိုးသမီးတို့အတွက် လုံခြုံမှုအရှိဆုံးသော ဝတ်စားဆင်ယဉ်မှုဖြစ်တယ်ဆိုတာကို သာမန်ဘာသာရေးအမြင်ရှိပြီး ဟိဂျာဗ်မဝတ်သေးတဲ့ မွတ်စ်လင်မ်အမျိုးသမီးမျိုးကတောင် လက်ခံယုံကြည်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှသော ဘာသာရေးအကြမ်းဖက်မှု ပဋိပက္ခတွေမှာ ဘယ်နှစ်ခုကများ အဲ့ဒီဟိဂျားဗ်ဝတ်တာကို အခြေပြုပြီး ဖြစ်ခဲ့လို့လဲဆိုတာ အသေအချာ အဖြေရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

(၅) ဆောင်းပါးတစ်ပုဒ်လုံး ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ဆောင်းပါးရေးသားသူဟာ ယဉ်ကျေးမှုနဲ့ သာသနာ့အမိန့်ကို ကွဲကွဲပြားပြား မသိသေးဘူးလို့ သုံးသပ်လို့ရပါတယ်။

ယဉ်ကျေးမှုဆိုတာကို “ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့၊ ထုံးထမ်း စသည်။ ” လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုဆိုတာဟာ လူတစ်စုက စတင်တီထွင်လုပ်ဆောင်ပြီး အချို့က ဒါကို အဆက်ဆက် ထိန်းသိမ်းသွားတယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုဖြစ်ပါပြီ။

လိုက်နာရမယ့်အမိန့်တစ်ခုဖြစ်ဖို့ဆိုတာကတော့ ဒီလောက် မလွယ်ကူပါဘူး။ သာသနာ့အမိန့်ပဉာတ်ချက်ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ အစ္စလာမ်သာသနာရဲ့အမိန့်တစ်ခုဖြစ်ဖို့အတွက်ဆိုရင်...
(၁) ယုံကြည်ကိုးကွယ်တဲ့ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အမိန့်ညွန်ကြားချက်လိုအပ်ပါတယ်။
(၂) တမန်တော်မိုဟမ္မဒ် ﷺ ရဲ့ လမ်းညွှန်မိန့်မှာမှု လိုပါတယ်။

ဒါကြောင့် တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း အစ္စလာ့မ်အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှုဆိုတာဟာ အစဉ်အလာအရ မဟုတ်ဘဲ သာသနာ့အမိန့်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ကွဲကွဲပြားပြား သိစေချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆရာမ သွေး (စစ်ကိုင်း) ကို နီးစပ်ရာ ပန်းပေါင်းစုံဝေဝေဆာဆာနဲ့ ဖူးပွင့်လှပတဲ့ ပန်းဥယျာဉ်တစ်ခုဆီ သွားရောက်လည်ပတ်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ ဥယျာဉ်ထဲမှာရှိတဲ့ပန်းတွေဟာ ပုံစံမတူ အရောင်မတူ အနံ့မတူကြတာကြောင့် ပန်းခြံရဲ့ အလှတရားကို ဆောင်ကြဉ်းနေပါတယ်။ တကယ်လို့သာ ပန်းပေါင်းစုံ ဝေဆာမှုမရှိဘဲ ပန်းတစ်မျိုးထဲသာရှိနေရင်တော့ ဥယျာဉ်ရဲ့အလှတရားလည်း မဲ့သွားပါလိမ့်မယ်။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံဟာလည်း လူမျိုး၊ ဘာသာပေါင်းစုံတဲ့ ပန်းခြံကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အလှတရားပါ။ အယူအဆတစ်ခုတည်း၊ အရောင်အဆင်းတစ်ရောင်တည်း၊ ယဉ်ကျေးမှုတစ်ခုတည်းပဲ ပုံစံခွက်ချပြီး နေထိုင်ရမယ်ဆိုတဲ့ အတွေးမျိုးက အမိမြန်မာပြည်ရဲ့ တကယ့်အလှတရားကို ပြုတ်ပြုတ်ပြုန်းအောင်များ ဖျက်ဆီးလေတော့မလားလို့ တွေးမိပါတယ်။

အနီးစ် (မြစ်ကြီးနား)
@ အလင်းမျက်ဝန်း (© MOL-02)