သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂါလီပြည်နယ်မှာ မော်တော်ဆိုင်ကယ် မတော်တဆတိုက်မိရာကစလို့ နိုင်ငံတွင်းမှာနေထိုင်တဲ့ လူနည်းစုမွတ်စ်လင်မ်တွေကို ဦးတည်တိုက်ခိုက်တဲ့ အဓိကရုဏ်းတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

နိုင်ငံတွင်းမှ မွတ်စ်လင်မ်လူနည်းစုတွေအပေါ် ဦးတည်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ရုတ်တရက်ပေါက်ကွဲ ပေါ်ထွက်လာတာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့သာမက စစ်တပ်ကိုပါ ဖြန့်ကျက်ထားရပြီး ညမထွက်ရ (ကာဖျူး) အမိန့်လည်း ထုတ်ပြန်ထားတယ်လို့ ဥပဒေစိုးမိုးရေးနှင့်အမိန့်ထုတ်ပြန်ညွှန်ကြားရေးဝန်ကြီး ဆာဂါလာ ရတ်နာယက္ခ (Sagala Ratnayaka) က ပြောပါတယ်။

ယခု အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မွတ်စ်လင်မ်အများအပြားရဲ့ နေအိမ်များအပါအဝင် ဆိုင်ခန်းများနဲ့ အစီးအနင်းများစွာ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

ဖြစ်စဉ်များအတွင်း ပါဝင်ခဲ့သူ ၁၉ ဦးကို လတ်တလော ဖမ်းဆီးထားပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်မီဒီယာတွေပေါ်ကနေ လူထုကို ထင်ယောင်ထင်မှားဖြစ်စေအောင် အမုန်းစကားဖြန့်ဝေခြင်းများ မပြုလုပ်ကြဖို့ကိုလည်း အပြင်းအထန် သတိပေးထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး မောင်းနှင်းလာတဲ့ မော်တော်ဆိုင်ကယ်ဟာ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးကို မတော်တဆ ဝင်တိုက်မိရာကစလို့ မွတ်စ်လင်မ်တို့ရဲ့ တမင်ရန်စမှုအဖြစ်ပုံဖော်ကာ ယခုလို အကြမ်းဖက်မှုတွေ ရုတ်တရက် ပေါက်ကွဲပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်းလူဦးရေ (၂၁) သန်းကျော်နေထိုင်တဲ့ သီရိလင်္ကာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် ၇၀% ကျော်နေထိုင်ကြပြီး အစ္စလာမ်ဘာသာဝင်ကတော့ ၉% ကျော် ရှိပါတယ်။

Inews-002/11/17 © အလင်းမျက်ဝန်း