[2column][content]
 (မေးခွန်း-၁) 

ဆွဟာဗာသာဝကတွေကို အပြစ်မြင်လို့ရပါသလား။

အဘူဘာရှား (ဆိပ်ကြီးခနောင်တို)



 (အဖြေ-၁) 

မေးခွန်းနဲ့တင် ကြက်သီးမွေးညင်း ထမိပါတယ်။ သာဝကကြီးတွေကို အပြစ်မြင်လို့ရပါသလားတဲ့ဗျာ။
  • ကျနော်တို့ဆီကို အစ္စလာမ်သာသနာကို ယူဆောင်လာခဲ့ကြတဲ့ လက်ဆင့်ကမ်း စွဟာဗဟ်သာဝကကြီးတွေ၊ ကိုယ်တော်မြတ် ﷺ နဲ့အတူ သာသနာ့စစ်ပွဲတွေမှာ အသက်သွေးချွေး စဉ်မနှေး ပါဝင်ခဲ့ကြတဲ့ သာဝကကြီးတွေ၊ ကိုယ်တော်မြတ် ﷺ ရဲ့ အပါးတော်မှာ ထာဝစဉ်နေထိုင်ခဲ့တဲ့ သာဝကကြီးတွေ၊ အလ္လာဟ်အရှင်မြတ်ဘက်ကနေ ကျရောက်လာတဲ့ ဝဟီ-ဗျာဒိတ်တော်ကို တမန်တော် ﷺ ထံကတစ်ဆင့် ရေးမှတ်ပေးခဲ့ကြတဲ့ သာဝကကြီးတွေ၊ မိမိတို့ရဲ့ အိုးအိမ်စည်းစိမ်တွေကို စွန့်ခွာ၊ မွေးရပ်ချက်မြုပ်ဒေသကိုပါ စွန့်လွှတ်ခဲ့ကြရတဲ့ သာဝကကြီးတွေ၊ ကျမ်းမြတ်ကုရ်အာန်ကို စုစည်းခဲ့ကြတဲ့သူတွေ၊ ပထမအကြိမ်သာဝကကြီး အဗူဗကရ် رضي الله عنه ရဲ့ ဦးဆောင်မှုညွှန်ကြားမှုနဲ့ ကုရ်အာန်ကျမ်း စုဆောင်းရေးသားခဲ့ကြတဲ့ သာဝကကြီးတွေ၊ ဒုတိယအကြိမ် သာဝကကြီးအွဆ်မာန် رضي الله عنه ရဲ့ ကွပ်ကဲမှုနဲ့ ကုရ်အာန်ကျမ်းမြတ် စုဆောင်းရေးသားခဲ့ကြတဲ့ သာဝကကြီးတွေ၊ အစ္စလာမ်ဟာ သူ့ကြောင့်ဂုဏ်တက်ခဲ့ရပါတယ်ဆိုတဲ့ အုမရ် رضي الله عنه လို သာဝကကြီးတွေ၊ ဗျာဒိတ်တော်ရေးသားပေးတဲ့ မုအာဝိယဟ် رضي الله عنه လို သာဝကကြီးတွေ၊ တမန်တော့်အမိန့်ကို မြေဝယ်မကျ နာခံတဲ့သာဝကကြီးတွေ၊ နောင်လူမျိုးစုတွေရဲ့ တာဝန်တွေကို ဖခုံးထမ်းတာဝန်ယူတဲ့ သာဝကကြီးတွေ၊ ဗဒရ်စစ်ပွဲ၊ အုဟုဒ်စစ်ပွဲ၊ ခန်ဒက်စစ်ပွဲ၊ မြောက်မြားစွာသော စစ်ပွဲတွေကို နည်းနည်းလေးမှ ကြောက်စိတ်မရှိဘဲ အစ္စလာမ်သာသနာကြီးကို ကာကွယ်ခဲ့ကြတဲ့ စွဟာဗဟ်ကြီးတွေ၊ ကုရ်အာန်ကျမ်းတော်ထဲမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က သူတို့ကိုကျေနပ်သွားပြီ၊ သူတို့ကလည်း အလ္လာဟ်အရှင်မြတ်ကို ကျေနပ်သွားကြပြီလို့ ကင်းပွန်းတပ်ခံရသူတွေ၊ အကောင်းဆုံးခေတ်ကလူတွေလို့ တင်စားခံခဲ့ကြရတဲ့ သာဝကကြီးတွေ-
    အိုးဗျာ... ဒီသာဝကကြီးတွေရဲ့ မွန်မြတ်မှုတွေ၊ ထူးကဲမှုတွေ၊ အစ္စလာမ့်အတွက် စတေးခဲ့တာတွေဟာ ပြောမဆုံးပေါင်တောသုံးထောင်မကပါဗျာ။ ဒါကြောင့် အပြစ်မြင်လို့ရပါသလားဆိုတဲ့မေးခွန်းကို တော်တော်စိတ်မကောင်းဖြစ်မိပါ့ဗျာ။
  • ဒါထက်ပိုပြီး လေ့လာလို့ရအောင် သာဝကကြီးတွေနဲ့ စပ်လျဉ်းပြီး အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ကျမ်းတော်မြတ်ကုရ်အာန်မှာ မိန့်ခြွေထားတဲ့ အာယသ်တော်တွေကို အညွှန်းပြုလိုက်ပါ့မယ်။ မြန်မာဘာသာပြန် စာအုပ်တွေမှာလေ့လာပါ။ တခြားဘာသာစကားတွေမှာတော့ မြောက်မြားစွာ ရှိနေပါတယ်။ အထူးသဖြင့် အကျယ်တဝင့်ရှင်းပြထားတဲ့ ကုရ်အာန်အလင်းပြကျမ်း (၂၈) တွဲမှာ လေ့လာကြည့်ပါ။ ပြည့်ပြည့်စုံစုံ တွေ့ရပါလိမ့်မယ်။
  • စွဟာဗဟ်သာဝကကြီးတွေနဲ့ပတ်သက်တဲ့ ကုရ်အာန်အာယသ်တော် အညွှန်းများ။ (ကုရ်အာန် ၈း၆၂၊ ၈း၆၃၊ ၈း၆၄၊ ၉း၂၀၊ ၈း၇၄၊ ၈း၇၅၊ ၉း၈၈၊ ၉း၁၀၀၊ ၃၃း၂၃၊ ၄၈း၁၈၊ ၄၈း၂၉၊ ၅၉း၈၊ ၅၉း၉၊ ၆၆း၈)
[/content][content]
 (မေးခွန်း-၂) 

ဗေဒီးန်တစ်ဦးနဲ့ စားပွဲဝိုင်းတစ်ခုတည်းမှာ ထမင်းအတူ ထိုင်စားပါတယ်။ သူက ဝက်သားနဲ့စားပါတယ်။ ကျမကတော့ လဘက်သုတ်နဲ့ပေါ့။ ဝန်ထမ်းဆိုတော့ ရှောင်လွှဲလို့မရလို့ပါ။ တချို့သူငယ်ချင်းတွေကတော့ လူမှုရေးနားလည်ပေမယ့် တချို့ကတော့ နားလည်မှုမရှိကြပါ။ ကိုယ်စားနေတဲ့အချိန်မှ သူကရောက်လာပြီး ထိုင်စားတော့ ထသွားရလည်း အခက်မို့ပါ။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ပေးပါ။
နှင်းနှင်းယု (နေပြည်တော်)
 (အဖြေ-၂) 

الحمد لله والصلوة والسلام على رسول الله وعلى آله وصحبه , أمابعد :
  • ကာဖိရ် (ဘာသာခြား) က အသင်နဲ့အတူ စားသောက်ခြင်းမှာ အသင်တို့အပေါ် ဘာပြဿနာ၊ ဘာအဟန့်အတားမှ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး အထောက်အထားဖော်ပြရရင် တမန်တော်မြတ် ﷺ ကိုယ်တော်တိုင် ကာဖိရ်ဘာသာခြားတွေရဲ့အိမ်များသို့ ကြွမြန်းတော်မူပြီး သူတို့ထံ စားသောက်တော်မူခဲ့ပါတယ်။ မွတ်စ်နဒ်ကျမ်းမှာ ဖော်ပြပါရှိပါတယ်။ (တမန်တော်မြတ် ﷺ ဟာ အစားအစာ စားဖို့ မိမိကိုဖိတ်ခေါ်တဲ့ ယဟူဒီ (ဂျူး) ရဲ့ ဒအ်ဝသ်ကို လက်ခံတော်မူခဲ့ပါတယ်။ နောက်ပြီး ယဟူဒီထံက စားတော်မူခဲ့ပါတယ်။) ဖြစ်နိုင်ချေအများဆုံးက သူတို့ဟာ ကိုယ်တော်မြတ် ﷺ နဲ့ အတူစားသောက်ကြတာပါ။ ကိုယ်တော်မြတ် ﷺ ထံကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာအခက်အခဲတစ်စုံတစ်ခုရှိကြောင်း မလာရှိထားပါဘူး။
  • လိုအပ်လို့ဖြစ်ဖြစ်၊ သာသနာ့အကျိုး တစ်စုံတစ်ခုကြောင့်ဖြစ်ဖြစ် ကာဖိရ်နဲ့အတူ စားသောက်တာဟာ ဟရာမ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာအကြောင်းမှမရှိဘဲ သူတို့နဲ့ပဲ အတူစားသောက်ရအောင် ကိုယ့်ဘက်က မိတ်မဖန်တီးထားရပါဘူး။ ဧည့်သည်နဲ့အတူ စားတာတို့၊ ဒါမှမဟုတ် သူတို့ကို အလ္လာဟ်ဖက် ဖိတ်ခေါ်ဖို့ ဒါမှမဟုတ် တခြားသာသနာရေးဆိုင်ရာ အကြောင်းတစ်ခုခုကြောင့်တို့ဆိုရင် ဘာပြဿနာမရှိပါဘူး။
  • ကာဖိရ်တွေနဲ့ အတူတူစားတာ၊ အတူတူထိုင်တာ၊ အရောင်းအဝယ်လုပ်တာ စတဲ့မွတ်စ်လင်မ်တွေရဲ့ သာသနာ့အကျိုး၊ လောကီအကျိုး မယုတ်စေတဲ့ လောကီရေး အကျိုးအမြတ်ကိစ္စတွေ ဖလှယ်ခြင်းနဲ့ မွတ်စ်လင်မ်ကို အစ္စလာမ့်ဘောင်ပြင်ပ ရောက်စေတာ မဟုတ်ပါဘူး။ တကယ်တမ်း ကာဖိရ်တွေက သာသနာရေး တိုက်ခိုက်မှု မပြုလုပ်သရွေ့ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းဟာ အပြစ်မထိုက်တဲ့အပြင် ပိုလို့တောင် ကောင်းပါသေးတယ်။ ကုရ်အာန် (၆၀း၈) ကို ကုရ်အာန်အလင်းပြကျမ်းမှာ အကျယ်တဝင့် လေ့လာနိုင်ပါတယ်။
 (မေးခွန်း-၃) 

အင်တာနက်ပေါ်မှာ ဂျယ်လီတွေကို ဝက်ကောင်ပေါက်လေးတွေနဲ့လုပ်တာမျိုး၊ ကျွဲရိုင်းအချိုရည်ကို နွားကျင်ငယ်နဲ့လုပ်တာမျိုး၊ အချိုမှုန့်ကို ဝက်ကနေထုတ်တာမျိုး ဗွီဒီယိုအမျိုးမျိုးတွေကို မြင်ဖူးပါတယ်။ ဒါကြောင့် ဆရာတချို့က ဂျယ်လီမစားဖို့၊ ကျွဲရိုင်းမသောက်ဖို့၊ အချိုမှုန့်မစားဖို့ အမျိုးမျိုး ပြောကြပါတယ်။ စားသောက်နေတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။ တချို့ကလည်း ဒီဗွီဒီယိုတွေ၊ သတင်းတွေဟာ လုပ်ကြံဖန်တီး ဝါဒဖြန့်တာလို့ ပြောပါတယ်။ စားသင့်/မစားသင့် ရှင်းပြပေးပါ။
ဖြိုးဖြိုး (သံတောင်ကြီး)
 (အဖြေ-၃) 
  • ဂျယ်လီ၊ ကျွဲရိုင်းအချိုရည်၊ အချိုမှုန့်အပါအဝင် အစားအစာတွေအားလုံးနဲ့ပတ်သက်ပြီး ပြောပြရရင် အစ္စလာမ်သာသနာက လူ့အကျိုးယုတ်စေတဲ့ အစားအစာတိုင်းကို ရှောင်ကြဉ်ခိုင်းထားပါတယ်။ အတွဲ-၁၄၊ အဖြေ-၃ မှာ ဖြေကြားခဲ့သေးပါတယ်။ ပြန်လည်လေ့လာကြည့်ပါ။
  • ဒီအထက်ပါ အစားအသောက်သုံးမျိုးဟာ လူထုကြားမှာ မိတ်ဆက်ဖို့မလိုလောက်အောင်ကို ကြော်ကြားနေပါတယ်။ ကျန်းမာရေးရှုထောင့်အရ ဆရာဝန်တွေကိုယ်တိုင် အဲဒါတွေကို မစားသောက်ဖို့ တားမြစ်တာမျိုးတွေလည်း မြင်တွေ့ရပါတယ်။
  • ဒါကြောင့် သာသနာတော်က ဒွိဟဖြစ်လာတဲ့ကိစ္စရပ်တိုင်းမှာ ရှောင်ကြဉ်ခြင်းကို ဦးစားပေးထားပါတယ်။ ဟရာမ်လည်း ထင်ရှားတဲ့အရာ၊ ဟလာလ်လည်းထင်ရှားတဲ့အရာ၊ ဒီဟရာမ်နဲ့ ဟလာလ်ကြားမှာရှိတဲ့အရာက ဟိုမရောက်ဒီမရောက် ဒွိဟဖြစ်စေတဲ့အရာပါ။ အဲဒီလိုမျိုးအရာကို ရှောင်ကြဉ်လိုက်ဖို့ တမန်တော်မြတ် ﷺ က မိန့်ခြွေထားပါတယ်။ ဟဒီဆ်တော်ဟာ ဗုခါရီကျမ်းမှာ လာရှိပါတယ်။
[/content][/2column]