လူသားစိတ်ရှိတဲ့ လူယဉ်ကျေးအမျိုးသမီးတစ်ယောက် အာဆီယံအသိုင်းအဝန်းထဲမှာ သမ္မတတစ်ဦးအဖြစ် အမြန်ဆုံးပါဝင်လာနိုင်ပါစေ

ဒီနေ့ အလုပ်က ပြန်လာတော့ အိမ်ခန်းဝမှာ ဒါလေးချိတ်ထားတာတွေ့လို့ ဖတ်လိုက်တော့ ကျနော် မရှိတဲ့အချိန် သူ ကျနော့် အိမ်ဘက်ကို လာရောက်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့် ကျနော်မရှိတဲ့အကြောင်း၊ နောက်တစ်ကြိမ်ပြန်လာတဲ့အခါ တွေ့ခွင့်ရစေလိုကြောင်းကို အင်္ဂလိပ်၊ တရုတ်၊ မလေးနဲ့ တမီးလ် (Official ဘာသာစကား ၄ ခု) နဲ့ ရေးထားတာလေးကို ချိတ်ဆွဲထားခဲ့ပါတယ်။

ဒီက ပါလီမန် အမတ်တွေ (MP=member of Parliament) တွေဟာ သူတို့နဲ့သက်ဆိုင်တဲ့ မြို့နယ်/ရပ်ကွက်တွေက အိမ်တွေဆီကို  (၃) လ တစ်ခါလောက် အရောက်လာပြီး နေထိုင်သူတွေရဲ့ လိုအပ်ချက်တွေ၊ မြို့နယ်ရဲ့လိုအပ်ချက်တွေကို တစ်အိမ် တက်ဆင်း သူတို့ကိုယ်တိုင် အခုလို ကွင်းဆင်းပြီး မေးမြန်းလေ့ရှိကြပါတယ်။

သူတို့မလာခင် ကြားထဲမှာလည်း ကိုယ့်ဘက်က လိုအပ်ချက်ရှိလို့ သူတို့နဲ့တွေ့ချင်ရင် online ကနေ appointment ယူပြီး သီးသန့်သွားတွေ့ကာ သူတို့ဆီက အကြံဉာဏ်ရယူတာ၊ တိုင်ပင်ဆွေးနွေးတာတွေ လုပ်နိုင်ပါသေးတယ်။

အခုဖော်ပြပါ ပုံထဲက အမျိုးသမီးရဲ့နာမည်ကတော့ ဟလီမာဟ်ယအ်ကူးဗ်ဖြစ်ပြီး သူမဟာ စင်္ကာပူ ပါလီမန် (လွှတ်တော်) ရဲ့ ဥက္ကဋ္ဌရာထူးကို ရရှိထားသူ ဖြစ်ပါတယ်။ သူတို့မှာ ပါလီမန်လွှတ်တော်ဆိုတာက တစ်ခုဘဲရှိတော့ အမြင့်ဆုံးရာထူးကို ရရှိထားသူလို့ ဆိုနိုင်ပါတယ်။

ကျနော် သူနဲ့ (၃) ကြိမ် (၄) ကြိမ်လောက် မျက်နှာချင်းဆိုင် စကားပြောဘူးပါတယ်။ ကျနော်ဟာ သူ့နိုင်ငံသား မဟုတ်ဘူးဆိုတာကို သူကောင်းကောင်း သိပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့အခက်အခဲတွေ၊ အိမ်းငှားရတာတွေ အဆင်ပြေမှုရှိမရှိကို မေးမြန်လေ့ပြီး စင်္ကာပူကို ဒီထက်တိုးတက်အောင် ဘယ်အပိုင်းတွေက ပိုပြီးလုပ်ပေးသင့်သလဲဆိုတဲ့ မေးခွန်းတွေကို သူမကိုယ်တိုင် ကျနော့်ကို မေးမြန်းတာ အကြံတောင်းခံတာတွေ ကြုံရပါတယ်။ သူမ အခုလို လာရောက်တွေ့ဆုံပြီး မထွက်ခွါခင်တိုင်းမှာလည်း ဒီနိုင်ငံမှာလာရောက်ပြီး ဒီနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွက် တစ်ဖက်တစ်လမ်းကနေ အခုလိုဝိုင်းဝန်းကူညီပေးနေတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းကိုပြောပြီးမှ ပြန်လေ့ရှိပါတယ်။ ဘယ်လောက်လူသားဆန်လည်း။ လူကြီးလူကောင်းဆန်လည်း။

မကြာခင် စက်တင်ဘာလမှာ စင်္ကာပူနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မယ်။ စင်္ကာပူက အသစ်ရေးဆွဲလိုက်တဲ့ ဥပဒေအရ ဒီတစ်ခေါက် ရွေးကောက်ခံသမ္မတဟာ စင်္ကာပူနိုင်ငံရဲ့ မိခင်ဌာနေဖြစ်တဲ့ မလေးရှားနွယ်ဖွါး ဖြစ်ရမယ်လို့ ပြဌာန်းလိုက်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေသစ်အရ စင်္ကာပူရဲ့သမ္မတသစ်ဟာ မလေးနွယ်ဖွားတစ်ဦး ဖြစ်လာရတော့မှာပါ။ သတင်းတွေအရတော့ ဟလီမာဟ်ယအ်ကူးဗ်ဟာ သမ္မတသစ်ဖြစ်လာဖို့ အထူးရေပန်းစားနေပါတယ်။

ဒီလို လူသားစိတ်ရှိတဲ့ လူယဉ်ကျေးအမျိုးသမီးတစ်ယောက် ကျနော်တို့ အာဆီယံအသိုင်းအဝန်းထဲမှာ သမ္မတတစ်ဦးအဖြစ် အမြန်ဆုံးပါဝင်လာနိုင်ပါစေလို့ ဒိုအာပြုပါတယ်။

ကျော်ဇေယျ
Data Center Infrastructure Engineer
Yahoo! Asia Pacific Pte. Ltd.
Singapore

MOL-001 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]