ပြင်သစ်နိုင်ငံတောင်ပိုင်းက ဗလီတစ်လုံးရှေ့မှာ အကြမ်းဖက်ပစ်ခတ်မှုတစ်ခု မနေ့က (၂-၇-၂၀၁၇) တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ထိုအကြမ်းဖက်ပစ်ခတ်မှုကြောင့် လူ (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒေသစံတော်ချိန် ည (၁၀း၃၀) လောက်မှာ ပြင်သစ်နိုင်ငံတောင်ပိုင်း အာဗီနွန် (Avignon) အရပ်မှာရှိတဲ့ မတ်စ်ဂျေဒွရ်ရဟ်မသ်ဗလီကြီးအတွင်းမှ နမားဇ်ဝတ်ပြုပြီး ထွက်လာသူတွေကို မျက်နှာဖုံးစွပ်ထားသူ အနည်းဆုံး (၂) ဦးခန့်က ကားပေါ်မှ ရုတ်တရက်ဆင်းလာပြီး လက်ကိုင်သေနတ်တိုတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ထိတ်လန့်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ လူအုပ်စုကြားမှာပဲ သေနတ်သမားတွေ ကွယ်ပျောက်သွားတာကြောင့် စုံစမ်းရှာဖွေနေပေမယ့် ယခုဖြစ်ရပ်ကိုတော့ အကြမ်းဖက်မှုအဖြစ် သတ်မှတ်လို့မရသေးဘူးလို့ ပြင်သစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

အလားတူပင် ပြီးခဲ့တဲ့ကြာသပတေးနေ့ကလည်း ပဲရစ်မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက် ဗလီတစ်လုံးထဲကနေ ဝတ်ပြုပြီးထွက်လာတဲ့ လူအုပ်ကိုဦးတည်ပြီး ကားနဲ့ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားသူကို သက်ဆိုင်ရာက အချိန်မီ ဖမ်းဆီးထိန်းသိမ်းလိုက်ရပါသေးတယ်။

Inews-01/7/17 © အလင်းမျက်ဝန်း | ကိုးကား » G-News