[3column][content]
 (မေးခွန်း-၁) 

ထီပေါက်တဲ့ငွေကို မရှိဆင်းရဲတဲ့ မိဘမောင်နှမသားချင်းကိုရော ပေးလို့ရပါသလား?

မရှိဆင်းရဲသားဆိုတာမှာ အစ္စလာမ်ဘာသာဝင် ပါသလားဆိုတာကို သိချင်တာပါ။

Arasia (ရန်ကုန်)


 (အဖြေ-၁) 

  • (၂-၆-၂၀၁၇) ရက်နေ့က ဖော်ပြခဲ့တဲ့ အတွဲ (၀၀၈) ရဲ့ မေးခွန်းအမှတ် (၂) မှာ ဖြေကြားခဲ့သလိုပါပဲ ထီပေါက်တဲ့ငွေဟာ ဟရာမ်ပါ။ သုံးစွဲခွင့် မရှိပါဘူး။

  • ပေါက်လာတဲ့ငွေကို မရှိဆင်းရဲသားတွေနဲ့ လိုအပ်နေသူတွေအပေါ်မှာ သုံးစွဲလိုက်ရပါမယ်။

  • မရှိသူတွေအတွက်ကတော့ မရှိမဖြစ်သုံးစွဲနေတာဖြစ်လို့ မွတ်စ်လင်မ်ဖြစ်နေရင်လည်း ပေးကမ်းသင့်ပါတယ်။

(ဒီအဖြေအတွက် အလ္လာဟ်အရှင်မြတ်ထံမှာ ခိုလှုံပါတယ်။)


[/content][content]
 (မေးခွန်း-၂) 

လင်မယား သံဝါသကိစ္စဆိုတာ ဘယ်အခြေအနေကို ပြောလို့ရပါသလဲ။

ရိုဇာထားပြီး လင်မယား ဖက်လဲတကင်းနေတယ်။ ဆန္ဒပြီးမြောက်တဲ့သုက်ရည်တော့ မထွက်ပေမယ့် မဆက်ဆံခင်ထွက်လာတတ်တဲ့ အရည်ကြည်မျိုး ထွက်လာရင် ရိုဇာပိုင်ပါသလား။

ပြည့်ဖြိုး (ပြည်)


 (အဖြေ-၂) 

  • စွောင်မ်ရိုဇာထားနေစဉ် အမျိုးသမီးနဲ့ သံဝါသပြုတယ်ဆိုတာ ဖက်တာ၊ နမ်းတာ၊ ဘေးချင်းကပ်အိပ်တာတွေကို ပြောတာမဟုတ်ပါဘူး။
  • ဖက်လို့ နမ်းလို့ ထွက်လာတဲ့ အရည်ကြည် တစ်နည်း မဇီကြောင့် ရိုဇာ မပျက်သွားပါဘူး။
  • ဆက်ဆံပေါင်းသင်းတာမဟုတ်ဘဲ ဖက်ရင်း၊ နမ်းရင်း မနီသုတ် ထွက်သွားခဲ့ရင်တော့ ရိုဇာပျက်သွားပါတယ်။ ပြန်ပြီး ကဿွာတစ်ရက် စောင့်ထိန်းရပါမယ်။
  • တကယ်လို့ ရိုဇာစောင့်ထိန်းနေတဲ့ကာလအတွင်းမှာ တမင်သိလျက် ပေါင်းသင်းဆက်ဆံလိုက်ရင်တော့ ကဿွာတစ်ရက် စောင့်ထိန်းရမဲ့အပြင် ကဖ်ဖာရဟ် ရက် (၆၀) ပါ စောင့်ထိန်းဖို့ တာဝန်ဖြစ်သွားပါမယ်။

[/content][content]
 (မေးခွန်း-၃) 
ကလေးနေမကောင်းလို့ ဆွဒကာထုတ်တာကို ကလေးရဲ့ ညှပ်ပြီးသား လက်သည်းခြေသည်းဆံပင်တွေကို စုချိန်ပြီး ရတဲ့အလေးချိန်နဲ့အညီ ရွှေ၊ ငွေ တွေကို ဘာဘာကြီးဆီမှာ လှူရတယ်ဆိုတာ ဟုတ်ပါသလား။ တကယ်မသိလို့မေးမြန်းတာပါ။ အသိတစ်ယောက်က ကလေးခဏခဏ နေမကောင်းဖြစ်နေလို့ အဲ့ဒီလိုလုပ်ဖို့ ပြောနေလို့ပါ။
ဖရီဒါဘာနူး (မြစ်သား)
 (အဖြေ-၃) 
  • ဟဒီးဆ်တော်မှာ စွဒကဟ် အလှူဒါနဟာ ဘေးဗလာအခက်အခဲဒုက္ခကို ဝေးကွာစေတယ်လို့ လာရှိထားပါတယ်။ ကလေးအတွက် စွဒကဟ်ထုတ်လှူတာဟာ အလွန်အင်မတန်မှ ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါ။ မိမိအဆင်ပြေသလိုပုံစံနဲ့ လှူနိုင်ပါတယ်။
  • ဦးစွာပထမ ကလေးအတွက် အကီကဟ် မလုပ်ရသေးရင် လုပ်လိုက်ပါ။
  • နောက်ပြီး စွဒကဟ်အလှူဒါနဟာ မိမိရဲ့ဆွေမျိုးသားချင်းကို ပေးကမ်းရင် ကုသိုလ်အကျိုး နှစ်ဆရမယ်လို့လည်း ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။ တစ်ဆကတော့ စွဒကဟ်ပေးကမ်းလို့၊ နောက်တစ်ဆကတော့ ဆွေမျိုးဆက်လို့။
  • အဲဒီတော့ ကိုယ့်ရဲ့ဆွေမျိုး အရင်းအချာထဲမှာ မရှိဆင်းရဲသားရှိနေရင် ကလေးကျန်းမာရေးကောင်းမွန်ဖို့ အဲဒီဆွေမျိုးကို အရင်ပေးကမ်းလှူဒါန်းသင့်ပါတယ်။ ဒါမှမဟုတ်လဲ ဘယ်မရှိဆင်းရဲသားမဆို ပေးကမ်းလှူဒါန်းလို့ရပါတယ်။
[/content][/3column]