[3column][content]
 (မေးခွန်း-၁) 

မသိတာလေးတစ်ခုလောက် မေးချင်လိုပါ။ ပြည်ကြီးငါးစားခြင်း ပိုင်ပါသလား။ နောက်တစ်ခုက ပုဇွန်စားချင်းဟာ မက္ကရူဆိုတာ ဟုတ်ပါသလား။

ဇိုလိုင်ခါဘီ (ရန်ကုန်-ရွေပြည်သာ)

 (အဖြေ-၁) 

  • ဟနဖီပညာရှင်တွေက ငါးအမျိုးအစားမှန်သမျှကို စားပိုင်ခွင့်ရှိကြောင်း မိန့်မှာထားပါတယ်။
  • ပြည်ကြီးငါးကိုတော့ သတ္တဗေဒပညာရှင်များက ငါးအမျိုးအစားထဲက မဟုတ်ဘူးလို့ ဆိုကြတဲ့အတွက် စားခွင့်မရှိပါဘူး။ ပြည်ကြီးငါးဟာ (Mollusc) ကမာကရင်း၊ ခရုမျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။ ပြည်ကြီးငါးအသားကို ကြည့်ရင် ငါးလိုမဟုတ်ဘဲ ခန္ဓာကိုယ်အသားမှာလည်း ပျော့ပျောင်းနေပါတယ်။ ဒါကြောင့် ပြည်ကြီးငါးဟာ ငါးအုပ်စုထဲမှာ မပါဝင်တဲ့အတွက် စားခွင့် မရှိပါဘူးလို့ ပြောလို့ရပါတယ်။
  • ရေနေသတ္တဝါတွေကို စားတော့မယ်ဆိုရင် ငါးရဲ့အချင်းလက္ခဏာတွေ ရှိမရှိ ကြည့်ပြီး စားသင့်ပါတယ်။ ငါးရဲ့ အချင်းလက္ခဏာတွေဆိုတာကတော့...
    • ကျောရိုးပါရှိခြင်း၊
    • ရေယက်ဖြင့် ကူးခပ်ခြင်း၊
    • ပါးဟက်ဖြင့် အသက်ရှူခြင်း၊
    • ရေထဲမှာနေခြင်း စတာတွေ ဖြစ်ပါတယ်။
      ဒီလို ငါးအရည်အချင်းတွေ ပါရှိရင် စားခွင့်ရှိပြီး မပါရင်တော့ စားခွင့်မရှိပါဘူး။
  • ပုစွန်နဲ့ ပတ်သက်ပြီး ပညာရှင်ကြီးတွေရဲ့ကြားမှာ အကွဲအလွဲတွေ ရှိပါတယ်။ မဇ်ဟဗ်ကြီးလေးပါးအနက် ရှာဖိအီ၊ မာလိကီ၊ ဟန်ဗလီစတဲ့ မဇ်ဟဗ်သုံးပါးစလုံးကတော့ ဒွိဟမရှိ ပုစွန်စားခွင့် ရှိပါတယ်။
  • ဟနဖီမဇ်ဟဗ်မှာကတော့ အထက်မှာပါတဲ့ ငါးအမျိုးအစားထဲက ဖြစ်မဖြစ်အပေါ် အခြေခံပြီး စားခွင့်-မစားခွင့် သတ်မှတ်ထားပါတယ်။ ဟနဖီကျမ်းဂန်ကြီးတွေတချို့မှာကိုက ပုစွန်ဟာ ငါးကဲ့သို့ ဖြစ်တယ်လို့ ပါရှိထားတဲ့အတွက် စားလိုက စားနိုင်ပြီး ရှောင်လိုက ရှောင်နိုင်ပါတယ်။ စားသူရော ရှောင်သူပါ ပုတ်ခတ်ပြောဆိုဝေဖန်နေဖို့ မလိုပါ။ ဒါကြောင့်မို့ပဲ ပုစွန်စားခြင်းကို မက္ကရူးဟ်ဖြစ်ကြောင်း သတ်မှတ်ကြခြင်းပါ။

[/content][content]
 (မေးခွန်း-၂) 

တစ်ခုလောက် မေးချင်လို့ပါ။ ကိုယ်မသန့်၊ ဝိုဇူမရှိဘဲနဲ့ ကုရ်အန်ထဲက စူရာတွေ၊ အာယသ်တွေကို ဖုန်းထဲကဖွင့်ပြီး နားထောင်လို့ရလား။

ချစ်စု (မလေးရှား)

 (အဖြေ-၂) 

  • ကျမ်းတော်မြတ်ကုရ်အာန် တိုက်ရိုက်ဖတ်ပြတာဖြစ်ဖြစ်၊ ရေဒီယိုကက်ဆက်ကအသံကိုဖြစ်ဖြစ်၊ ဖုန်း၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ အောက်စက်၊ ကွန်ပျူတာ၊ အင်တာနက် စတဲ့ ဘယ်ကနေပဲဖြစ်ဖြစ် ကိုယ်မသန့်ချိန်မှာရော၊ ဝုဿူမရှိချိန်မှာရော သန့်ပြန့်နေချိန်တို့မှာပါ နားထောင်ခွင့် ရှိပါတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကုရ်အာန်ဖတ်ရွတ်သံကြားခဲ့ရင် သေချာအာရုံစိုက်ပြီး၊ တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ရပါမယ်။
  • ကုရ်အာန်ကျမ်း (၇း၂၀၄) မှာ အခုလို မိန့်ကြားတော်မူထားပါတယ်။ “ ၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ်သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားကြရလတံ့္တ။ ” واذاقرئ القران فاستمعواله وانصتوا ဟူသော မုက္ခပါဌ်တော်၏ ထင်ရှားသည့်အလိုသဘောမှာ ဆွလာသ်အတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ၊ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သည့်အချိန်တွင် ဆိတ်ဆိတ်နေခြင်းနှင့် နားထောင်ခြင်းသည် “ ဝါဂျစ်ဗ် ” တာဝန် ဖြစ်သည်။ အခြားအဆိုတစ်ရပ်အရ (အစ္စလာမ်ထွန်းကားစအချိန်တွင်) လူများသည် ဆွလာသ်ဝတ်ပြုရာ၌ စကားပြောလေ့ရှိခဲ့ကြ၏။ ထိုအခါ ဤမုက္ခပါဌ်တော် ကျရောက်လာခဲ့လေသည်။ ထို့နောက် ဆွလာသ်အပြင်၌လည်း ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သည့် အခမ်းအနားများတွင် ဆိတ်ဆိတ်နေခြင်းသည် “စွန္နတ်” ဖြစ်လာလေသည်။ အခြားအဆိုတစ်ရပ်အရ ဤမုက္ခပါဌ်တော်၏ အလိုသဘောမှာ “ အကယ်၍ တမန်တော်မြတ် ﷺ သည် ကုရ်အာန်ကျရောက်သည့်အချိန်တွင် အသင်တို့ရှေ့မှောက်၌ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်တော်မူသော် အသင်တို့သည် ထိုကျမ်းမြတ်ကို နားထောင်ကြ ” ဟူ၏။ အခြားအဆိုတစ်ရပ်အရ “ အသင်တို့သည် ထိုကျမ်းမြတ်ကို နားထောင်ကြ ” ဟူသည် ထိုကျမ်းမြတ်လာ အမိန့်ပညတ်တော်များနှင့်အညီ လိုက်နာကျင့်သုံးကြ။ ထိုကျမ်းမြတ်ကို မကျူးလွန်ကျကုန်လင့်ဟူ၏။
  • တရားဓမ္မတို့၏ ဘဏ္ဍာတိုက်ဖြစ်သော အဖိုးမဖြတ်နိုင်သော ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ် သရဇ္ဈယ်သည့်အခါ ကြားသူအပေါင်းတို့သည် အထူးအလေးဂရုပြု၍ နားသောတဆင်ကြရမည်။ ကုရ်အာန်ကျမ်းလာ တရားဒေသနာတော်များကို လက်ခံနာယူလိုသည့်သဘောဖြင့် နားထောင်ကြရမည်။ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သရဇ္ဈယ်သည့်အချိန်တွင် မည်သည့်စကားကိုမျှ မပြောမဆိုကြရ။ အခြားတစ်စုံတစ်ရာ တွေးတောခြင်း အလျှင်းမပြုကြရ။ ဆူညံမှုလည်း အလျှင်းမပြုကြရ။ ဆိတ်ငြိမ်စွာဖြင့် နားထောင်ကြရမည်။ သို့မှသာလျှင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ခံစားကြရမည် ဖြစ်သည်။
  • အကယ်၍ ဖော်ပြပါစည်းကမ်းချက်နှင့်အညီ ကုရ်အာန်ကျမ်းမြတ်ကို ကာဖိရ်များပင် နားထောင်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်အဟုန်ဖြင့် မုအ်မင်န်များ ဖြစ်လာနိုင်ကြပေသည်။ အကယ်၍ အစကနဦးကပင် မုအ်မင်န်ဖြစ်နေကြပါလျှင် “ဝလီ” သူတော်စင်များပင် ဖြစ်လာနိုင်ကြလေသည်။ အနည်းဆုံး ထိုသို့နားထောင်ခြင်း၏ ကုသိုလ်အကျိုးကိုကား ရရှိကြမည် ဖြစ်သည်။
  • ဤသည့် မုက္ခပါဌ်တော်ကို အထောက်အထားပြုပြီးလျှင် များစွာသော “ အာလင်မ် ” ပညာရှင်များက ဆွလာသ်အတွင်း “ အေ့မာမ် ” က ကုရ်အာန်ရွတ်ဖတ်သည့်အခါ “ မုက်တဒီ ” နောက်လိုက်များသည် လုံးဝဆိတ်ငြိမ်စွာ နေကြရမည်ဟု ဓမ္မသတ်အဆုံးအဖြတ် ပေးကြသည်။

[/content][content]
 (မေးခွန်း-၃) 

အလင်းမျက်ဝန်းမှာ သွလာက်အကြောင်းလေးတွေ ဖတ်ရလို့ အတော်လေးကို သိလာရပါတယ်။ ဘာသာပျက်လို့ နိကာဟ်ပျက်တယ်ဆိုတာလဲ တွေ့ရပါတယ်။ စကားတစ်ခုကြောင့်၊ လုပ်ရပ်တစ်ခုကြောင့် အီမာန်ပြန်ယူပြီး နိကာဟ်ပြန်ဖတ်တာမျိုး မြင်ဖူးပါတယ်။အဲ့ဒီလိုသဘောမျိုးဖြစ်လာရင် နိကာဟ်ပျက်သွားတဲ့အတွက် ပြန်ပြီး နိကာဟ်ဖတ်ရင် ရပြီလား။ ဟီလာလုပ်ဖို့ရော လိုသေးလားဆိုတာလေး သိချင်လို့ပါ။ ကျေးဇူးပါ။

ဟာဂျီ တင်မြင့် (နေပြည်တော်)

 (အဖြေ-၃) 

  • ဟာဂျီဆပ်ရဲ့ မေးခွန်းပါပုံစံမျိုးအတိုင်းဖြစ်ခဲ့လို့ နိကာဟ်ပြန်ဖတ်ရတာမျိုးဆိုရင်တော့ ဟလာလဟ်လုပ်စရာ မလိုပါဘူး။
  • ဟလာလဟ်အကြောင်းကိုတော့ ကုရ်အာန် (၂း၂၃၀) မှာ လေ့လာကြည့်ပါ။
  • (တွလာက်ရဂ်ျအီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တစ်ဖန် အကယ်၍လင်ယောက်ျားသည် ထိုဇနီးမိန်းမအား ထပ်မံ၍ “တွလာက်” ကွာရှင်းခဲ့သည်ရှိသော် (သို့သုံးကြိမ်မြောက်တွလာက်ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြားလင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ်ထိမ်းမြားဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင် ဇနီးဖြစ်မည် မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျားတစ်ဦးဦးနှင့် ထိမ်းမြားပြီးသည့်နောက်) အကယ်၍ ထို (ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီးမိန်းမအား ကွာရှင်းခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပထမ) လင်ယောက်ျားနှစ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့်ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တစ်ဖန် ပြန်လည်ပေါင်းသင်းဆက်ဆံကြပါသော် ထိုဇနီးမောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာ အပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း ဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဖို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။
  • ယောက်ျားတစ်ဦးသည် ဇနီးမိန်းမအား “တွလာက်ရဂ်ျအီ” ၂-ကြိမ်ပေးပြီးသည့်နောက် အကယ်၍ ထပ်မံပြီး တတိယအကြိမ်မြောက် “တွလာက်” ပေးခဲ့သည်ရှိသော် ထိုယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြားယောက်ျားနှင့်ထိမ်းမြား၍ ကာယသံသဂ္ဂအမှု မပြုသမျှ ကာလပတ်လုံး တရားဝင်မယားဖြစ်မည် မဟုတ်ပေ။ ရှင်းဦးအံ့။
  • တွလာက်သုံးကြိမ်တိတိပေးခြင်းခံရ၍ လင်ယောက်ျားနှင့် လုံးလုံးလျားလျား ပြတ်စဲလျှက်ရှိသော အမျိုးသမီးတစ်ဦးသည် နောက်တစ်ဖန်ပြန်လည်၍ မိမိ၏ပထမလင်ယောက်ျားအဖို့ တရားဝင်မယားဖြစ်ရန် မလွယ်ကူလှပေ၊ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမသည် တရားတော်နှင့်အညီ အစ်ဒ်ဒတ် ရက်ဆိုင်းပြီးသည့်နောက် အခြားယောက်ျားတစ်ဦးနှင့် နိကာဟ်ပြုအံ့၊ လင်ခန်းမယားခန်းလည်းမြောက်အံ့၊ ကာယသံသဂ္ဂအမှုလည်းပြုအံ့၊ သို့နိကာဟ်ပြုပြီးသည့်နောက် ဒုတိယလင်ယောက်ျားသည် အကယ်တန္တု သေဆုံးသွားအံ့၊ သို့တည်းမဟုတ် ဒုတိယလင်ယောက်ျားကလည်း ထိုဇနီးမိန်းမအား တွလာက်ပေးအံ့၊ ထိုဇနီးမိန်းမသည် အစ်ဒ်ဒတ်ရက်လည်း ဆိုင်းပြီးဖြစ်အံ့၊ ထိုအချိန်တွင် ထိုဇနီးမိန်းမနှင့် ပထမယောက်ျားတို့သည် ဇနီးမောင်နှံတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို မပျက်မကွက် လိုက်နာဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ထင်မြင်ယူဆကြပါလျှင် ပြန်လည်၍ ထိမ်းမြားနိုင်ကြပေသည်။

[/content][/3column]