إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ

မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၄x၈၅) လမ်းကြားနေထိုင်သော
မြန်မာမွတ်စ်လင်မ်တို့၏ ကျေးဇူးရှင် ဆရာတော်ကြီးတစ်ပါးဖြစ်သူ သက်တော် (၈၆) အရွယ်ရှိ
ဟဇရသ်ကြီး အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် မူစာ (မဇွာဟိရီ) ဆွာဟစ်ဗ်ဆပ် رَحْمَةُ اللهِ عَلَيْهِ
သန့်ရှင်းသော ရူးဟ်ဝိဉာဉ်တော်သည်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက် (အင်္ဂါနေ့)
[ ဟစ်ဂ်ျရီ ၁၄၃၈ ခုနှစ်၊ ဇိလ်ဟဂ်ျဂျဟ် ၂၁ ရက် ] နံနက် (၄) နာရီ အချိန်ခန့်တွင်
နေအိမ်၌ လူကြီးရောဂါအား အကြောင်းပြု၍
အလ္လာဟ်အရှင်မြတ်သခင်၏ အမိန့်တော်ကို ခံယူကာ
တမလွန် (အာခိရသ်) ခရီးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။

ဆရာတော်ကြီးသည် မန္တလေးမြို့၊ ရတနာဘုမ္မိရပ်တွင် ဖွားမြင်သော
ကုန်းဘောင်မင်းဆက်၏ မင်းမှုထမ်းများမှ ဆင်းသက်လာသူ
ဗမာတိုင်းရင်းသား အစ္စလာမ်ဘာသာဝင် (ဗမာမွတ်စ်လင်မ်) စစ်စစ်ကြီးတစ်ဦး ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံမှ အကျော်အမော် ဆရာသခင်သူတော်စင်ကြီးများဖြစ်ကြသော
ရှိုင်ခွလ်ဟဒီးဆ် မောင်ဝ်လာနာ ဇက္ကရီယာဆပ် رَحْمَةُ اللهِ عَلَيْهِ ၊
မောင်ဝ်လာနာ အရှ်ရဖ်အလီ ထာနဝီဆပ် رَحْمَةُ اللهِ عَلَيْهِ ၊
မောင်ဝ်လာနာ အီလ်ယားစ်ဆပ် رَحْمَةُ اللهِ عَلَيْهِ တို့နှင့်ခေတ်ပြိုင်မိတ်ဆွေပုဂ္ဂိုလ်ကြီးဖြစ်သော
မန္တလေးမြို့မှ သံလမ်းအဒါကြီးဟု လူသိများသည့် ကျေးဇူးရှင် ဆရာသခင် သူတော်စင်ကြီး
မောင်ဝ်လာနာ ဟာဖီးဇ် မိုဟမ္မဒ် ယူနွတ်စ် (ဦးဘဒင်) رَحْمَةُ اللهِ عَلَيْهِ ၏ သားထွေး ဖြစ်ပါသည်။

ငယ်စဉ်အချိန်က ဖခင်ကြီးထံမှ သာသနာ့ပညာများကို သင်ယူပြီးနောက်
ဆယ်ကျော်သက်အရွယ်တွင် အိန္ဒိယနိုင်ငံ၊ စဟာရန်ပူမြို့ရှိ
မဇွာဟိရွလ်အိုလူးမ်ကျောင်းတော်ကြီးသို့
သာသနာ့ပညာတော်သင်အဖြစ် သွားရောက်ဆည်းပူးခဲ့ပါသည်။

ဆရာတော်ကြီးသည် ကမ္ဘာကျော် ဟဒီးဆ်ပညာရှင်
ဟဇရသ် ရှိုင်ခွလ်ဟဒီးဆ် မောင်ဝ်လာနာ ဇက္ကရီယာဆပ် رَحْمَةُ اللهِ عَلَيْهِ အပါအဝင်
အိန္ဒိယနိုင်ငံမှ အကျော်အမော် ဆရာသခင်ကြီးများ၏ တပည့်ရင်းတစ်ဦး ဖြစ်ပါသည်။

အသက် (၂၃) အရွယ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ စဟာရန်ပူမြို့ရှိ
မဇွာဟေရွလ်အိုလူးမ်ကျောင်းတော်ကြီးမှ သာသနာ့ပညာများ သင်ယူပြီးမြောက်ကာ
အမိမြန်မာနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိခဲ့သည့်အချိန်မှစ၍
သာသနာ့တာဝန်များကို စဉ်ဆက်မပြတ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

ဆရာတော်ကြီးမှာ ငယ်ရွယ်စဉ်ကတည်းက စာပေစာနယ်ဇင်းလုပ်ငန်းများကို
ချစ်မြတ်နိုးသူဖြစ်ပြီး စာရေးခြင်း၊ ကျမ်းပြုခြင်းများကို သေဆုံးသည်အထိ
တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

သာသနာ့စာပေများသာမက ခေတ်ရေးခေတ်ရာများကိုလည်း
ဗဟိုစည်သတင်းစာ၊ ထူးစာစောင်၊ ရှုမဝမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်းနှင့်
ထိုခေတ်က စာနယ်ဇင်းများတွင်လည်း ဆောင်းပါးနှင့် ဝတ္ထုများစွာကို ဝင်ရောက်ရေးသားခဲ့သူ ဖြစ်ပါသည်။

မြန်မာမွတ်စ်လင်မ်တို့အတွက် တန်ဘိုးကြီးမားသည့်
သာသနာ့ကျမ်းပေါင်း (၆၀) ကျော်ကို ရေးသားခဲ့သည့်အပြင်
လစဉ်ထုတ် အစ္စလာမ်ယဉ်ကျေးမှုစာစောင်ကိုလည်း (၃၃) လခန့်အထိ
စာတည်းမှူးအဖြစ် ဦးဆောင်၍ ထုတ်ဝေခဲ့ပါသည်။

သဗ်လီဂ်ဂျမာအသ်မှ မြန်မာမွတ်စ်လင်မ်များ၏ မူလလက်စွဲကျမ်းကြီးဖြစ်သော
“ သဗ်လီဂ်ပေါင်းချုပ်ကျမ်း” (ဖဇာအေလေ့အအ်မာလ်) အပါအဝင်
ဟေကာယသေ့ဆွဟာဗာကျမ်း၊ ဖဇာအိလိဆွဒကသ်ကျမ်း၊
နဗီတမန်တော်များ၏အထ္ထုပတ္တိ “အစ္စလာမ့်မဟာဝင်ကျမ်း”၊ ဘဟဲရှ်သီးဇေဝရ်ကျမ်း
အစရှိသည်တို့မှာ ဆရာတော်ကြီး ပြန်ဆိုထုတ်ဝေခဲ့သည့်ကျမ်းများအနက်မှ
ထင်ရှားသည့်ကျမ်းတချို့ဖြစ်ပါသည်။

ဆရာတော်ကြီးသည် (မရ်ဟွန်မ် ဟာဂျီမကြီး ဖရီဒါဘီဘီ (ခ) ဒေါ်သန်းသန်း) နှင့် သားသမီး (၅) ဦး ထွန်းကားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ မြေး (၂၁) ဦး၊ မြစ် (၁၇) ဦး တို့ ကျန်ရစ်ခဲ့ပါသည်။

ဆရာတော်ကြီး၏ ကြွင်းကျန်သည့် ရုပ်ခန္ဓာတော်ကို
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက် (အင်္ဂါနေ့) ဇုဟိုရ်နမားဇ်အပြီး (၁း၄၅) အချိန်တွင်
မန္တလေးမြို့၊ အေးရိပ်ငြိမ် (ကြာနီကန်) ကဘာရ်စတာန်၌
ဒဖန်ပြုလုပ် မြှုပ်နှံသင်္ဂြိုဟ်ပြီး ဖြစ်တယ်လို့ သိရပါသည်။

မြန်မာမွတ်စ်လင်မ်များအတွက် သမိုင်းတွင် ဘယ်သောအခါမှ
ပြန်လည်၍ အစားထိုးမရနိုင်တော့သည့် တန်ဖိုးကြီးမားလှသော
သြဇာရှိ ပုဂ္ဂိုလ်မွန် သူတော်မြတ်တစ်ဦးဖြစ်သည့်
ဟဇရသ်ကြီး အလ်ဟာဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် မူစာ (မဇွာဟိရီ) ဆွာဟစ်ဗ်ဆပ် رَحْمَةُ اللهِ عَلَيْهِ
ကွယ်လွန်သေဆုံးခဲ့ရခြင်းအတွက် ကျန်ုပ်တို့ အလင်းမျက်ဝန်း ဝိုင်းတော်သားများ အနေဖြင့်
များစွာဝမ်းနည်းကြေကွဲ၊ နှမြော၊ တသ ဖြစ်ရပါသည်။

`ဆရာတော်ကြီးထံ အလ္လာဟ်အရှင်မြတ်၏ ဘက်တော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ။
ဆရာတော်ကြီး၏ ကဗရ်ကို လင်းဝင်းတောက်ပပေးတော်မူပါ။´