မွတ်စ်လင်မ်အိမ်အများစုမှာ သာလင်မ် စာအုပ်ရှိတယ်။ အများစု ဖတ်ကြတယ်။ ဘာကြောင့်လို့ မိတ်ဆွေတို့ ထင်ပါလဲ?

အဖြေက ရှင်းပါတယ်။ သာလင်မ်စာအုပ် ဖတ်ဖို့ တိုက်တွန်းတဲ့သူရှိလို့၊ သာလင်မ်စာအုပ် ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ပြောပြမယ့်သူ ရှိလို့ပါ။

ဒါဆို တခြားဘာသာရေးစာအုပ် ဖတ်သူဟာ ဘာလို့များ အလွန်နည်းနေရတာလဲ?

အဖြေက ရှင်းသွားပါပြီ။ ဖတ်ဖို့ တိုက်တွန်းသူ မရှိလို့ပါ။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ပြောပြမယ့်သူ မရှိလို့ပါ။

စာဖတ် ပရိသတ် နည်းတော့ စာအုပ်ထုတ်သူ နည်းလာတယ်။ စာရေးသူ နည်းလာတယ်။ စာမဖတ်တော့ အမြင်မကျယ်ကြဘူးပေါ့။

“ မြစ်ရေကျဉ်းတော့ ရေစီးသန်တယ်။ အမြင်ကျဉ်းတော့ အငြင်းသန်တယ် ” ဆိုသလိုပေါ့။

အမြင်ကျဉ်းလာတော့ လူတွေဟာ ကိုယ်ကလွဲရင် တခြားသူ ဘာလုပ်လုပ် မကောင်းမြင်လာတယ်။ ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် သူတစ်ပါးကိုတော့ ဘေးထိုင်ဘုပြောနေတဲ့သူက ပိုပိုပြီးများလာတယ်။

ဘယ်သူ့ကိုမှ သိက္ခာမချဘဲ အဖြစ်မှန်ကို ပြောပြရရင်တော့...
  • ဒီနေ့ခေတ် ရှေ့ဆောင်အေမာမ် (ဗလီဆရာ) အများစု ကိုယ်တိုင်စာမဖတ်ကြသလို ပရိသတ်ကိုလည်း စာဖတ်ဖို့ မတိုက်တွန်းကြဘူး။ သူတို့ကိုယ်တိုင် စာအုပ်တွေ လက်လှမ်းမမီဘူး။ အဲ့တော့ မေးမြန်းလာရင် ဝါးတားတားရယ်။ ဟက်/ဗာသွင်လ် (အမှား/အမှန်)၊ ဟလာလ်/ဟရာမ် ဆိုတာကို သူတို့ကိုယ်တိုင် မကွဲပြားသူက များလာတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
  • အများစုဟာ Facebook လို လူမှုကွန်ယက်ပေါ်မှာ စာတွေဖတ်သယောင် နာမည်မျိုးစုံနဲ့ တိုးကြိတ်နေကြတယ်။ တကယ်တော့ စာဖတ်တယ်လို့ လိမ်နေကြတာက များနေပါတယ်။ စာတကယ်ဖတ်တဲ့သူဆိုတာ အလွန်နည်းလှပါတယ်။ မယုံရင် ရှည်တဲ့ Post တွေကို ကြည့်လိုက်ပါ။ လူဘယ်လောက် ဖတ်တယ်ဆိုတာ သိရပါလိမ့်မယ်။
ဒါကြောင့် အခုချိန်ကစလို့ အများပြည်သူ စာဖတ်လာအောင် ဗလီဆရာတွေ၊ အာလင်မ်သာသနာ့ပညာရှင်တွေ၊ လူထုကြားမှာ နေရာရထားတဲ့ အကြီးအကဲတွေအနေနဲ့ ပထမအရာထားပြီး တိုက်တွန်းသင့်ပါတယ်လို့ အကြံပြုပါရစေ။

ဂျမာအသ်လုပ်ငန်းလုပ်နေသူတွေအနေနဲ့လည်း အထူးတလည်ကို စာများများဖတ်ဖို့လိုသလို အခြားသူကိုလည်း စာဖတ်ကြဖို့ များများတိုက်တွန်း ဒအ်ဝသ်ပေးသင့်ပါတယ်။ ဘာလို့ဆိုတော့ ဂျမာအသ်သား တာဝန်ခံမိတ်ဆွေတို့ဟာ လူအများကြီးကို ဟောပြောရတဲ့သူတွေဖြစ်နေလို့ပါ။ ဟောပြောချင်သူကိုယ်တိုင်ဟာ အမြင်ကျယ်၊ ပညာကျယ်ဖို့ အရမ်းအရေးကြီးလှပါတယ်။

စာဖတ်ခြင်း၊ လေ့လာခြင်း ရဲ့ အကျိုးစဝါဗ်တစ်ခုအကြောင်း ကျနော့ဆရာ ပြောပြတာလေး ပြောပြပါမယ်။ အေလင်မ် သင်ရင်း သေဆုံးခဲ့ရင် ရှဟီဒီမောက်သ်ရရှိတယ်ဆိုပြီး သာသနာက မိန့်ထားပါတယ်။

ဒါကြောင့် လူတစ်ယောက်ဟာ မိမိကိုယ် မိမိ သာသနာ့ပညာ သင်ယူနေခြင်းလို့ သတ်မှတ်လိုက်ပါ။ ခေါင်းအုံးအောက်မှာ စာအုပ်တစ်အုပ်လောက် အရံသင့်ထားရှိပြီး နေ့စဉ် အနည်းဆုံး တစ်မျက်နှာလောက်စီဖတ်သွားမယ်ဆိုရင် သူဟာ နေ့စဉ် အေလင်မ် သင်ယူလေ့လာနေတဲ့သူဖြစ်သွားတာကြောင့် အဲ့လိုနေထိုင်တဲ့ ကာလအတွင်း သူသေဆုံးခဲ့ရင် ان شاء الله ﺗﻌﺎﻟﯽٰ ရှဟီဒီရဲ့ မောသ်ကို ရရှိပါလိမ့်မယ်။

ဤမျှကြီးကျယ်တဲ့ အဆင့်ရဖို့ သင်ယူချင်တဲ့နိယသ်နဲ့ ဖတ်ချင်စိတ်လေးပဲ ကျနော်တို့မှာ လိုအပ်ပါတယ်။

ဒါကြောင့် အခုကစလို့ မိတ်ဆွေများအားလုံး စာဖတ်ကြပါ။ စာဖတ်ဖို့လည်း တိုက်တွန်းကြပါ။ မိမိကိုယ်တိုင်လည်း အချိန်ထုတ်ပြီး စာဖတ်ပါ။ မိမိတို့ရဲ့ သားသမီးတွေကိုလည်း စာဖတ်ဖို့အတွက် ကူညီလမ်းပြပေးကြပါ။ မိမိတပည့်တပန်း၊ လက်အောက်ငယ်သား၊ ပရိသတ်တွေကိုလည်း စာဖတ်ဖို့ ကူညီပေးကြပါ။

အမြင်ကျယ်ပြီး အဆင့်မြင့်မားတဲ့ မြန်မာမွတ်စ်လင်မ် အသိုင်းအဝန်းကြီးတစ်ခုကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ဆရာကျော်နိုင်

MOL-003 © အလင်းမျက်ဝန်း | ဓာတ်ပုံ » အင်တာနက်
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]