ကမ္ဘာ့မွတ်စ်လင်မ်များရဲ့ အထွတ်အမြတ်ထားရာ မြို့တော်နှစ်ခုဖြစ်တဲ့ မက္ကာဟ်နဲ့ မဒီနာရွှေမြို့တော်နှစ်ခုကို နိုင်ငံတကာရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိပေးဖို့ဆိုတဲ့ ကာတာနိုင်ငံရဲ့ တောင်းဆိုမှုဟာ စစ်ကြေငြာခြင်းဖြစ်တယ်လို့ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်လိုက်ပါတယ်။

“ မြင့်မြတ်တဲ့မြို့တော်နှစ်ခုကို နိုင်ငံတကာပိုင်ပြုလုပ်ဖို့ဆိုတဲ့ ကာတာရဲ့တောင်းဆိုချက်ဟာ ကျူးကျော်စော်ကား ရန်စလိုက်တာဖြစ်ပြီး ဘုရင့်နိုင်ငံတော်ကို စစ်ကြေညာတဲ့ သဘောသက်ရောက်နေပါတယ် ” လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အာဒိလ်ဂျုဗိုင်ရ်က ပြောကြားသွားပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိုက်ခ်မိုဟမ္မဒ် ဘင်န် အဗ္ဗဒွရ် ရဟ်မာန်း ကတော့ မိမိတို့ကာတာအနေနဲ့ ထိုကဲ့သို့ မပြောကြားခဲ့ရပါဘူးလို့ ငြင်းဆန်တဲ့အကြောင်း ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဆော်ဒီနိုင်ငံဘက်ကတော့ ယခုလိုမျိုးပြောကြားတဲ့မည်သူ့ကိုမဆို နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်မယ့်အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တယ်လို့ ဆော်ဒီနိုင်ငံအခြေစိုက် အလ်အရဗီယဟ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“ ကျနော်တို့ရဲ့ မြင့်မြတ်တဲ့မြို့တော်တွေကို နိုင်ငံတကာပိုင်ပြုလုပ်ဖို့ ကြိုးစားချင်နေတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့ဘက်က အပြည့်အဝ တုန့်ပြန်ဖို့ အခွင့်အရေးရှိပါတယ် ” လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဂျုဗိုင်ရ်က ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

ဆော်ဒီဟာ ဟဂ်ျကိစ္စကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေတယ်လို့ ကာတာဘက်က စွပ်စွဲခဲ့ပြီး ယခုနှစ်ဟဂ်ျမှာ မိမိတို့ကာတာနိုင်ငံသားတွေအတွက် အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာကို ပူပန်တဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ကို တင်ပြခဲ့ပါတယ်။

ဆော်ဒီနိုင်ငံဘက်ကတော့ မိမိတို့နိုင်ငံကို ဟဂ်ျလာရောက်ဝတ်ပြုကြဖို့ ကာတာနိုင်ငံသားတွေသာမက ရန်သူတော် အီရန်နိုင်ငံတွင်းက မွတ်စ်လင်မ်များကို လမ်းဖွင့်ပေးထားတဲ့အကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗီးယားအပါအဝင် အစ္စလာမ့်နိုင်ငံ (၈) ခုဟာ ရန်လိုနေတဲ့ ပင်လယ်ကွေ့ရန်သူကြီး အီရန်နဲ့ ဆက်ဆံရေးတိုးမြှင့်မှုအပါအဝင် အချက်(၁၃)ချက်ကြောင့် ကာတာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ (၅) ရက်နေ့ကစပြီး သံတမန်အဆက်အသွယ်တွေကို ဖြတ်တောက်ကာ အရေးယူပိတ်စို့မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Inews-14/7/17 © အလင်းမျက်ဝန်း | ကိုးကား » G-News