[2column][content]
 (မေးခွန်း-၁) 

Asalar Moalaikom

မေးပါရစေဗျာ။ Oralsex နဲ့ပတ်သတ်ပြီး မေးချင်လို့ပါ။ အမှားပါယင်မားဖ်လုပ်ပေးပါ။ Oralsex နဲ့ပတ်သတ်ပြီး Islam မှာ ဘယ်လိုပြဌာန်းချက်တွေရှိမလဲသိချင်ပါတယ်။ ပြီးတော့ ကျွန်တော့်အခြေအနေလေး ပြောပြချင်ပါတယ်။ ကျွန်တော်က မိန်းမနဲ့အတူနေတဲ့အခါမှာ ဆန္ဒပြီးမြောက်တာ အရမ်းမြန်ပါတယ်။ တစ်ခါမှ အတူတူနေရင်း မိန်းမဆန္ဒပြည့်ဝအောင် မလုပ်နိုင်ခဲ့ပါဘူး။ အိမ်ထောင်သက်က ၉ လလောက်ပဲ ရှိပါသေးတယ်။ ပထမပိုင်းကတော့ လက်နဲ့ အမျိုးသမီးကို ပြီးအောင် လုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခက်ခဲလာပါတယ်။ တစ်ရက်တော့ အမျိုးသမီးကို Oralsex လုပ်ခဲ့မိပါတယ်။ အလွယ်တကူပဲ ဆန္ဒပြီးမြောက်သွားပါတယ်။ အဲ့နောက်ပိုင်း လက်နဲ့မပြီးတော့ပဲ Oralsex လုပ်မှပဲပြီးတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါကတော့ ကျွန်တော့်အခြေအနေပါ။ အမျိုးသမီးကတော့ သူမပြီးလဲဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြီးသလို သူ့ကိုလဲပြီးစေချင်တာက ကျွန်တော့်ဆန္ဒပါ။ ကျွန်တော်တစ်ခု ကြားဖူးတာက ပါးစပ်နဲ့လုပ်မှပြီးမယ်ဆိုရင် ပါးစပ်နဲ့လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကြားဖူးလို့ပါ။ မှန်သလား၊ မှားသလား ဖြေပေးပါဗျာ။ နောက်ပြီးတော့ ကျွန်တော့်တို့ အခြေအနေနဲ့ ပတ်သတ်ပြီးလည်း အကြံလေးပေးပါအုံး။ အမှားပါရင် မားဖ်လုပ်ပါဗျာ။ ဖြေကြားပေးဖို့လဲ မေတ္တာရပ်ခံပါတယ်။ ဖြစ်နိုင်ရင် ဒီ chat box ကနေလဲ ဖြေကြားပေးပါဗျာ။

မိုးတိမ် (သင်္ဃန်းကျွန်း)

 (အဖြေ-၁) 

و عليكم السلام ورحمة الله وبركاته

الحمد لله وحده والصلوة والسلام على من لا نبي بعده : أمابعد.

အကြင်လင်မယားနှစ်ဦးကြား တစ်ဦးနဲ့ တစ်ဦးအပြန်ပြန် အလှန်လှန် နောက်တစ်ဦးရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေနဲ့ အကျိုးခံစားခွင့်၊ အရသာခံစားခွင့် ရှိပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူတယ်။ هُنَّ لِبَاسٌ لَّكُمْ وَأَنْتُمْ لِبَاسٌ لَّهُنَّ “ သူမ (ဇနီးမယား) တို့သည် အသင်တို့အတွက် အဝတ်အစားများ (ကဲ့သို့) ဖြစ်ပြီး အသင်တို့သည်လည်း သူမ (ဇနီးမိန်းမ) တို့အဖို့ အဝတ်အစားများ (သဖွယ်) ဖြစ်သည်။ ” (ကုရ်အာန် ၂း၁၈၇)

နောက်ပြီး မိန့်ကြားထားပါသေးတယ်။ نِسَاؤُكُمْ حَرْثٌ لَّكُمْ فَأْتُوْا حَرْثَكُمْ أَنِّى شِئْتُمْ “ အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ (ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ်ယာများကို မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး) ကြကုန်။ ” (ကုရ်အာန် ၂း၂၂၃)

ဒါပေမဲ့လည်း ဒီကိစ္စမှာ အချက်နှစ်ချက်ကို ဂရုစိုက်ရပါလိမ့်မယ်။

ပထမတစ်ချက်က သာသနာတော်က ဟရာမ်အဖြစ် သတ်မှတ်ပြဌာန်းထားတာကို ရှောင်ကြဉ်ရပါမယ်။
  1. အမျိုးသမီးရဲ့ အနောက်အင်္ဂါ-စအိုကို ဆက်ဆံခြင်း။ ဒီအပြုအမူဟာ ဂိုနာကဗီရဟ် (ကြီးလေးတဲ့အပြစ်ဂိုနာကြီး) တစ်ခု ဖြစ်ပါတယ်။ လိင်တူဆက်ဆံမှု အမျိုးအစားတစ်ခုပါ။ လုံးဝ ခွင့်ပြုမထားပါဘူး။
  2. အမျိုးသမီး ဓမ္မတာသွေး၊ မီးယပ်သွေးဆင်းနေချိန်မှာ သူ့ရဲ့ အရှေ့အင်္ဂါမှာ ပေါင်းသင်းဆက်ဆံခြင်းပါ။ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူပါတယ်။ فَاعْتَزِلُوا النِّسَاءَ فِي الْمَحِيْضِ “ ထို့ကြောင့် အသင်တို့သည် ဓမ္မတာသွေးဆင်းသည့်အချိန်တွင် (ဓမ္မတာသွေးဆင်းသည့်နေရာကို) အသင်တို့၏ ဇနီးမိန်းမများနှင့် (ပေါင်းသင်းဆက်ဆံခြင်းမှ) ရှောင်ကြဉ်ကြလေကုန်။ ” (ကုရ်အာန် ၂း၂၂၂)
ဒုတိယတစ်ချက်က ထောက်ရှုသင့်တဲ့အရာတွေပါ။ အဲဒါကတော့ ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်လက်နှီးနှောခြင်း၊ တစ်ဦးနဲ့တစ်ဦး အရသာခံစားခြင်းကို အစ္စလာမ့်ယဉ်ကျေးမှုဘောင်၊ မွန်မြတ်ထူးကဲလှတဲ့ ကိုယ်ကျင့်သီလဘောင်အတွင်းမှာ ထားခြင်းပါ။ မေးခွန်းပါ Oralsex  ခေါ် အမျိုးသားက အမျိုးသမီးရဲ့ တန်ဆာကို၊ အမျိုးသမီးက အမျိုးသားရဲ့ တန်ဆာကို ယက်တာတို့ စုပ်တာတို့နဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် တားမြစ်ချက်တစ်စုံတစ်ခု မလာရှိထားပါဘူး။ ဒါပေမဲ့လည်း မြင့်မားတဲ့ လူ့ဘောင်အသိုင်း အဝိုင်းတွေရဲ့ အလေ့အထတွေ၊ ကိုယ်ကျင့်သီလတွေနဲ့တော့ ဆန့်ကျင်နေပါတယ်။ သမားရိုးကျခံစားရတဲ့ သဘာဝအရသာတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ရှောင်ကြဉ်တာ ပိုကောင်းပါတယ်။

အကြောင်းရင်းကို ထပ်ဆင့်ပြောပြရရင် ဒီလိုလုပ်ခြင်းအားဖြင့် အညစ်အကြေးတွေ ပေလူးနိုင်ချေ များပါတယ်။ အညစ်အကြေးတွေ လူးပေစေခြင်းနဲ့ လူးပေနေတဲ့ အညစ်အကြေးတွေကို တံတွေးတွေ၊ အာရည်တွေနဲ့ ရောပြီး မျိုချမိနိုင်ပါတယ်။ ဒါကတော့ ဟရာမ်ပါ။ တစ်ခါတရံ သုက်ရည်တွေ ဒါမှမဟုတ် မဇီ-အရည်ကျည်ဟာ အမျိုးသမီးရဲ့ ပါးစပ်ထဲမှာပဲ ပစ်ထုတ်မိတတ်ပါတယ်။ အဲဒီအခါ အမျိုးသမီးခင်ဗျာ၊ တော်တော်လေး ဒုက္ခရောက်ပါတယ်။ နောက်ပြီး အလ္လာဟ်အရှင်မြတ်ကလည်း မိန့်ကြားထားတော်မူပါတယ်။ إِنَّ اللَّهَ يُحِبُّ التَّوَّابِيْنَ وَيُحِبُّ الْمُتَطَهِّرِيْنَ “ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထပ်ဖန်တလဲ အမှားဝန်ခံ သောင်ဗဟ်ပြုသူတွေကို နှစ်သက်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းသောသူများအား နှစ်သက်မြတ်နိုးတော်မူသည်။ ” ဆိုလိုတာက အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေကနေ ကင်းကင်းရှင်းရှင်းနေထိုင်တဲ့ သူတွေပါ။ တစ်နည်း ညစ်ညမ်းလို့ တားမြစ်ထားတဲ့ အရာတွေကို ရှောင်ကြဉ်တဲ့သူတွေပါ။ ဥပမာ- ဓမ္မတာသွေးဆင်းချိန် ဆက်ဆံခြင်း၊ ဆက်ဆံရမဲ့နေရာမဟုတ်တဲ့ အနောက်စအိုမှာ ဆက်ဆံခြင်းတို့ ဖြစ်ပါတယ်။

အထက်ပါ အမိန့်ပညတ်ချက်တွေ ရှိနေပါလျက်နဲ့တောင် ကျနော်တို့ဟာ ခန္ဓာအစိတ်အပိုင်း တန်ဆာတွေကို စုပ်ခြင်း၊ ယက်ခြင်းဟာ အညစ်အကြေးတွေနဲ့ လူးပေရောထွေးပြီး လည်ချောင်းအတွင်း မရောက်သရွေ့ ဟရာမ်လို့ ယတိပြတ် မပြောနိုင်ပါဘူး။ တကယ်တော့ နှုတ်လျှာက ကုရ်အာန်ကျမ်းတော် ဖတ်ရွတ်လေ့ရှိတဲ့အတွက် အညစ်အကြေးကို တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ တခြားခံစားချက်မျိုးနဲ့ ခံစားချက်ကို ရယူဖြစ်အောင် ကြိုးစားသင့်ပါတယ်။

နောင်အလျဉ်းသင့်တဲ့အခါမှာ မေးမြန်းသူအပါအဝင် ပရိသတ်ကြီးအတွက် လိင်ပညာပေးဆောင်းပါးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။

[/content][content]
 (မေးခွန်း-၂) 

အစလာမုအလိုင်းကွန်းမ်

တမန်တော်မြတ် ﷺ အစိမ်းရောင် ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အစိမ်းရောင်ကို တစ်ချို့က ဖိနပ်အစိမ်းမစီးကြဘူး။ ကောဇော အစိမ်းမခင်းကြဘူး။ အိမ်သာ ဆေးမသုတ်ကြဘူး။ အစိမ်းရောင်ကို ဖိနပ်စီးတာ ကောဇောခင်းတာ မပိုင်ဘူးလို့ ပြောကြတယ်။  ကျေးဇူးပြု၍ ဖြေပေးပါရှင့်။ ဂျဇာကလ္လာဟ်

အာဘေဒါဟ်ဘီဘီ (စလင်းမြို့)

 (အဖြေ-၂) 

و عليكم السلام ورحمة الله وبركاته

အစိမ်းရောင်အဝတ် ဝတ်ဆင်ခြင်းဟာလည်း ကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သြဝါဒတွေမှာ တမန်တော်မြတ် ﷺ က အစိမ်းရောင်အဝတ်အထည်ကို ဝတ်ဆင်တော်မူခဲ့ကြောင်း လာရှိပါတယ်။ သာဝကကြီး အဗူရင်မ်ဆဟ် رضي الله عليه ရဲ့ ဆင့်ပြန်ချက်မှာ ၄င်းက ပြောပြတယ်။ “ ကျနော်ဟာ တမန်တော်မြတ် ﷺ တရားဟောကြားနေတော်မူတာကို မြင်တွေ့ခဲ့ရတယ်။ အဲဒီလို ဟောကြားနေတော်မူစဉ် ကိုယ်တော်မြတ် ﷺ  ရဲ့ ကိုယ်ခန္ဓာတော်အပေါ် အစိမ်းရောင်ဝတ်ရုံနှစ်ထည် ရှိနေတော်မူတယ်။ ” (မွတ်စ်နဒ်အဟ်မဒ်ကျမ်း-နံပါတ် ၇၁၁၇၊ အဗူဒါဝူဒ်ကျမ်း-နံပါတ် ၃၆၇၄၊ သိရ်မိဇီကျမ်း-နံပါတ် ၂၇၃၇၊ နစာအီကျမ်း-နံပါတ် ၁၅၅၄)

ဒါပေမဲ့ သိရှိထားတဲ့အချက်တစ်ခုက အဲဒီအခါက အဝတ်ထည်တွေဟာ အစိမ်းချည်းသက်သက် မဟုတ်ပါဘူး။ အစိမ်းရောင်အဆင်းကြား အဝတ်အထည်တွေပဲ ဖြစ်ပါတယ်။ အလ္လာမဟ် အိဗ်နုကိုင်ယိမ် رحمة الله عليه ဆိုပါတယ်။ အစိမ်းရောင်အဝတ်အထည်၊ အစိမ်းရောင်ခြုံထည်ဆိုတာ အစိမ်းရောင် ဆင်းကြားပါတဲ့ ခြုံထည်ပဲ ဖြစ်ပါတယ်။ အိမာမ်ဗုခါရီ رحمة الله عليه က မိမိရဲ့ စွဟီးဟ်ကျမ်းထဲမှာ အစိမ်းရောင်အဝတ်အထည်များအခန်းဆိုပြီး ခေါင်းစဉ်တပ်ကာ ဖော်ပြထားပါတယ်။ အဲဒီခေါင်းစဉ်အောက်မှာ အာအိရှဟ် رضي الله عنها ရဲ့ ခန္ဓာကိုယ်ပေါ် အစိမ်းရောင်ခြုံထည်ရှိနေတဲ့အကြောင်း ဟဒီဆ်တော်ကို ဖော်ပြထားပါတယ်။

အိဗ်နု ဗသ်ွသွာလ် رحمة الله عليه က မိန့်ပါတယ်။ အစိမ်းရောင်အဝတ်အထည်တွေဟာ ဂျန္နသ် သုခဘုံသားတွေရဲ့ အဝတ်အစားတွေထဲကဖြစ်တယ်။ ဒီတစ်ခုတည်းနဲ့ပဲ အစိမ်းရောင်မှာ ထွတ်မြတ်မှုရှိကြောင်း လုံလောက်ပါတယ်။ သူ့အနေနဲ့ (ကုရ်အာန် ၁၈း၃၁) ကို အညွှန်းပြုပေးပါတယ်။

အလ္လာမဟ်ရှောင်ကာနီ رحمة الله عليه က ဆိုပါတယ်။ အစိမ်းရောင်အဝတ်ဝတ်ခြင်းဟာ မွတ်စ်သဟဗ်ပါ။ ဘာကြောင့်လဲဆိုတော့ အစိမ်းရောင်အဝတ်အထည်ဟာ သုခဘုံသားတွေရဲ့ အဝတ်အထည်တွေအထဲက ဖြစ်လို့ပါ။ နောက်ပြီး အစိမ်းရောင်ဟာ စက္ခုအာရုံကို အကျိုးဖြစ်ထွန်းစေတဲ့ အရောင်တွေထဲကဖြစ်ပြီး ကြည့်ရှုသူတွေရဲ့ မျက်စိတွေအထဲမှာ အလှပဆုံးအရောင် ဖြစ်ပါတယ်။

အဲဒီလိုပါပဲ။ ကိုယ်တော် ﷺ ဟာ အဖြူရောင်အဝတ်အထည်ကို နှစ်သက်ကြောင်းနဲ့ အဖြူရောင်အဝတ်ကို ဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအရာကို (အတွဲ-၂၇၊ အဖြေ-၁၊ အပိုဒ်-၈) မှာ လေ့လာနိုင်ပါတယ်။

ဒါပေမဲ့လည်း ဖိနပ်အစိမ်းရောင်စီးခြင်း၊ ကောဇောအစိမ်းရောင်ခင်းခြင်း၊ အိမ်သာမှာ အစိမ်းရောင် သုတ်ခြင်းစတာတွေကို ပြုလုပ်လို့ မပိုင်ကြောင်း ပြောထားတာ မရှိပါဘူး။ မဒီနဟ်ရွှေမြို့တော်မှာရှိတဲ့ အစိမ်းရောင် (ဗလီအမိုးခုံး) အလှလုံးကို အစွဲပြုပြီး လေးစားသမှုပြုကြတယ်လို့ ထင်မိပါတယ်။ အဲဒီ အစိမ်းရောင် (ဗလီအမိုးခုံး) အလှလုံးကလည်း ကိုယ်တော်မြတ် ﷺ နဲ့ စွဟာဗဟ်သာဝကကြီးတွေ မရှိတော့တဲ့ နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာနောက်မှ ဖြစ်လာခဲ့တာပါ။ ဒီလိုပါပဲ။ တချို့ဆိုရင် ကအ်ဗဟ်ရဲ့ ဂိလာဖ်ဝတ်ရုံတော်ဟာ အနက်ရောင်ဖြစ်လို့ လေးစားသမှုအနေနဲ့ ဖိနပ်အနက်မစီးကြတာ ရှိပါတယ်။


 (မေးခွန်း-၃) 

အတ်စလာမိုအာလိုင်ကွမ်

ကျွန်တော်ဟဂ်ျသွားမယ်။ ကျွန်တော်အမျိုးသမီးကို မဲဟ်ရမ်ခေါ်သွားမယ်။ ကျွန်တော်ယောက္ခမကိုပါ တစ်ပါးတည်ခေါ်သွားရင် ကျွန်တော်၏ ယောက္ခမရဲ့ဟဂ်ျက ဂိုနာဟ်ရည်ကဗီရာ ဖြစ်ပါသလား သိချင်လို့ပါ။ ကျေးဇူပြု၍ ဖြေကြားပေးပါ။

ဟာဂျီအီဗရာဟင် (မန္တလေး)

 (အဖြေ-၃) 

و عليكم السلام ورحمة الله وبركاته

ဟဂ်ျမှာ မဟ်ရမ်ခေါ်သွားခြင်းဆိုင်ရာ အချက်အလက်တွေထဲက ဒီအချက်ဟာ နှစ်စဉ်ကြုံကြိုက်နေတဲ့ အချက်တစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူး။ သားမက်နဲ့ ယောက္ခမတွဲပြီး မဟ်ရမ်ဖြစ် မဖြစ်ဆိုတာ ပညာရှင်ကြီးတွေကြား ကွဲလွဲမှု ရှိနေပါတယ်။

မိမိဇနီးသည်ကိုရော၊ မိမိယောက္ခမကိုပါ တစ်ပါတည်း မဟ်ရမ် စုံတွဲအနေနဲ့ ခေါ်သွားရင် ကျနော်တို့ ဟနဖီမဇ်ဟဗ်အရ လုံးဝကို ခွင့်ပြုချက်မရှိပါဘူး။

ဒါကြောင့် အဲဒီလို ခေါ်သွားဖြစ်ရင် ဟဂ်ျကတော့ ပိုင်သွားပါမယ်။ အပြစ်ဂိုနာကင်းမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ တချို့အမျိုးသမီးတွေ မဟ်ရမ်မပါဘဲ တစ်ယောက်တည်း အေးဂျင့်မှာ စာရင်းသွင်းကြပါတယ်။ အေးဂျင့်ကလည်း လက်ခံလိုက်ပါတယ်။ ပြီးတော့ အဆင်ပြေသလို အမျိုးသားတစ်ယောက်ယောက်နဲ့ မဟ်ရမ်တွဲပြီး ဗီဇာလျှောက်ကြပါတယ်။ အဲဒီလိုလျှောက်မှလည်း ဗီဇာရမှာကိုး။ ဒီတော့ အဲဒီလို ဟဂ်ျပြုလုပ်ခြင်းဖြင့် ဟဂ်ျအထမြောက်သွားပေမဲ့လည်း အပြစ်ထိုက်ပါမယ်။ အလ္လာဟ်အရှင် အသိတော်မူဆုံးပါ။

[/content][/2column]