အင်္ဂလန်နိုင်ငံသား မွတ်စ်လင်မ် (၈) ဦးဟာ ၎င်းတို့ဒေသကနေ မိုင်ပေါင်း ၂၀၀၀ လောက် ဝေးကွာတဲ့ မက္ကာဟ်မြို့တော်ကို စက်ဘီးနင်း၍ ဟဂ်ျသွားရောက် ဝတ်ပြုဖို့ စတင်ခရီးနှင်လိုက်ကြပါပြီ။

လန်ဒန်မြို့တော် အရှေ့ပိုင်းဗလီကြီးကနေ စတင်လိုက်တဲ့ တစ်လခွဲလောက်ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို ဖြတ်သန်းသွားကြမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ၎င်းတို့ရဲ့ ခရီးစဉ်လမ်းကြောင်းအတွင်း တူရ်ကီ၊ ဆီရီးယားနဲ့ ဂျော်ဒန်နိုင်ငံတွေကို ဖြတ်သန်းသွားဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအကြံပြုချက်တွေအရ ဂရိနိုင်ငံဘက်ကနေ အီဂျစ်နိုင်ငံဘက်ကို သင်္ဘောနဲ့ဖြတ်သန်းပြီး ဆော်ဒီနိုင်ငံဆီကို အရောက်သွားကြမှာပါ။

Hajj Ride လို့ အမည်ပေးထားတဲ့ ၎င်းတို့ (၈) ဦးပါအဖွဲ့ဟာ ယခုလို မိုင်ထောင်ချီဝေးကွာတဲ့ ခရီးရှည်ကို တစ်ရက် မိုင် (၇၀) နှုန်းနဲ့ စက်ဘီးစီးပြီး ဟဂ်ျဝတ်ပြုဖို့အတွက် (၁၁) နှစ်လောက်အရင်ကတည်းက ကြိုတင်စီစဉ်ခဲ့ကြရတယ်လို့ သိရပါတယ်။

၎င်းတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆီရီးယားဒုက္ခသည်တွေအတွက် အလှူငွေ စတာလင်ပေါင်သန်းချီပြီးရရှိအောင် ရှာဖွေမယ့် ပရဟိတခရီးစဉ်ဖြစ်တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မောင်ဝ်လာနာ အဗ္ဗဒွလ် မုကီးသ်ဆပ်က မီဒီယာတွေကို ပြောပါတယ်။

လာမယ့်သြဂုတ်လလယ်လောက်မှာ မဒီနာကို စတင်ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး ခရီးစဉ်ကို အဆင်ပြေချောမွေ့စေဖို့ ဒိုအာလုပ်ကြဖို့လည်း ၎င်းက မေတ္တာရပ်ခံလိုက်ပါတယ်။

Inews-06/7/17 © အလင်းမျက်ဝန်း | ကိုးကား » Hajj Ride
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/JUURL7UnPfg
[/error]