ပြီးခဲ့တဲ့ သြဂုတ်လ (၂၂) ရက်နေ့က သာကေတမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်စာသတင်းဓာတ်ပုံကို အလင်းမျက်ဝန်းဆီ ပရိတ်သတ်အစ်မတစ်ဦးက ဆက်သွယ်ပေးပို့လာပါတယ်။

အကြောင်းအရာအနှစ်ချုပ်ကတော့ သာကေတမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေ ခွင့်ပြုချက်မရှိဘဲ ကျောင်းတွေ၊ အိမ်တွေနဲ့ အခြားနေရာတွေမှာ စုပေါင်းဝတ်ပြုတာတွေ မလုပ်ကြဖို့၊ ဘာသာရေးစာသင်ကျောင်းတွေကလွဲပြီး အိမ်နဲ့ အခြားနေရာတွေမှာ ဘာသာရေးစာသင်ကြားတာတွေမလုပ်ဖို့၊ ဘာသာရေးအဆောက်အဦး ဆောက်လုပ်တာတွေမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမကို သတင်းလိုက်ဖို့ တာဝန်ပေးအပ်တဲ့အတွက် လိုအပ်တာတွေ စုံစမ်းတဲ့အခါ သာကေတမြို့နယ်မှာသာမက ဒဂုံမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာပါ ဒီလိုပုံစံတူကြေငြာချက်တွေ ထုတ်ပြန်ထားတာကို သိရပါတယ်။ သတင်းဖြစ်စဉ်အရလည်း ဒီကိစ္စအပေါ် ရှုထောင့်စုံက ခံစားချက်အစုံ ရှိနေကြတာကိုလည်း မြင်မိရလို့ ဒါကို သတင်းအဖြစ်ပဲတင်ပြလိုက်ရင် ဒီခံစားချက်တွေကို တစ်အုံနွေးနွေး လောင်မြိုက်ပြီး ရင်ထဲမှာ မရှင်းမရှင်း ဖြစ်နေမှာစိုးလို့ သတင်းမရေးဖြစ်တော့ဘဲ ဆောင်းပါးရေးပြီး ရှင်းပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သဘောတရားအရ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်စပ်မှုဟာ အုပ်စုသုံးခုဖြစ်နေတာကို မြင်ရပါတယ်။ တိုက်ရိုက်ဆက်စပ်မှုကတော့ သက်ဆိုင်ရာအာဏာပိုင်နဲ့ ဒေသခံမွတ်စ်လင်မ်တွေပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဆက်စပ်မှုကတော့ အခြားသူတွေပဲ ဖြစ်ပါတယ်။

မွတ်စ်လင်မ်တွေရဲ့အမြင်အရတော့ ဒါဟာ ဘာသာရေးဖိနှိပ်မှုပါ။ အာဏာပိုင်တွေဟာ မွတ်စ်လင်မ်တွေကိုပဲ တစ်ဖက်သတ် ဖိနှိပ်ဖို့ကြိုးစားတယ်။ မွတ်စ်လင်မ်တွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ဝတ်ပြုခွင့်မရှိဘူးလို့ မြင်ကြတယ်။ ဘာသာရေးစာသင်တာကိုတောင် နယ်မြေကန့်သတ်ခံရတယ်လို့ ခံစားချက်တွေ ဖြစ်စေပါတယ်။

အာဏာပိုင်အုပ်စုကတော့ သူတို့ရည်ရွယ်ချက်ကို ထုတ်ပြန်စာမှာ ထည့်သွင်းဖော်ပြထားတာကို မြင်ရပါတယ်။ မိမိတို့မြို့နယ်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် အခုလို ကန့်သတ်ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ သွယ်ဝိုက်ဆက်စပ်မှုသာရှိပေမယ့် တကယ့်တကယ်တမ်း အာဏာပိုင်တွေဘက်က လိုလားတဲ့၊ ဖြစ်စေချင်တဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်အောင် အချိန်မရွေး ဖန်တီးနိုင်တဲ့ အုပ်စုကတော့ အခြားသူဆိုတဲ့ တတိယအုပ်စုပါ။

ဒီအုပ်စုကတော့ ကျယ်ပြန့်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ ရပ်ရွာတွင်းကပြည်သူအချင်းချင်း နားလည်မှုရှိရှိ နေထိုင်ကြရင်တောင် အခြားဘေးပရောဂအဖြစ် ဝင်ရောက်ပြီး ပြဿနာကို အမျိုးမျိုးပုံဖော်လာနိုင်ပါတယ်။

အခုလိုအမိန့်ထုတ်ပြန်ခံရတဲ့ နေရာဒေသတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားဒေသတွေထက် ဒုစရိုက်မှု ပိုမိုထူပြောတဲ့နေရာတွေဖြစ်ပြီး ဘာသာရေးနဲ့ပတ်သက်ပြီးလည်း ပြဿနာကြီးငယ်လေးတွေ နှစ်စဉ်လိုလို ပေါ်ပေါက်ခဲ့ဖူးပါတယ်။

လက်ရှိနိုင်ငံတော်ကို ဦးဆောင်နေတဲ့ ပြည်သူ့အစိုးရကို အစဉ်တစိုက် အသရေဖျက် ပုတ်ခတ်လာတဲ့ သူတွေဟာ နိုင်ငံတစ်ဝန်းမှာ ပြဿနာအမျိုးမျိုးကို အစဉ်တစိုက် ဖန်တီးလာတာ အားလုံးအသိဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖျက်ဆီးစေချင်သူတွေဟာ အစ္စလာမ်ဘာသာဝင်တွေကို အကြောင်းပြပြီး ပြဿနာကို မဖြစ်ဖြစ်အောင် ဖန်တီးဖို့က အခြားအရာထက် ပိုပြီးလွယ်ကူတယ်ဆိုတာ သူတို့ကောင်းကောင်းသိကြပါတယ်။

ဒါကြောင့် မွတ်စ်လင်မ်တွေရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကို အသေးစိတ် စောင့်ကြည့်တယ်။ သူတို့စိတ်ထဲ မနာလိုတာ၊ ဘဝင်မကျဖြစ်တာ၊ သံသယရှိတာ၊ ကောလဟလကြားလာတာတွေဆိုရင် ဟိုရုံးဝင်၊ ဒီရုံးထွက်နဲ့ ရုတ်ရုတ်သဲသဲလုပ်ပြီး လူအုပ်စုနဲ့ အာဏာပိုင်ကို ဖိအားပေး တောင်းဆိုတတ်ကြပါတယ်။

အာဏာပိုင်ဟာ သူတို့တိုင်တာ မမှန်ကန်လို့ မျှတတဲ့သဘောနဲ့ ကိုင်တွယ်တဲ့အခါ စကားလုံးအမျိုးမျိုးသုံးပြီး ပြဿနာကို ကြီးထွားအောင်လှုံ့ဆော်တတ်ကြပါတယ်။ အာဏာပိုင်တွေက မွတ်စ်လင်မ်ကိုကြောက်နေလို့ သူတို့ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ရတယ်ဆိုပြီး ခေါင်းစဉ်တပ်တဲ့ ပုံသေနည်းတစ်ခုတည်းကိုသုံးပြီး အကြိမ်ကြိမ် ဝါဒဖြန့်ခဲ့တယ်ဆိုတာလည်း လူတိုင်းကြားဖူးနေကြပါ။

နောက်ဆက်တွဲကတော့ နစ်နာသူဟာ ကျမတို့ မွတ်စ်လင်မ်တွေပါပဲ။ ကျမတို့ မွတ်စ်လင်မ်တွေကလည်း ဒီကိစ္စတွေအပေါ် ခံစားချက်တွေနဲ့ ပြန်ပြီးမေးခွန်းတွေ ထုတ်လာစရာရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒီကိစ္စတွေကို ပြတ်ပြတ်သားသား အစကတည်းက ဘာလို့ အစိုးရဘက်က အရေးမယူခဲ့ရသလဲပေါ့။

ဒါပေမယ့် ကျမတို့မွတ်စ်လင်မ်တွေအနေနဲ့ ခံစားချက်ကိုရှေ့တန်းမတင်ဘဲ ပြဿနာတွေကို လက်တွေ့ကျကျ အမြင်ကျယ်ကျယ်နဲ့ အသေအချာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ မွတ်စ်လင်မ်တွေကို ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အနိုင်ကျင့်မခံရအောင် ကြိုတင်ကာကွယ်ခြင်းဆိုတဲ့အသိနဲ့ ပြဿနာကို မုဒိတာပွါးပြီး ချဉ်းကပ်သင့်တယ်လို့ မြင်ပါတယ်။

ဒီအမိန့်ထုတ်ပြန်စာတွေဟာ မတရားဘူးဆိုတာ လက်ခံပါတယ်။ ဒေသတွင်းက မွတ်စ်လင်မ်တွေအတွက် ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သက်ဆိုင်ရာကလည်း ပုံသေကားချပ်ကြီး ကိုင်စွဲတာမျိုးမဟုတ်ဘဲ ခေတ္တပြေလည်အောင် ဆေးမြီးတိုနည်းနဲ့ ကြပ်ထုပ်ထိုး လက်ပူတိုက် ဖြေရှင်းတယ်လို့ပဲ မျှော်လင့်ပြီး စိတ်ရှည်ရှည်နဲ့ အသာစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

ရာစုနှစ်ဝက်ကျော် (မျိုးဆက်တစ်ဆက်စာ) လောက် အာဏာရှင်အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အဖက်ဖက်က ယိုယွင်းခဲ့တဲ့အခြေအနေကို လက်ရှိ ပြည်သူ့အစိုးရက တာဝန်ယူပြီး ပြင်ဆင်နေရတာဟာ အချိန်အားဖြင့် တစ်နှစ်ကျော်လောက်သာ ရှိသေးတာမို့ ဖြစ်ချင်တဲ့အရာတွေ ဖြစ်မလာတဲ့အပေါ် ဆန္ဒစောပြီး ဒေါသထွက်နေမယ့်အစား ကျမတို့မွတ်စ်လင်မ်တွေအနေနဲ့ နားလည်မှုတစ်ခုထားပြီး အချိန်ပေးစောင့်ကြည့်သင့်ပါတယ်ဆိုတာကို တိုက်တွန်းလိုက်ရပါတယ်။

မေသွေး

MOL-006 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။