ဗလီဝတ်ကျောင်းတော်ဒီဇိုင်းပုံစံနမူနာ (ဓာတ်ပုံ-အင်တာနက်)

ရခိုင်ပြည်နယ်အတွင်း ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ရေးအတွက် အင်ဒိုနီးရှားအစိုးရက ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဗလီဝတ်ကျောင်းတော် တည်ဆောက်မည့်အစီအစဉ်ကို မြန်မာအစိုးရကလည်း ခွင့်ပြုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရီတ်နို မာဆူဒီ (Retno Marsudi) က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီး ညီလာခံကိုရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို တို့ဟာ ဧပြီလ (၂၉) ရက် စနေနေ့က ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် အစည်းအဝေးပြင်ပတွင် သီးခြားတွေ့ဆုံစဉ်မှာ အဆိုပါကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိနစ် (၃၀) လောက် ကြာမြင့်တဲ့ ၎င်းတံခါးပိတ် ဆွေးနွေးပွဲအတွင်း ရခိုင်ပြည်နယ်က မွတ်စ်လင်မ်တွေရဲ့ အခြေအနေအပါအဝင် ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာ နှစ်နိုင်ငံအစိုးရကြား ရေတို၊ ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဗွီအိုအေမြန်မာသတင်းက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်မယ့်အချိန်ကာလ၊ တည်နေရာ၊ ကုန်ကျစရိတ်၊ ကြာမြင့်ချိန်နဲ့ ဘယ်လိုပုံစံဒီဇိုင်းနဲ့ ဆောက်လုပ်မယ်ဆိုတာကိုတော့ ၎င်းသတင်းမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

Inews-01/5/17 © အလင်းမျက်ဝန်း | ကိုးကား » VOA Burmese
[warning title="မှတ်ချက်" icon="exclamation-triangle"]ဓာတ်ပုံမှာ သတင်းနှင့်သက်ဆိုင်ခြင်း မရှိပါ။ သရုပ်ဖော်ပုံသက်သက်မျှသာဖြစ်ပါသည်။
[/warning]