မနေ့က စက်တင်ဘာလ (၁၁) ရက်နေ့မှာ နေပြည်တော်နှင့် ရန်ကုန်မြို့တော်များမှာ အစ္စလာမ့်နိုင်ငံနှစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ထောင်စုအစိုးရအဆင့် ဝန်ကြီးနှစ်ဦးက သက်ဆိုင်ရာ ဝန်ကြီးရုံးဧည့်ခန်းမတွေမှာ အသီးသီးတွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ - MOI
ဆော်ဒီအာရေးဗီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. SAHAL ERGESOUS အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - MOI
အလားတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟမ္မဒ် ဆွဖီအွရ်ရာဟ်မာန်အား နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဆော်ဒီနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရာမှာတော့ ဆော်ဒီ-မြန်မာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးရာမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့ကြတဲ့အပြင် ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Mnews-02/9/17 © အလင်းမျက်ဝန်း | ကိုးကား » MOI