(မေးခွန်း-၁) 
ကျမတို့အခြေအနေက သာမန် စားနိုင်သောက်နိုင်ရုံပါ။ ထိုင်းမှာဆိုတော့ ဗမာပြည်ထက်တော့ ငွေဝင်ကောင်းတာပေါ့။ ဒီမှာနေတာ တော်တော်လေးကြာပါပြီ။
သိချင်တာလေးရှိလို့ပါ။ ပစ္စည်းတစ်ခုကို အရစ်ကျနဲ့ မနှစ်က (၆/၂၀၁၆) လပိုင်းလောက်က ဝယ်ပါတယ်။ ဒီဇင်ဘာ (၁၂/၂၀၁၆) မှာ အလ္လာဟ့်အလိုတော်နဲ့ လစဉ်ခွဲဆပ်ခဲ့တာ ကျေသွားပါပြီ။
လာမယ့် (၆) လပိုင်းဆိုရင် ပစ္စည်းလက်ဝယ်ရောက်တာ (၁) နှစ်ဖြစ်သွားပြီပေါ့။ အခုတော့ ပစ္စည်းကို ပိုင်ပြီလို့ ပြောလို့ရပါတယ်။
မြန်မာငွေနဲ့တွက်ရင် သိန်း (၄၀) လောက် ရှိပါတယ်။ အဲ့ဒါကို ဇကားသ်ထုတ်ရမှာလား? ဆိုတာ သိချင်ပါတယ်။
အလင်းမျက်ဝန်းကို အလ္လာဟ်အရှင်မြတ် ဒီ့ထက်ပိုပြီး စောင့်ရှောက်တော်မူပါစေလို့ ဒိုအာပြုပါတယ်။
နွဲ့လေး (ခေတ္တ-ထိုင်း)
 (အဖြေ-၁) 
  • မေးမြန်းတဲ့ အကြောင်းအရာထဲက ပစ္စည်းက ဘာလဲဆိုတာ အတိအကျလေး ဖော်ပြပေးရင် ဖြေကြားပေးဖို့အတွက် ပိုပြီးအဆင်ပြေပါမယ်။
  • ရွှေ/ငွေ/လက်ဝတ်တန်ဆာ၊ အိမ်သုံးပရိဘောဂ၊ ယာဉ်ယန္တရားစက်ပစ္စည်း အစရှိသဖြင့် အမျိုးအစားအပေါ်လိုက်ပြီး အဖြေက ကွဲပြားပါလိမ့်မယ်။
  • အရစ်ကျဝယ်ယူမှုလို့ ဖော်ပြထားတာကြောင့် ကိုယ်ပိုင်အသုံးပြုမယ့်ပစ္စည်းအဖြစ် ခန့်မှန်းပြီး ဖြေကြားပေးလိုက်ပါတယ်။ ကိုယ်ပိုင်အသုံးပြုမယ့် လိုအပ်ချက်ပစ္စည်းဖြစ်နေရင် ဘယ်လောက်ပဲ တန်ကြေးရှိနေပါစေ ဇကားသ်ထုတ်ဖို့ တာဝန်မထိုက်ပါဘူး။
မရှင်းလင်းရင် ပြန်လည်မေးမြန်းဖို့ တိုက်တွန်းပါတယ်။ ဒိုအာပြုပေးတဲ့အတွက် အာမီးန် ဆိုလိုက်ပါတယ်။

 (မေးခွန်း-၂) 
ညီမက သမီးလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ သမီးလေးက အခုဆို (၁၀) လထဲ ဝင်နေပါပြီ။
သမီးလေး မွေးတုန်းက အဇာန်ရော အိကာမသ်ရော ပေးခဲ့မိပါတယ်။
သမီးမိန်းကလေးကို အဇာန်တစ်မျိုးတည်း ပေးရတယ်ဆိုတာကို နောက်မှ သိလိုက်ရပါတယ်။
ဒါကြောင့် ဘာပြန်လုပ်ရပါမလဲဆိုတာ သိချင်တာပါ။ ညီမမေးတာကို ကျေးဇူးပြုပြီး ဖြေပေးပါရှင့်။
မပယ်လိုက်ပါနဲ့။ အလင်းမျက်ဝန်းကို အမြဲအားပေးနေပါတယ်။
ဂီဂီး (ချင်းပြည်နယ်)
 (အဖြေ-၂) 
  • သမီးမိန်းကလေးမွေးတဲ့အခါမှာလည်း အဇာန်နဲ့ အိကာမသ်နှစ်ခုလုံးဆိုရမှာ ဖြစ်တဲ့အတွက် ဘာမှပြန်လုပ်စရာ မလိုပါဘူး။
အလင်းမျက်ဝန်းကို အမြဲအားပေးနေတဲ့အပေါ် ကျေးဇူးတင်ပါတယ်။

 (မေးခွန်း-၃) 
မျက်ဝန်းက အစီအစဉ်သစ်လေးပေါ်လာလို့ အနားမှာ အာလင်မ်တစ်ပါးရောက်လာသလို အားရှိသွားပါတယ်။
ကျနော့်အသက် (၃၄) နှစ်ရှိပါပြီ။ အနှစ်နှစ်အလလကတည်းက သိချင်နေတာလေးတစ်ခုရှိပါတယ်။
ကျနော့်မှာ ဆီးမလုံတဲ့ပြဿနာ ရှိနေပါတယ်။ ဂရုတစိုက်နဲ့ ဆီးသွားလဲ ရံဖန်ရံခါ တစ်စက်နှစ်စက်လောက် စိမ့်ကျတတ်ပါတယ်။
ရောဂါလား ဘာလဲဆိုတာလဲ နီးစပ်ရာမှာ ဆရာဝန်မရှိလို့ မမေးမိပါဘူး။ ရေမိုးချိုးပြီး အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ ဗလီသွားခါနီးလို အချိန်ကျမှ တစ်စက်နှစ်စက်လောက်လေး စိမ့်ထွက်တတ်တာမျိုး ခဏခဏ ကြုံရပါတယ်။
အဲ့ဒီလိုဖြစ်တတ်တဲ့အပေါ် သန့်ရှင်းမှုနည်းလမ်းလေးကို လမ်းညွှန်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။
ပါလာမယ့်အဖြေကို မျှော်နေပါမယ်။ အလင်းမျက်ဝန်းရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ ကျေးဇူးတင်ပါတယ် အလင်းမျက်ဝန်း။
သန်းမြင့် (တောင်ငူ)
 (အဖြေ-၃) 
  • အဲ့ဒီလိုမျိုးက ရံဖန်ရံခါသာဖြစ်ခဲ့တယ်ဆိုရင်တော့ ဆီးစက်တွေ ပေကျံတဲ့အဝတ်နဲ့ ခန္ဓာနေရာတွေကို ဆေးကြောပြီး ဝိုဇူပြန်လုပ်ရပါမယ်။
  • အမြဲလိုလို ဆီးစက်တွေကျနေတဲ့သူအတွက်တော့ နမားဇ်ချိန်ကုန်ပြီး လွတ်သွားမှာကို စိုးရိမ်ရတယ်ဆိုရင် ဝိုဇူပြုလုပ်ပြီးနောက်မှာ ဆီးစက်တွေကျနေလျက်သားအတိုင်း ဝတ်ပြုခွင့်ရှိပါတယ်။
အလင်းမျက်ဝန်းရဲ့ အမာခံအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။