မနေ့ တနင်္လာနေ့အစောပိုင်းမှာ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အီဂျစ်နဲ့ ဘာရိန်းနိုင်ငံတို့ဟာ ကာတာနိုင်ငံကို ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းများအား (၂၄) နာရီအတွင်း ဖြတ်တောက်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘုံရန်သူဖြစ်တဲ့ ISIS အစွန်းရောက်အဖွဲ့အား ကာတာနိုင်ငံဟာ ထောက်ခံအားပေးကူညီနေတဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုကို အစဉ်တစိုက် ဖန်တီးလာတဲ့ အီရန်နိုင်ငံနဲ့လည်း အတင့်ရဲစွာ ပိုမိုချဉ်းကပ်လာတာကြောင့် အခုလို ပြုလုပ်ရခြင်းဖြစ်ဆိုတာကို ဆော်ဒီဘက်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီနိုင်ငံရဲ့ ကြေငြာချက်မှာ ကာတာနိုင်ငံသားတွေအနေနဲ့ ဟဂ်ျနဲ့အွမ္မရာဟ်ခရီးစဉ်တွေအတွက် လာရောက်ခြင်းကိုတော့ ခွင့်ပြုတယ်လို့ ဖော်ပြခဲ့ပါတယ်။

အီရန်နဲ့ ဆက်ဆံရေးအရှိန်မြှင့်တင်ကာ ယီမင်နိုင်ငံက ရှီအာစစ်သွေးကြွ ဟူသီအကြမ်းဖက်သူပုန်တွေကို ထောက်ခံအားပေးတဲ့ရေးသားမှုတွေ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ အတွေးအခေါ်တွေကို လူသိအောင် ထုတ်ဖော်စည်းရုံးပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာအခြေစိုက် ကမ္ဘာကျော်သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Al-Jazeera ရဲ့ ဆော်ဒီရုံးခွဲကိုလည်း ဆော်ဒီအစိုးရဘက်က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်း(၄)နိုင်ငံနှင့်အတူ ယီမင်၊ လစ်ဗျား၊ မော်ရေးရှပ်နဲ့ မော်လဒိုက်နိုင်ငံတို့ကလည်း ဆက်လက် ပူးပေါင်းပါဝင်လိုက်ကြပြီ ဖြစ်ပါတယ်။

တူရ်ကီနိုင်ငံနဲ့ ကူဝိတ်နိုင်ငံတွေကတော့ ကြားနေပြီး ပြေလည်အောင်လုပ်ဆောင်မယ်လို့ သီးခြားစီ သတင်းထုတ်ပြန်ထားကြပါတယ်။

Inews-03/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News