[3column][content]
 (မေးခွန်း-၁) 
အတ်စ်လားမိုအလိုင်းကွန်
ဆရာ ကျနောတို့ အခု ရောက်နေတဲ့ နိုင်ငံက ဗလီတော်တော်များများမှာ အမျိုးသမီးတွေအတွက် နမားဇ်​ဝတ်ပြုဖို့နေရာ စီစဉ်ထားပေးတယ်။ အဲ့ဒီမှာ ကျနော်တို့ မြန်မာ မွတ်စ်လင်မ် အမျိုးသမီး အချို့လဲ ဂျွမ်အာ နမားဇ်​၊ အီးဒ် နမားဇ်​ တို့ သွားဖတ်ကြပါတယ်။ အဲ့ဒီလို ဗလီမှာ အမျိုးသမီးတွေ နမားဇ်​ သွားဝတ်ပြုခြင်းကို ကျနော်တို့ ဟန္နဖီ မဇ်ဟဗ်မှာ ဘယ်လို ပြထားလဲ ဆိုတာကို ရှင်းပြပေးပါရန်လေးစားစွာ မေတ္တာရပ်ခံပါတယ်။
မိုဟမ္မဒ်​ စအားဒ် (Austin Tx America)
 (အဖြေ-၁) 
အမျိုးသမီး ဗလီတက် စွလာသ်ဝတ်ပြုခြင်းဆိုင်ရာ ပုစ္ဆာကတော့ ရှည်လျားတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ဟဒီးဆ်တော်တွေမှာတော့ မြောက်မြားစွာ လာရှိထားပါတယ်။ အမျိုးသမီးရဲ့ အကောင်းဆုံးဝတ်ပြုရာနေရာဟာ သူမရဲ့ အိမ်တွင်းခန်းပဲလို့လည်း လာရှိထားပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးအပေါ် ဂျုမုအဟ်ဝတ်ပြုဖို့ တာဝန်မရှိဘဲ ဇုဟိုရ်သာ ဝတ်ပြုရတယ်ဆိုပေမယ့်လည်း တကယ်လို့ ဗလီမှာသွားပြီး ဂျုမုအဟ်ဝတ်ပြုလိုက်ရင် အထမြောက်သွားပါတယ်။ ဂျုမုအဟ်ဝတ်ပြုတဲ့အမျိုးသမီးဟာ သီးသန့် ဇုဟိုရ်ပြန်ဝတ်ပြုနေစရာ မလိုတော့ပါဘူး။ ဟိဒါယဟ်ကျမ်းမှာ အဲ့ဒီအတိုင်း ဖော်ပြထားပါတယ်။ အီးဒ်နမားဇ်ဟာလည်း အမျိုးသမီးတွေအတွက် ဝါဂျစ်ဗ်တာဝန် မဟုတ်ပါဘူး။
[/content][content]
 (မေးခွန်း-၂) 

အခု အောင်ဘာလေ သိန်းတစ်သောင်းဆု ပေါ်လာပါတယ်။

ဒါကို မွတ်စ်လင်မ်တွေ ထိုးလို့ရပါသလား?

ပေါက်တဲ့ငွေကိုရော အသုံးချခွင့် ရှိပါသလား?

တကယ်မသိလို့ မေးတာပါ။

ဇိုဗိုက်ဒါ (မိုးကုတ်မြို့)

 (အဖြေ-၂) 

  • ထီထိုးခြင်းဟာ ပွင့်လင်းမြင်သာတဲ့ လောင်းကစားခြင်း တစ်မျိုးဖြစ်ကြောင်း ဖိကဟ်ပညာရှင်ကြီးများက မိန့်ထားတဲ့အတွက် ထိုးခွင့် မရှိပါဘူး။

  • ပေါက်လာတဲ့ငွေကိုလည်း သုံးစွဲခွင့်မရှိတဲ့အတွက် မရှိဆင်းရဲသားများနဲ့ လိုအပ်နေသူများ စတဲ့သူတွေကို အသုံးပြုလိုက်သင့်ပါတယ်။

[/content][content]
 (မေးခွန်း-၃) 

သောကြာနေ့မှာ ဂျုမုအဟ်မတိုင်မီ ရေမချိုးခင် ဝိုဇူလုပ်ပါတယ်။

အခန်းလုံတဲ့အတွက် ဝတ်လစ်စလစ်နဲ့ ရေချိုးပါတယ်။

ရေချိုးပြီးတဲ့အခါ ချက်ချင်းနမားဇ်ဖတ်လို့ ရပါသလား?

ဝိုဇူထပ်လုပ်ဖို့ လိုပါသလား?

အောင်အောင်ဦး (မြစ်ကျိုး)

 (အဖြေ-၃) 

ဝတ်လစ်စလစ် ရေချိုးလို့ ဝုဇူမပျက်သွားပါဘူး။

တချို့သူတွေက ဒူးပေါ်ရင် ဝုဇူပျက်သွားတယ်လို့ ထင်မှတ်နေကြပါတယ်။

တကယ်တော့ ဝုဇူပြုပြီး ဒူးပေါ်တာဖြစ်ဖြစ် တခြား တစ်စုံတစ်ခု ပေါ်တာဖြစ်ဖြစ် ဝုဇူမပျက်ပါဘူး။

ဒါကြောင့် ဝတ်လစ်စလစ်ရေချိုးပြီးတဲ့အခါ သီးသန့် ဝုဇူလုပ်နေစရာ မလိုတော့ပါဘူး။

[/content][/3column]