မကြာမီ ကျရောက်တော့မယ် မွတ်စ်လင်မ်တို့ရဲ့ ရမ္မဇာန်လမြတ်ကို ဂုဏ်ပြုကြိုဆိုဖို့ စင်္ကာပူအစိုးရဟာ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မနေ့ညပိုင်းကပဲ မိန်းလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးရောင်စုံကို ၂.၂၅ ကီလိုမီတာ (၁မိုင်ခွဲနီးပါး) အရှည်လောက်အထိ အလှဆင်ထွန်းညှိထားတဲ့ Hari Raya Light Up 2017 မီးထွန်းပွဲတော်ကြီးကို တာဝန်ရှိသူတွေတက်ရောက်ပြီး တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

မွတ်စ်လင်မ်တို့ရဲ့ အီးဒ်ပွဲတော်ကို Hari Raya လို့ စင်္ကာပူနိုင်ငံမှာ ခေါ်ဝေါ်သုံးစွဲတာကြောင့် Hari Raya Light Up 2017 ဆိုတဲ့အမည်ပေးပြီး ရမသွာန်ဥပုဒ်လအပြီး ကျရောက်မယ့် ဝါကျွတ်အီးဒ်ပွဲတော်အထိမ်းအမှတ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အီးဒ်ပွဲတော်အထိမ်းအမှတ် မီးအလှဆင်ပွဲတော်ကို မေ (၂၀) မှစ၍ ဇူလိုင် (၇) ရက်အထိ နေ့စဉ်ဖွင့်လှစ်ထားမယ်လို့ အာဏာရပါတီရဲ့ လူမှုကွန်ယက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါပွဲတော်ဖွင့်ပွဲကို စင်္ကာပူနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် ဦးဆောင်ပြီး လူမှုရေးနှင့်မိသားစုဖွံ့ဖြိုးရေးဝန်ကြီး၊ မရိန်းပရိုက်ရပ်ကွက်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အခြားသော ပါလီမန်အမတ်များစွာတို့က တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိအာဏာရပါတီ PAP ရဲ့ ဒုတိယဥက္ကဋ္ဌကြီးဖြစ်တဲ့ Chan Chun Sing ကလည်း The Pertapis Care and Share လို့ ခေါ်တွင်တဲ့ နှစ်စဉ်ရမသွာန်လမတိုင်မီ ပြုလုပ်လေ့ရှိတဲ့ အလှူဒါနပွဲတော်ကြီးကို တက်ရောက်ပြီး နိုင်ငံတွင်းမှ လူမျိုး/ဘာသာစုံ အသက်ကြီး ဝင်ငွေနည်းမိသားစုတွေကို အလှူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဂျိုချက် complex ရဲ့ ကုန်သည်များအသင်းနဲ့ အခြားသော အလှူဒါနပြုကြတဲ့ အဖွဲ့အစည်းများစွာကလည်း ဒီလှူဒါန်းပွဲကြီးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

“ ကျနော်တို့အားလုံး အခုလို အတူတကွ လက်တွဲပြီး တစ်သားတည်းသော လူ့အဖွဲအစည်းအနေနဲ့ လူမျိုး/ဘာသာ/သာသနာဆိုပြီး ခွဲခြားမှုမရှိဘဲ အမြဲရပ်တည်နေမယ်ဆိုရင် ဘယ်လိုမျိုး အခက်အခဲတွေပဲ ကြုံလာရပါစေ စင်္ကာပူနိုင်ငံတော်ကြီးကို ဒီ့ထက်ပိုကောင်းအောင် တည်ဆောက်နိုင်ကြအုံးမှာ ဖြစ်ပါတယ် ” လို့ Minister Chan Chun Sing ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြသွားပါတယ်။

သတင်း » ကိုကျော်ဇေယျ
Inews-04/5/17 © အလင်းမျက်ဝန်း | ကိုးကား » PAP Official Page