ပစ်ချခံရပြီး ပျက်စီးခဲ့သော ဟူသီသူပုန်များ၏ ဒုံးကျည်အစိတ်အပိုင်းတစ်ခု

ပြီးခဲ့တဲ့ စနေနေ့ (၄-၁၁-၂၀၁၇) ညပိုင်းမှာ ဟူသီရှီအာသူပုန်တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို ဦးတည်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ ရီယာဒ်မြို့တော်ကို ဦးတည်ပြီး တာဝေးပစ် Burkan 2-H အမျိုးအစား ဒုံးကျည်တွေနဲ့ ယီမင်နိုင်ငံရဲ့ အရှေ့မြောက်ထောင့်နယ်စပ်ကနေ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် ည (၈) နာရီဝန်းကျင်အချိန်မှာ အဆိုပါ ဟူသီသူပုန်များ ပစ်ခတ်လိုက်တဲ့ ကီလိုမီတာ ၇၀၀ လောက် ပျံသန်းလာတဲ့ တာဝေးပစ်ဒုံးကျည်ကို ဆော်ဒီနိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များရဲ့ Patriot ဒုံးခွင်းဒုံးစနစ်က ကြားဖြတ် ပစ်ခတ်ဖျက်ဆီးလိုက်နိုင်တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံရဲ့ အဓိကကျောထောက်နောက်ခံဖြင့် ရပ်တည်နေတဲ့ အဆိုပါဟူသီရှီအာသူပုန်တွေရဲ့ ကျူးကျော်တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွက် မည်သည့်ထိခိုက်မှုမှ မရှိခဲ့ဘူးလို့ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၎င်းဟူသီရှီအာသူပုန်များဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ မြင့်မြတ်တဲ့မြို့တော်နှစ်ခုကိုလည်း တာဝေးပစ်ဒုန်းကျည်များနဲ့ မကြာခဏ တိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပေမယ့် အောင်မြင်မှုမရှိခဲ့သေးပါဘူး။

ဆော်ဒီအစိုးရဘက်ကလည်း အမေရိကန်ဒေါ်လာ (၅) သန်း မှ သန်း (၃၀) အထိ ဆုကြေးငွေများသတ်မှတ်ပြီး အလိုရှိဆုံးသော ဟူသီသူပုန် အယောက် (၄၀) စာရင်းကို မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။

Inews-001/11/17 © အလင်းမျက်ဝန်း