[3column][content]
 (မေးခွန်း-၁) 

အတ်စလားမိုအလိုက်ကွမ်း
လေးစားစွာဖြင့်မဆာအိလ်တခုလောက် ဖြေပေးစေလိုပါတယ်။ မိုဘိုင်းပေါ်မှာပါတဲ့ ကုရ်အာန်အပလီကေးရှင်းကို ဝူသူမရှိဘဲ သေလာဝသ်လုပ်လို့ရလား? ရခဲ့မယ်ဆိုရင်ရော စဝါးဗ်အပြည့်အဝရမှာလား? ကျေးဇူးပြုပြီးဖြေပေးပါ။
ဗန်ဒဟ် ဒေ့လ် (KL, မလေးရှား)

 (အဖြေ-၁) 
  • ကုရ်အာန်ကျမ်းတော်မြတ်ကို သိလာဝသ် (ဖတ်ရွတ်သရဇ္ဈာယ်) ဖို့အတွက် ဝုဿူရှိဖို့ အရေးမကြီးပါဘူး။
  • ဝုဿူဟာ ကုရ်အာန်ကိုင်ဖို့အတွက်ပဲ အရေးကြီးပါတယ်။
  • နှုတ်တိုက်ဖတ်ရွတ်ဖို့ဟာ ဝုဿူမရှိရင်လည်း အခွင့်ရှိပါတယ်။
  • ရေချိုးဖို့ တာဝန်ထိုက်သူကတော့ နှုတ်တိုက်လည်း ဖတ်ခွင့် မရှိပါဘူး။
  • အဲဒီလိုပဲ ဖုန်းအပလီကေးရှင်းနဲ့လည်း သိလာဝသ်လုပ်လို့ ရပါတယ်။
  • ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သရဇ္ဈာယ်ရာမှာ ဌာန်ကရိုဏ်းကျကျဖတ်ဖို့၊ ပီပီသသ၊ အသံကောင်းကောင်းနဲ့ ဖတ်ရွတ်ဖို့၊ စိတ်ပါဝင်စားဖို့အချက်တွေက အဓိကပါ။
  • ဖုန်းအပလီကေးရှင်းက ရွတ်ဖတ်တာကလည်း ကုရ်အာန်ကျမ်းတော်က ရွတ်ဖတ်သလို ဆဝါဗ်ကုသိုလ် ရရှိပါမယ်။ စိတ်ဝင်စားမှု ရှိနေရပါမယ်။
  • ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်ရှိနေပါလျက်နဲ့ ဖုန်းအပလီကေးရှင်းကနေ မဖတ်ရွတ်တာ ပိုကောင်းပါတယ်။
  • ကုရ်အာန်ကျမ်းစာအုပ်ကနေ ဖတ်ရွတ်ဖြစ်တဲ့အခါ ကုရ်အာန်ကို ကိုင်ခြင်းရဲ့ ဆဝါဗ်၊ ကြည့်ခြင်းရဲ့ ဆဝါဗ်၊ နမ်းခြင်းရဲ့ ဆဝါဗ် စတာတွေ ရရှိဦးမှာပါ။
[/content][content]
 (မေးခွန်း-၂) 

လင်ရှိအမျိုးသမီးတစ်ဦး ဖောက်ပြန်ခဲ့ပြီးနောက် ကိုယ်ဝန်ရလာခဲ့ပါတယ်။ အိမ်ထောင်သည်အမျိုးသားနဲ့လည်း ကလေးတစ်ဦး မွေးဖွားပြီး ဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသားနဲ့လည်း အကြိမ်ကြိမ် အတူနေခဲ့ပါတယ်။ ဖောက်ပြန်သူနဲ့လည်း အကြိမ်ကြိမ် အတူနေခဲ့ပါတယ်။ မွေးလာတဲ့ကလေးက ဘယ်သူ့အသွေးအသားဆိုတာ တရားတော်အရ ခွဲခြားဖို့နည်းလမ်းရှိပါသလား။
ဖိုးလုံး (တပ်ကုန်း)

 (အဖြေ-၂) 

မေးခွန်းကို တွေ့ရတာ အလွန်ဝမ်းနည်းစိုးရိမ်မိပါတယ်။ အလ္လာဟ်အရှင် အိမ်ထောင်ရှင်များကို အိမ်ထောင်ရေးသုခများ ချီးမြှင့်ပေးသနားတော်မူပါစေ။ သစ္စာတရားများ ထားနိုင်ကြပါစေ။ အကြင်လင်မယားနှစ်ဦး တစ်ဦးနဲ့တစ်ဦး အေးအတူပူအမျှ၊ ချစ်ခင်ကြင်နာယုယမှု၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုများဖြင့် ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။
  • ဗုခါရီကျမ်းရဲ့ ဟဒီးဆ်တော်မှာ (ကလေးဟာ လက်ရှိအိပ်ရာရှင် လင်ယောက်ျားနဲ့ပဲ ဆက်နွယ်ရပါမယ်။ ဇေနာ တရားမဝင် ကာမကျူးလွန်တဲ့ အိမ်ထောင်ရှင်အတွက် ခဲပေါက်စီရင်ရပါမယ်) လို့ လာရှိထားပါတယ်။
  • ဒါကြောင့် တရားမဝင် ဇေနာမှု ဘယ်လောက်ပဲ ကျူးလွန်ကျူးလွန်၊ ဘယ်နှစ်ကြိမ်ပဲ ဖောက်ပြန်ဖောက်ပြန် မွေးလာတဲ့ ကလေးဟာ လက်ရှိ တရားဝင် ပေါင်းသင်းနေတဲ့ လင်ယောက်ျားရဲ့ သွေးသားလို့ပဲ သတ်မှတ်ရပါမယ်။ ဒီအတိုင်း ရှရီအဟ်တရားတော်က အတည်ပြုထားပါတယ်။
[/content][content]
 (မေးခွန်း-၃) 

တရားရုံးမှာ ပုဂ္ဂိုလ်ရေးခင်မင်မှုအရ ကိုယ့်မိတ်ဆွေအနိုင်ရအောင် လိမ်ပြီးသက်သေထွက်ခဲ့ပါတယ်။ ဖြစ်တဲ့အမှုကလည်း ဗလီနဲ့သက်ဆိုင်တာမို့ပါ။ မိတ်ဆွေက ဂေါပကဖြစ်နေတော့ သူရှုံးရင် ဗလီနစ်နာမှာစိုးလို့ ရှေ့နေသင်ပေးတဲ့အတိုင်းပဲ လိမ်ပြီးသက်သေထွက်ခဲ့ပါတယ်။ အပြစ်ရှိပါသလား။
မြင့်သန်း (မြင်းခြံ)

 (အဖြေ-၃) 
  • လိမ်လည်သက်သေထွက်ဆိုခြင်းဟာ ပြစ်မှုကြီးပါ။ အကြီးမားဆုံးသော ပြစ်မှုကြီးတွေထဲကပါ။ အလ္လာဟ်အရှင်မြတ်နဲ့ တုဘက်နှိုင်းယှဉ်ကိုးကွယ်ခြင်း၊ မိဘနှစ်ပါးအမိန့်ဖီဆန်ခြင်း၊ သူတစ်ပါးအသက်သတ်ခြင်း လိုမျိုး ပြစ်မှုကြီးမြောက်ပါတယ်။
  • တစ်နေရာရာမှာ နစ်နာမှု၊ ဆုံးရှုံးမှုဖြစ်ပေါ်မယ်၊ မဖြစ်ပေါ်ဘူးဆိုတာ အလ္လာဟ်အရှင်မြတ် အသိဆုံးပါ။ ဒါကြောင့် မိမိဘက်ကနေ အဆိုပါ နေရာတစ်ခုခု (ဗလီစသဖြင့်) မှာ နစ်နာမှု ဖြစ်ပေါ်မှာကို စိုးရိမ်မှုထားမဲ့အစား အလ္လာဟ်အရှင်မြတ်ကို အားကိုးပါ။ ပုံအပ်လိုက်ပါ။ အလ္လာဟ်အရှင်မြတ်က ဒီနေရာနဲ့ ဘယ်သူနဲ့ အသင့်တော်ဆုံး၊ အထိုက်တန်ဆုံးဆိုတာ ပိုသိတော်မူပါတယ်။
  • ဘောင်အတွင်းကနေ တတ်နိုင်သလောက် ကြိုးစားခွင့်ရှိပါတယ်။ လက်လွှတ်အရှုံးပေးလိုက်ဖို့ မဟုတ်ပါဘူး။ ကောင်းရာကိစ္စကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်သင့်ပါတယ်။ ဒါပေမဲ့ လိမ်လည်သက်သေထွက်ဆိုခြင်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီနေရာမှာ မိမိအတွက် ပိုလို့တောင် ဂရုပြုသင့်ပါတယ်။ ပြစ်မှုကြီးတစ်ခု ကျူးလွန်မိတဲ့အတွက် သောင်ဗဟ်ပြုရပါမယ်။
အို- အလ္လာဟ်အရှင်မြတ်၊ သာသနာရေးဌာနတွေမှာရော ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ နေရာတိုင်းမှာရော ကျွန်တော်တို့အပေါ် ကြင်နာတတ်တဲ့ ပုဂ္ဂိုလ်တွေ၊ အလ္လာဟ်ပိုင် ပစ္စည်းကို အလွဲသုံးစား မလုပ်တဲ့သူတွေကို ခန့်အပ်ပေးတော်မူပါ။ အာမီန်း။
[/content][/3column]