• ၂၀၀၁ ခုနှစ်၊ မေလအလယ်ပိုင်းနေ့ရက်တစ်ခုရဲ့ မြန်မာစံတော်ချိန် (၃)နာရီလောက်မှာ...
  • ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်ပိတ်စ ခန္ဒာကိုယ်ပေါ် သိုင်းပတ်ထားတဲ့ လူတချို့နဲ့အတူ ဒုတ်၊ ဓား၊ ပုဆိန် အစရှိတဲ့ လူသတ်လက်နက် ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ထောင်နဲ့ချီတဲ့လူတွေ...
  • တောင်ငူမြို့၊ မန်းရပ်၊ ကန်တော်လမ်းမှာ တဖြည်းဖြည်း စုရုံး ရောက်ရှိလာပြီးနောက် နေအိမ်၊ တိုက်တာ၊ အဆောက်အဦးတွေကို အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီး လုယက်ကြပြီးနောက်...
  • နာရီဝက်ခန့်အကြာတွင် ဆက်လက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကြလေရာ…
“ ပါပါး မီးမီးတို့ ဒီရေကန်ကြီးထဲက ဘယ်တော့ အပြင်ကိုထွက်ရမှာလဲဟင် ”

“ ရှူးးး!းးး!းးး! မီးမီး အသံမထွက်နဲ့ တိတ်တိတ်နေ။ အောက်က အသံတွေကြားတယ်မလား။ ပါပါးတို့ကို သတ်ပစ်လိမ့်မယ်။ သူတို့လက်ထဲမှာ ဓားအကြီးကြီးတွေ ပါတယ်။ မကြောက်ဘူးလား။ ”

ဖခင်ဖြစ်သူက သုံးနှစ်မပြည့်သေးသောအရွယ် သမီးလေးကို လေသံတိုးတိုးဖြင့် ရင်ခွင်ထဲ ကျစ်လစ်စွာ ထွေးပိုက်ရင်း ပြောလိုက်သောကြောင့် ကလေးများ မျက်လုံးလေးများပြူးကာ ပေကလပ် ပေကလပ်လုပ်ရင်း ငြိမ်သွားကြလေတော့သည်။

ထိုအချိန်၌…

“ ဟေ့... ဓာတ်ဆီလောင်း မြန်မြန်လောင်းကြဟေ့ ”

မကြာခင် မီးစွဲလောင်သည့်အသံများ ကြားလာရပါပြီ။ မီးတင်ရှို့သည့် လောင်စာများမှာ သိပ်မကြာခင်က ရွာသွန်းထားသည့် သင်္ကြန်မိုး၏ မိုးရေများဖြင့် စွတ်စိုနေခြင်းကြောင့် အငွေ့တလူလူ ထွက်လာသည်။

“ မာမားကြီး သားသား ချောင်းချိုးချင်တယ်။ ဒီအုတ်ကန်ကြီးထဲမှာ နေချင်တော့ဘူး။ ပြင်ထွက်ချင်ပြီ။ မီးခိုးတွေရှိတယ်။ သားသား ချောင်းဆိုးချင်တယ်။ ”

“ အင်းပါသားရယ် မာမားတို့ ခဏနေဆို အပြင်ထွက်ရတော့မှာပါနော်။ အခုတော့ ချောင်းလဲ မဆိုးပါနဲ့နော်။ တော်ကြာ အပြင်က လူတွေ ကြားသွားလို့ မာမားတို့ကို မြင်သွားပြီး ဓားနဲ့ ခုတ်သတ်လိမ့်မယ် သားလေးရဲ့။ မာမားရဲ့သားသားလေးက လိမ္မာပါတယ်။ ခဏလေးပဲ စောင့်ပါနော်။ သားသားကြိုက်တဲ့ ချောကလက်တွေ ခဏနေ အပြင်ရောက်ရင် အများကြီးကျွေးမယ်နော်။ လိမ္မာပါတယ်ကွယ် ”

ကိုယ်ဝန်အရင့်အမာကို လွယ်ထားပြီး မွေးရက်စေ့ဖို့ တစ်လခန့်သာလိုတယ်လို့ ပါရဂူရက်ချိန်းပေးထားတဲ့ မိခင်ဖြစ်သူက သားဦးစုံတွဲ အမွှာမောင်နှစ်မရဲ့ အငယ်လူဖြစ်တဲ့ သားလေးကို စိတ်ကျေနပ်အောင် ချော့မြူလိုက်ပါတယ်။

သုံးနှစ်တောင် မပြည့်သေးတဲ့ သိပ်ချစ်ရတဲ့ သမီးနဲ့သား စုံတွဲအမွှာတွေဟာ အရွယ်နဲ့မလိုက်အောင် လိမ္မာတယ်။ ပြောတဲ့စကားတိုင်းကို လူကြီးတွေလို နားလည်လွယ်သလောက် သိပ်ပါးနပ်ကြပြီး အရိပ်အကဲ နားလည်တတ်တဲ့ ကျမဘဝရဲ့ ရှုမငြီးနိုင်တဲ့ ရင်သွေးလေးတွေပါ။ သူတို့ တီတီတာတာပြောနေတိုင်း အမြဲတမ်း ကြည့်မဝနိုင်ခဲ့ပါ။ ကျမရဲ့ ဘဝ၊ ကျမရဲ့ အသက်ကတော့ ဒီ သားနဲ့ သမီးတို့ပါပဲ။ အခုလဲ ဆံပင်ရှည်ရှည် ပါးဖောင်းဖောင်း၊ မျက်ခုံးကောင်းကောင်း၊ အသားကလေး ဖွေးနေတဲ့ သမီးချောလေးကို ကြည့်ပြီး မျက်ရည်တွေ စို့လာမိပါတယ်။ သမီးလေး မီးခိုးအငွေ့တွေကြောင့် သူပါးစပ်နဲ့နှာခေါင်းကို သူ့လက်ကလေးနဲ့ မလုံ့တလုံ ပိတ်ထားရှာပါတယ်။ ရုတ်တရက် ခင်ပွန်းကို သတိထားမိလိုက်ပါတယ်။ အရူးတစ်ယောက်လို အသံမထွက်ဘဲ တရှိုက်ရှိုက်နဲ့ ကလေးတွေ မမြင်အောင် ငိုနေရှာတာပါ။ သူ့ရဲ့လက်ကလေးတွေကို ကျမ ဖမ်းဆုပ်လိုက်ပြီး နှလုံးသားချင်း ဆက်သွယ်မိနေသလို တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေနဲ့ စကားတွေ ပြောနေမိပါတယ်။ မဖြစ်တော့ဘူး။ မီးခိုးတွေက သိပ်များလာပြီ။ သားနဲ့သမီးအတွက် ကျမတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး ဘာလုပ်ရမယ်ဆိုတာ မတိုင်ပင်နိုင်ခဲ့ပါဘူး။ အခုရှိနေတာက ကျမတို့အိမ်က ရေတိုင်ကီထဲမှာပါ။ တခြားအချိန်မှာဆိုရင် ကလေးတွေ မျက်နှာသစ် သွားတိုက်တဲ့အချိန်မှာတောင် ရေတွေစိုနေခဲ့တာနဲ့ အအေးမိ အဆုပ်ပွမှာစိုးလို့ အင်္ကျီလဲ၊ ရေသုတ် အလုပ်တွေကို ဂရုတစိုက်လုပ်ပေးခဲ့နိုင်ပေမယ့် အခုတော့ ဒီရေတိုင်ကီထဲက ရေတွေထဲမှာ သူတို့လေးတွေကို စိမ်ထားရသလို ဖြစ်နေပါပြီ။ ချစ်သားနဲ့သမီး အမွှာလေးတွေဟာ အရွယ်နဲ့ မလိုက်အောင် ရေတွေထဲမှာ နာရီပေါင်းများစွာကြာသည်အထိ စိမ်ထားခံကြရပြီး ကြောက်ရွံတာကြောင့် အသံပင် မထွက်ရဲလောက်အောင် ငြိမ်သက်နေကြရှာပါတယ်။ ကျမအတွေးတွေ ဟိုရောက် ဒီရောက်ဖြစ်နေတဲ့အချိန် ရုတ်တရက်မှာပဲ….

“ အဟွတ် အဟွတ် အဟွတ် ” မီးခိုးငွေ့တွေကြောင့် သားသားလေး မအောင့်နိုင်တော့ဘဲ ကလေးသံလေးနဲ့ တိုးတိုးလေး ချောင်းဆိုးလိုက်တဲ့အသံ ပေါ်ထွက်လာပါတော့တယ်။

ဒီအချိန်မှာပဲ ကျမ စိုးရိမ်စွာနဲ့ ပြင်ပကို သတိပြုမိလိုက်တော့ အသံတွေဟာ လွန်စွာ ဆူညံနေပါတယ်။

“ သာသနာ့အရေး ဒို့အရေး၊ သာသနာ့ကိစ္စ ဒို့ကိစ္စ၊ ဒို့သာသနာအဓွန့်ရှည်ဖို့ ကုလားများကို နှိမ်နင်းစို့ ”

“ အမျိုးဘာသာသာသနာ အောင်ရမည်... အောင်ရမည်... ”

“ ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ ”

“ ဝေးးးးးးးးးးးးးး၊ ရွှီးးးးးးးးး ဖြောင်း ဖြောင်း ဖြောင်း ” (လက်ခုပ်တီးသံများ)

“ ဖေ -ိုး မ ကုလားတွေ ” (အမျိုးသမီးများ၏ ဆဲဆိုသံများ)

“ ငါ -ိုးမ ကုလားတွေ၊ နှစ်မ -ိုး ကုလားတွေ ဟေးးးးး ကုလားတွေကို မျိုးဖြုတ်ကြ၊ ကုလားမှန်ရင် ကလေးတောင် အရှင်မထားကြနဲ့ ”

“ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့ဟေ့၊ အပြတ်ကို ရှင်းပစ်ကြ ”

“ ဟိုမှာ စတီးဂျိုင်လေးတစ်ခုပဲ၊ ကောက်ထား ကောက်ထား ”

“ ဟာ ဒီမှာ အားဆေးတစ်ပုလင်း အိတ်ထဲထည့်ထားလိုက် ”

“ ကိုရင် အဲ့နာရီလေး တပည့်တော်ကို စွန့်ပါ ”

“ ဟိတ် ဟိုမှာ ပိုက်ဆံတွေလားမသိဘူး အမြန်သွားယူ၊ အမြန်သွားလေ ”

“ ကုလားတစ်ယောက် ဒီဘက်ကို ပြေးသွားပါတယ် ဘုရား ”

“ လိုက်ကြဟေ့၊ တွေ့ရင် အရှင်မထားနဲ့၊ အပြတ်ရှင်းထည့်လိုက် ”

အစရှိတဲ့ ညာသံများ၊ ကြုံးဝါး ကြွေးကြော်သံများ၊ လုယက် ခိုးယူသံများနဲ့အတူ အရာဝတ္တုများ မီးလောင်ကျွမ်း ပျက်စီးနေခြင်းကြောင့် ထွက်လာသော ညှော်နံ့များဟာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေပါတယ်။

“ မာမား မီးမီး ဒီရေတွေထဲမှာ နေချင်တော့ဘူး။ ရေတွေ ပူလာပြီ။ အပြင်ထွက်ချင်တယ်။ လိုက်ပို့ပေးးးးးးးး ”

သမီးငယ်ရဲ့ ဂျီကျသံ တိုးတိုးလေး ထွက်ပေါ်လာချိန်မှာ ရုတ်တရက် ခင်ပွန်းဖြစ်သူ ကျမဘေးသို့ ပြုတ်ကျလာပါတယ်။ ကျမ အရမ်းကို ထိတ်လန့်သွားပြီး ခင်ပွန်းကို အကြိမ်ကြိမ် အသံမထွက်ဘဲ လှုပ်နှိုးနေမိတော့သည်။ အချိန် ဘယ်လောက် ကြာသွားသည် မသိ။ ကျမဘေးမှာ ထိုင်နေတဲ့ သားငယ်လေး ငြိမ်နေတာကိုလဲ ကျမ သတိပြုမိလိုက်ပါတယ်။ ကျမ ရင်ထဲက အပူမီးတွေ ဟုန်းဟုန်းတောက်လောင်ရလေပြီ။ ရေတွေက တဖြည်းဖြည်း ပွက်ပွက်ဆူလာပါတယ်။ သမီးငယ်လေး ဒုက္ခဒဏ်ကို မခံစားနိုင်သော်လည်း အသံမထွက်ရဲတာကြောင့် ကြိတ်၍ ငြိမ်နေရှာပါတယ်။

“ မာမား မီးမီး နေချင်တော့ဘူး။ အရမ်းပူတယ်။ အပြင်လိုက်ပို့ပေးပါနော်။ အဟင့် ဟီးးးးးးး ဟီးးးးးးး အီးးးးးးးးးးးးး ”

ကျမ ဘာလုပ်ရမှန်းမသိတော့ပါ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရပါတယ်။ ခင်ပွန်းလည်း အသက်မရှိတော့။ သားငယ်လေးလဲ အသက်မရှိတော့။ လောကမှာ ကျမအတွက် ဒီ သမီးငယ်လေးတစ်ယောက်သာ ကျန်ရှိပါတော့တယ်။ ဘာလုပ်ရမည်နည်း။ ဒီသမီးငယ်လေးကို ပွေ့ချီပြီး ရောက်နေတဲ့ ဒီရေတိုင်ကီပေါ်ကနေ ဘာဖြစ်ဖြစ်ဆိုပြီး အောက်သို့ ခုန်ချလိုက်ရပါမည်လား။ ထိုအချိန်တွင် ကျမစိတ်ထဲ အလင်းတန်းလေး တစ်ခုဝင်လာသည်။ သမီးငယ်တို့ စကားတတ်ကတည်းက အရင်ဦးဆုံး ရွတ်ဖတ်တတ်စေခဲ့တဲ့ ကလိမာ (အစ္စလာမ့်သရဏဂုံစာပိုဒ်) ကို သမီးလေးကို ရွတ်ဖတ်ဖို့ အသံတိုးတိုးလေးဖြင့် စေခိုင်းလိုက်မိပါတော့တယ်။

“ သမီး လာအိလာဟ ဖတ်နေနော်။ ဖတ် ဖတ်။ ဖတ်နော်။ လိမ္မာတယ်။ ”

ထိုအချိန်တွင် ကလေးငယ်နဲ့ မတန်အောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ သမီးငယ်လေးဟာ ကြောက်လန့်ခြင်းကြီးစွာနဲ့ ...

لَا إِلٰهَ إِلَّا الله
“ လာ အိ လားးးး ဟ အစ် လ လ် လား ဟု ” တစ်လုံးခြင်း အသံတုန်တုန်နဲ့ ရွတ်ဖတ်နေရာမှ တစ်ဝက်တစ်ပျက်မှာ အသံပျောက်သွားခဲ့လေပြီ။ သမီးလေးရဲ့ ရူးဟ်ဝိဉာဉ်ဟာလဲ အလ္လာဟ့်အမိန့်တော် ခံယူပြီး အာခေရသ်ကို ကူးပြောင်းသွားခဲ့ရှာလေပြီ။

ကျမဘဝရဲ့ မျှော်လင့်ချက် ကျမအတွက် မှီခိုရာ လမင်းဟာလဲ ကွယ်ပျောက်သွားခဲ့ပြီ။ ကျမရဲ့ မျှော်လင့်ချက် ကြယ်ကလေးနှစ်ပွင့်ဟာလဲ တစ်ပွင့်ပြီး တစ်ပွင့် ကြွေကျသွားခဲ့ပြီ။ ဒါပေမယ့် ကျမ အားမလျှော့ဘူး။ ဒီအကြမ်းဖက်သမားတွေကို တရားခွင်ကို ရောက်အောင်ပို့မယ်။ ကျမ ခံယူထားတယ်။ လူကိုလူလို့ပဲ မြင်တဲ့အခါ ကမ္ဘာကြီးဟာ သိပ်လှနေမှာပါ။

အခုတော့ သူတို့လူမျိုးတစ်မျိုးတည်းသာ ကမ္ဘာမှာ ရှိရမယ်။ သူတို့ဘာသာတရားအလံကို လေမှာ တလူလူနဲ့ လွှင့်ထူဖို့ အယူအဆ မတူသူတွေကို လမ်းခင်းခဲ့ကြတယ်။ သူတို့ရဲ့ အကြမ်းဖက်ခံ သားကောင်တွေစာရင်းထဲမှာ ကျမနားက အနာဂတ်မျှော်လင့်ချက် အလင်းရောင်ကြယ်ပွင့်လေးတွေကိုပါ ဆွဲလုသွားကြတယ်။ ဒီဖြစ်ရပ်မျိုးတွေ ကျမနေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဖြစ်နေလဲဆိုတာကို ကျမအရမ်းသိချင်မိတယ်။ အခုချိန်မှာ ကျမ သတ္တိတွေမွေးပြီး သူတို့ကို တရားဥပဒေဆီ ရောက်အောင်ခေါ်ဖို့ အားတင်းထားပါတယ်။

ရတယ်။ ရပါတယ်။ ကျမယောက်ျား၊ ကျမသားနဲ့သမီးလေးတွေ မရှိကြတော့ဘူးဆိုပေမယ့် ကျမရဲ့ ဗိုက်ထဲက ကလေး ကျမရင်သွေးလေး ရှိနေပါသေးတယ်။ သူ့အတွက် ကျမ အသက်ရှင်နေအုံးမှာပါ။ အားတင်းထားပါတယ်။ ကျမ အဖေနဲ့အမေ၊ အစ်ကိုမောင်တွေရော အခု ဘယ်မှာရှိနေကြလဲ။ သူတို့ရော အသက်တွေ ရှိကြသေးလား။ ကျမလို ကိုးကွယ်ရာ ဘာသာတူတဲ့ သူတွေထဲက ဘယ်သူတွေ အသက်ရှင်နေကြသေးလဲ။ သူတို့ရဲ့ အိုးအိမ်တွေရော အကောင်းကျန်သေးရဲ့လား၊ မြို့ပေါ်က ဗလီတွေ ဘယ်နှစ်လုံးလောက်ထိ ဖြိုချခံလိုက်ရပြီလဲ။ ရက်စက်လိုက်ကြတာ။ ကျမ ဘာလုပ်ပေးနိုင်လဲ။ ကျမကိုယ်တိုင် မပေါ့မပါးကြီး။

အလွန်ကို ခံပြင်းမိတယ်။ ရင်ထဲရှိတာတွေကို နှုတ်ကနေ အော်ဟစ် ဖွင့်ထုတ်ပစ်လိုက်ချင်တယ်။ အော်ဟစ်လိုက်ရင် သူတို့ကြားသွားလိမ့်မယ်။ ကျမကို တွေ့အောင်ရှာပြီး သတ်ပစ်လိမ့်မယ်။ ကျမ သေလို့ မဖြစ်သေးဘူး။ ကျမ ရင်သွေးလေးကို မွေးဖွားရအုံးမယ်။ ရှင်သန်ဖို့  ကျမ ငြိမ်ငြိမ်နေလိုက်တယ်။ ကျမကိုယ်ကျမ နှစ်သိမ့်လိုက်တယ်။

ကိုယ်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ဟာ အကြိမ်ကြိမ် အစော်ကားခံခဲ့ရတယ်။ ကျမထင်တယ်။ ရဲရဲဝံ့ဝံ့ကို ကျမ ဟစ်ကြွေးရဲပါတယ်။ ကမ္ဘာပေါ်မှာ ယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံပြီး နည်းလမ်းမျိုးစုံနဲ့ အစော်ကားခံနေရဆုံး ပုဂ္ဂိုလ်ဆိုတာကို ဂင်းနစ် မှတ်တမ်းတင်ထားမယ်ဆိုရင် ဒီနေ့ထိ အဲ့ဒီမှတ်တမ်းရဲ့ စံချိန်မှာ ကျမတို့ချစ်ရတဲ့ တမန်တော်မိုဟမ္မဒ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကို ဘယ်သူမှ စံချိန်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတမန်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ရဲ့ဘဝမှာ အချမ်းသာခဲ့ဆုံးက သည်းခံခြင်းဆိုတဲ့ မေတ္တာတရားပါ။ တမန်တော်ကြီး မိုဟမ္မဒ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ ဟာ နှုတ်ပါးစပ်က ဖွင့်ဟပြီး လူအထင်ကြီးအောင် အော်ဟစ်တဲ့ မေတ္တာတရားရှင်မဟုတ်ဘဲ စိတ်နှလုံးသားထဲက ဖြူစင်စွာနဲ့ လူမသိအောင် ကြိတ်ခံတတ်တဲ့ တစ်ဦးတည်းသော မဟာလူသား မေတ္တာတရားရှင်ကြီးပါ။ မိမိ နောက်လိုက်တွေကိုလဲ ဒီလမ်းစဉ်ကိုပဲ ကျင့်သုံးဖို့ အတန်တန် မှာတမ်းချွေခဲ့ပါတယ်။ ကျမက သူ့နောက်လိုက်ပဲ။ ကျမသည်းခံရမှာပေါ့။ သည်းခံမယ်။

ကျမတို့ ကိုယ်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ မိန့်ခဲ့တာကို သတိရတယ်။
“ မွတ်စ်လင်တွေအတွက် ဟောဒီ လောကကြီးဟာ ငရဲဘုံပါ ” တဲ့။
အခု ရေတွေ ပွက်ပွက်ဆူနေပြီ။ ကျမ အသက်ရှုလို့ မရတော့အောင် မီးခိုးငွေ့တွေနဲ့ မွန်းကြပ်နေပြီ။

ကျမ အလွတ်ကျက်ထားသမျှ ကုရ်အာန်ကျမ်းမြတ်ရဲ့စာပိုဒ်တော်တွေကို ရေနွေးပူနဲ့ မီးခိုးငွေ့တွေကြားမှာ ရွတ်ဆိုနေမိတယ်။ ကျမ မျက်ရည်တွေ ခမ်းခြောက်နေပါပြီ။ ရတယ်။ ဒီအပူဒဏ်ကို ကျမ ဆက်ပြီး ကြိတ်မှိတ်ခံမယ်။ ဒါပေမဲ့ ကျမ ဝမ်းထဲက ၈-လသားလေးကတော့ ကျမဗိုက်ထဲက သွက်သွက်ခါအောင် ရုန်းကန် လှုပ်ရှား ဆန္ဒပြနေပါတယ်။ သူ့အတွက် ကျမ အလွန်ကို စိုးရိမ်နေရပါပြီ။ ကျမဘဝရဲ့ နောက်ဆုံးသော မျှော်လင့်ချက် အလင်းရောင်လေး။ သူ ကြွေလွင့်သွားမှာ စိုးပါတယ်။

ကျမ မခံနိုင်အောင် ပူနေပါပြီ။ တကယ်တော့ ကျမတို့ မိသားစုဟာ ဘယ်သူ့ကိုမှ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့ ပြစ်မှား ကျူးလွန်ခဲ့ဖူးတာ မရှိပါဘူး။ လူမျိုး/ဘာသာ မခွဲခြားဘဲ အလှူအတန်းတွေ လုပ်ခဲ့တယ်။ အိမ်နီးချင်းတွေအပေါ် သိတတ်ခဲ့တယ်။ မရှိသူတွေကို နိုင်သမျှ ပေးလှူခဲ့တယ်။ အားလုံးကို လူလိုပဲ ဆက်ဆံခဲ့တယ်။

အခုလို ဘာသာရေးအကြောင်းပြပြီး အကြမ်းဖက်နေကြတဲ့ မဟာသာကီလူမျိုးကြီးဝါဒနဲ့ မျက်ကန်းမျိုးချစ်တို့ရဲ့ တစ်ဖက်သက် အစွန်းရောက် လူမဆန်မှုတွေဟာ မကောင်းမှု လုပ်ရပ်တွေပါ။ မကောင်းမှု လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ဟာ မကောင်းကျိုးတွေပဲမို့ မကောင်းကျိုးတွေကိုပဲ ရှင်တို့ တစ်နေ့ခံစားကြရမှာပါ။

“ အို! အလ္လာဟ်အရှင်မြတ်သခင် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းနဲ့ အပြစ်မဲ့တဲ့ ကလေးတွေကို ကြံစည်သူတွေအား အလင်းတရား ပေးသနားတော်မူပါ။ ကျွန်တော်မျိုးမတို့ မိသားစုများ ခံစားခဲ့ကြရသလို သူတို့ကို မခံစားကြရပါစေနဲ့။ ဝဋ်မလိုက်ကြပါစေနဲ့။ သူတို့ကို ဟေဒါယသ် လမ်းမှန်ကိုသာ ပြသပေးတော်မူပါ။ အစ္စလာမ်ဘာသာကို စော်ကားမှုအတွက် အရှက်နဲ့နောင်တကိုသာ သူတို့ကို ပေးသနားတော်မူပါ ” လို့ ကျမ ရေရွတ် ဆုတောင်းနေမိပါတယ်။

ဘာသာ သာသနာကို ခုတုံးလုပ်ပြီး လူကို လူလို မမြင်ဘဲ ကျမတို့ အစ္စလာမ် ဘာသာဝင် အပြစ်မဲ့ ပြည်သူတွေကို ဘာသာတစ်ခုရဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေက ဦးဆောင်ပြီး ဒုက္ခပေးနှိပ်စက်နေတဲ့ အချိန်မှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေမှ လာပြီး မကာကွယ်ပေးခဲ့ကြပါလား။

ကျမတို့မိသားစုလိုပဲ ထပ်တူ မွတ်စ်လင်မ်တွေ ဘယ်လောက်သေကြရမှာလဲ ကေတုမတီရယ်။ ကျမ အသက်ငွှေ့ငွေ့ထဲတွင် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူများကို လူ့အခွင့်အရေး ချိုးဖောက်စေရန် သွေးထိုး လှုံ့ဆော်ခဲ့တဲ့ အဓိကတရားခံ ဘယ်သူတွေလဲဆိုတာ သိချင်နေမိတယ်။ ကျမ ရေအရမ်းဆာနေလို့ ရေတွေကို လက်ဖဝါးနဲ့တောင် မခပ်ယူနိုင်တော့ဘူး။ ကျမရွတ်ဆိုလိုက်တယ်။

لَا إِلٰهَ إِلَّا الله مُحَمَّدٌ رَسُولُ الله
“ လားအိလားဟ အစ်လလ္လားဟု မိုဟမ္မဒွရ် ရစူးလွလ္လာဟ် ”
(အဓိပ္ပါယ်) အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုယ်းကွယ်ခြင်း ခံယူထိုက်သူ မရှိကြောင်းနှင့် မိုဟမ္မဒ်  صَلَّي اللهُ عَلَيْهِ وَسَلَّمْ ကိုယ်တော်သည် အရှင်မြတ်၏ စေလွှတ်သော နောက်ဆုံး စေတမန်တော် ဖြစ်ပါသည်။

နှစ်ပတ်ခန့် ကြာပြီးနောက် …

တောင်ငူမြို့၊ ကန်တော်လမ်း၊ မန်းရပ်တစ်ခုလုံးဟာ မီးလောင်ပြင်က ပျံ့လွင့်လာသော မခံမရပ်နိုင်လောက်တဲ့ ပုပ်စော်နံ့ကြောင့် သွေးပျက်စရာ ကောင်းနေပါတော့တယ်။ ရပ်ကွက်နဲ့ ဒေသတွင်း တာဝန်ရှိသူတွေဟာ ပိုက်ဆိပ်တိုက် တောနင်း ရှာဖွေကြတဲ့အခါမှာတော့ ရှင်းလင်းပြာကျနေတဲ့ မီးလောင်းပြင်အိမ်ကြီးတစ်ဆောင်ရဲ့နောက်မှာ ပြိုကျခါနီး ရေချိုးခန်းအိမ်သာရဲ့အပေါ်က ရေတိုင်ကီတစ်ခုအတွင်းမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြရှာတဲ့ မိသားစုလေးဦးရဲ့အလောင်းတွေကို ရင်နင့်ဖွယ် တွေ့ရှိကြရလေတော့တယ်။

သေဆုံးသွားရှာတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးအမျိုးသားနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက အစ္စလာမ်ဘာသာရဲ့ ပဉာတ်ချက်နဲ့အညီ မြေချပေးဖို့ အလောင်းကောက်တဲ့အချိန်မှာ သေဆုံးသူအမျိုးသမီးရဲ့ ဝမ်းဗိုက်ပွင့်ပြီး မိန်းကလေးအမွှာလေးတွေရဲ့ အလောင်းကိုပါ တွေ့ရှိလိုက်ရပါတော့တယ်။

အထက်ပါ ဝတ္ထုကတော့ ၂၀၀၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အတွင် ဖြစ်ပွားခဲ့သည့် တောင်ငူမြို့ ဘာသာရေးအကြမ်းဖက်မှုအတွင်း သားကောင်ဖြစ်ခဲ့ရသည့် မိသားတစ်စု၏ ရင်နင့်ဖွယ် သေဆုံးခဲ့ရသည့် တကယ့်ဖြစ်ရပ်မှန်အား တောင်ငူသား စာရေးဆရာ၏ ပြန်လည်ခံစားကာ သရုပ်ဖော်ထားခြင်းသာ ဖြစ်ပါသည်။ (အယ်ဒီတာ)

ဝတ္ထု»ခေဋီဈက်ဥို | အလင်းမျက်ဝန်း
တင်ဆက်မှု»ဇင်ဒီ | အလင်းမျက်ဝန်း
သရုပ်ဖော်»ရိုင်ဟာန်း | အလင်းမျက်ဝန်း
ဒီဇိုင်း»မွှမ်း | အလင်းမျက်ဝန်း
စီစဉ်သူ»မေသွေး | အလင်းမျက်ဝန်း