(မေးခွန်း-၁) 
အတ်စ်လားမ်မိုအလိုင်းကွန်
ဆရာရေ ကျနောလဲ ဆီးစက် နည်းနည်း နည်းနည်း ကျတယ်။ အမြဲ လိုလို ပဲ အရင်က အရမ်းစိတ်ညစ်ခဲ့ရဖူးတယ်။ အခု အလ္လာဟ့်အသနားနဲ့ နည်းလမ်းလေးတစ်ခု ရသွားတယ်။ အတော်လေးအဆင်ပြေသွားတယ်။
နမာဇ် အချိန်ရောက်ရင် သန့်ရှင်းရေးလုပ်ပြီး တစ်ရူး (tissue paper) သုံးလေးရွက်နဲ့ပတ်ပြီး အပြင်ကနေ ရော်ဘာ သရေကွင်းနှင့် ကြပ်ကြပ်လေး ချည်ထားလိုက်မယ် ဆိုရင် အင်ရှာအလ္လာဟ် အဆင်ပြေသွားမယ်လို့ မျှော်လင့်မိတယ်။ ဘယ်သူမေးတာလဲ မသိလို့ ဆရာပဲ ပြန်ပြီး လိုအပ်သူထံ ပို့ပေးရန် တောင်းဆိုပါတယ်။ ကျနော့ရဲ့လုပ်ရပ်မှာလဲ မှားယွင်းမှု ရှိနေရင် ပြန်လည် အလင်းပြပေးပါရန် တောင်းဆိုပါတယ်။
မိုဟမ္မဒ်​ စအားဒ် (Austin Tx America)
 (အဖြေ-၁) 
စလာမ်ပြန်ကြားလိုက်ပါတယ်။
(၄-၅-၂၀၁၇) ရက်နေ့က ဖြေခဲ့တဲ့ (အတွဲ-၀၀၂) မေးခွန်းအမှတ် (၃) ကို ထပ်ဆင့် လုပ်ဆောင်ချက်ကလေး ပြောပြပေးတဲ့အတွက် ကျေးဇူးပါ။ မိုဟမ္မဒ် စအဒ် ပြောပြတဲ့အတိုင်း ပြုလုပ်သူအတွက် အဆင်ပြေဖို့ မျှော်လင့်မိပါတယ်။
  • ဒါပေမဲ့ စွလာသ်တစ်ကြိမ်ရဲ့ အချိန်ကာလတစ်ခုစာမျှလောက် ဆီးစက်ကျနေရင်တော့ အဲဒီလို ဆီးစက်ကျနေလျက်နဲ့ပဲ စွလာသ်ဝတ်ပြုခွင့် ရှိပါတယ်။ ဖသ်ဝါနဲ့ သက္ကဝါကို ခွဲခြားကျင့်သုံးတဲ့သဘောဖြစ်ပါတယ်။
မေးမြန်းသူလည်း ဒီနေရာကနေ မိုဟမ္မဒ် စအားဒ်ရဲ့ နည်းလမ်းလေးကို မြင်နိုင်မယ်လို့ ယူဆပါတယ်။

 (မေးခွန်း-၂) 
အစ္စလာမုအလိုင်းကွမ်
ရိုဇာထားရင် မိတ်ကပ် နှုတ်ခမ်းနီ ဆိုးလို့ရပါသလား? အလုပ်လုပ်နေတာမို့ လုပ်ငန်းခွင်မှာ ဘာမှမလိမ်းဘဲ ဝင်လို့မရလို့ပါ။ ပြီးတော့ ဝူဇူလုပ်ထားပြီး ပုဝါမခြုံထားရင်ကော ဝူဇူပျက်ပါသလား? မိန်းကလေး တစ်လတစ်ခါ ရာသီလာရင် (၃) ရက် သို့မဟုတ် (၇) ရက် ဖြစ်တတ်ပေမယ့် (၄/၅) ရက်မြောက်လို့ မလာတော့ရင် ခေါင်းလျှော်ပြီး ရိုဇာ နမားဇ် ဖတ်မိပါတယ်။ ဒါပေမယ့် (၆) ရက်မြောက်တဲ့နေ့ဆို နည်းနည်း ပြန်လာတတ်ပါတယ်။ အဲဒါဆို ဘယ်လိုလုပ်ရပါမလဲ? (၇) ရက် ပြည့်အောင် မလာလည်း စောင့်သင့်လား? မစောင်သင့်ဘူးလား? ဖြေပေးပါ။ အမြဲတမ်း နမားစ် ဖတ်ဖို့ ဇဝေဇဝါဖြစ်ရလို့ပါ။
ဆာဂျေသာ (?)
 (အဖြေ-၂) 
စလာမ်ပြန်ကြားလိုက်ပါတယ်။
  1. ရိုဇာထားနေစဉ် မိတ်ကပ်၊ နှုတ်ခမ်းနီ လိမ်းခြယ်လို့ ရပါတယ်။ ရိုဇာပျက်စေတဲ့ အချက်တွေ မဟုတ်ပါဘူး။
  2. ဝိုဇူပြုလုပ်ပြီး ပုဝါမခြုံဖြစ်တာလည်း ဝိုဇူကို မပျက်စေပါဘူး။ အရှက်လုံစွာ ဖုံးအုပ်ရမှာကတော့ အမြဲအရေးကြီးတဲ့ ကိစ္စတစ်ရပ်ပါ။
  3. ဓမ္မတာရာသီသွေးဆင်းတဲ့ရက်ဟာ လစဉ်လိုလို ပုံမှန် ခုနစ်ရက်တိတိလောက် ဖြစ်နေရင်တော့ ကြားထဲမှာ ခေတ္တခဏမျှ ရပ်သွားခဲ့ရင်လည်း စွလာသ်ဝတ်မပြုသေးဘဲ စောင့်ဆိုင်းသင့်ပါတယ်။ လစဉ်ဓမ္မတာ လာနေကျရက် မရောက်ခင်ရက်ဟာလည်း ဓမ္မတာသွေးဆင်းတဲ့ ရက်အဖြစ် သတ်မှတ်ထားလို့ပါ။
    တကယ်လို့ ပုံမှန်ရက် မရှိဘဲ ဒီလ (၄) ရက် သွေးဆင်းမယ်၊ နောက်လ (၆) ရက် သွေးဆင်းမယ်၊ နောက်လ (၃) ရက် သွေးဆင်းမယ်၊ နောက်တစ်လကျပြန်တော့ (၇) ရက် စသဖြင့် ပုံမှန်မဟုတ်ဘဲ ဓမ္မတာသွေးဆင်းခဲ့ရင်တော့ (၃) ရက်သွေးဆင်းပြီး ရပ်သွားတဲ့ အချိန်ဟာ စွလာသ်တစ်ကြိမ်ရဲ့ အချိန်အတိုင်းအတာမျှ ရှိခဲ့ရင် ဆိုလိုတာက အစွရ်ရဲ့ အချိန်ဆို ညနေ ၅း၀၀ နာရီမှ ၆း၃၅ လောက်ထိ ဖြစ်တဲ့အတွက် သွေးရပ်သွားတဲ့ အချိန်ကာလဟာ တစ်နာရီခွဲအတိုင်းအတာမျှလောက် ဖြစ်ခဲ့ရင်တော့ ရေချိုးပြီး စွလာသ်ဝတ်ပြုလို့ ရပါတယ်။
 (မေးခွန်း-၃) 
ဒိုအာကိုနွတ်ကို နောက်လိုက်တွေက ဖတ်စရာလိုပါသလား? အေမာမ် အသံနဲ့မဟုတ်ဘဲ အသံတိတ်ဖတ်တဲ့ စာပိုဒ်တွေကို နောက်လိုက်တွေက ဖတ်စရာလိုပါသလား?
မောင်မောင် (ပျဉ်းမနား)
 (အဖြေ-၃) 
  • နောက်လိုက်မုက္ကသဒီတွေလည်း ဒုအာအေ့ကုနူးသ် ဖတ်ရပါမယ်။
  • အသံတိတ်ဖတ်တဲ့ စာပိုဒ်တွေဖြစ်တဲ့ ဆနာ၊ စွဗ်ဟာန ရဗ်ဗိယလ်အဇွီးမ်၊ ရဗ္ဗနာ လကလ္ဟမ္ဒု၊ စြဗ္ဟာန ရဗ္ဗိယလ္အအ္လာစတဲ့ သပ်စ်ဗီးဟ်တွေ သဟ်မီးဒ်တွေ၊ သရှဟ်ဟွဒ်၊ ဒရူးဒ်အီဗ်ရာဟီးမ်၊ ဒုအာမအ်ဆူရာတို့အားလုံးကို ဖတ်ရွတ်ရပါမယ်။