အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာရှိတဲ့ ကမ္ဘာကျော် အလ်အဇ်ဟရ် တက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာသင်ကြားရေးအတွက် ပညာသင်ဆုတွေကို ခေါ်ယူထားပြီ ဖြစ်ပါတယ်။

ယခင်နှစ်တွေတုန်းကတော့ အဆိုပါတက္ကသိုလ်ကြီးမှာ တက်ရောက်ခွင့်ရရှိရေးအတွက် ဝင်ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့ရှိ အီဂျစ်နိုင်ငံသံရုံးမှာ သွားရောက်တောင်းခံ လျှောက်ထားရတာဖြစ်ပေမယ့် ယခုနှစ်မှာတော့ မိမိကိုယ်တိုင် အွန်လိုင်းကနေလည်း လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကျောင်းသား/ကျောင်းသူများနဲ့ အာလင်မ်/အာလေမဟ်များအနေနဲ့ ပညာသင်ဆုများကို လျှောက်ထားသင့်ပြီး တက်ရောက်ခွင့် ရရှိပါက အခကြေးငွေကုန်ကျမှုမရှိဘဲ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုမှာ အဆင့်မြင့်ပညာရပ်တွေကို ဆုံးခန်းတိုင် သင်ယူဆည်းပူးခွင့်ရရှိမှာဖြစ်လို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းမရှိသူများ၊ သာသနာ့ပညာ ပြီးဆုံးခြင်းမရှိသေးသူများအနေနဲ့လည်း ဝင်ရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီပါက အထက်ပါအတိုင်း သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ယခုလို နိုင်ငံခြားသားကျောင်းသားများအား ပညာတော်သင်ဆုများ ပေးအပ်တဲ့အစီအစဉ်ကို ၁၉၆၅ ခုနှစ်ကတည်းက အီဂျစ်အစိုးရမှ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများကို လေယာဉ်လတ်မှတ်၊ ပညာသင်ခွင့်ဗီဇာ၊ နေထိုင်ရေးအတွက်အဆောင်၊ စားသောက်ရေးနဲ့ သုံးစွဲဖို့ လစာငွေကို ကျောင်းတက်ကာလတလျှောက် ပေးအပ်မှာဖြစ်တဲ့အပြင် ကျောင်းလခကိုလည်း အခမဲ့ဖြင့် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကား (သို့မဟုတ်) အရဗီဘာသာစကားကို အနည်းအကျဉ်း ပြောဆိုတတ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပြီး တက်ရောက်ခွင့်ရရှိပါက ဘာသာစကားတွေကို (၂) နှစ်ခန့် ဦးစွာသင်ယူပြီးနောက်မှသာ ကောလိပ်အဆင့်ပညာရေးကို ဆက်လက် သင်ကြားရမှာ ဖြစ်ပါတယ်။

ဘာသာစကားသင်ယူပြီး နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ သိပ္ပံ (B.Sc) နဲ့ ဝိဇ္ဇာ (B.A) ဘွဲ့တွေနဲ့ သာသနာဆိုင်ရာ သဖ်ဆီရ်၊ ဟဒီးဆ်နဲ့ ဓမ္မသတ် (မွတ်ဖ်သီ) ဘွဲ့များကို ရရှိစေမယ့် အဆင့်မြင့်ပညာရပ်တွေကို ဘာသာရပ်အလိုက် စိတ်ကြိုက် ရွေးချယ်ကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ခေါ်ယူနေတဲ့ လျှောက်လွှာတွေကိုတော့ လာမယ့် (၈) လပိုင်း (၁၅) ရက်နေ့ မတိုင်ခင် https://wafeden.gov.eg/ နဲ့ http://www.mohe-casm.edu.eg/ တွေမှာ ဝင်ရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက အီဂျစ်နိုင်ငံသံရုံးဖုန်းနံပါတ် ၀၁-၂၂၂၈၈၆ နဲ့ ၂၂၂၈၈၇ များသို့ ဆက်သွယ်၍ဖြစ်စေ ဆရာအောင်ဆွေထွန်း ၀၉၄၃၀၉၇၅၃၈ ထံသို့ ဆက်သွယ်၍ဖြစ်စေ အကူအညီတောင်းခံနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးတင်ပြလိုက်ပါတယ်။

မွတ်စ်လင်မ်လူငယ်များ မြင့်မားသောပညာရေးဖြင့် အနာဂတ်ကို လှပစွာ ပုံဖော်နိုင်ကြပါစေ။ သာသနာ့အကျိုး၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို စွမ်းစွမ်းတမံဖြင့် ကိုယ်ကျိုးမဖက် ပုံဖော်နိုင်ကြပါစေ။ (အာမီန်း)

ဤအစီအစဉ်အတွက် အကူအညီပေးတဲ့ ဆရာအောင်ဆွေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ သူနဲ့သူ့မိသားစုအပေါ် ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းနိုင်ပါစေ။ (အာမီန်း)

EDU-01/17 © အလင်းမျက်ဝန်း