ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းမှ ရခိုင်လူမျိုးအချို့ လာရောက်အခြေချ ကျူးကျော်နေထိုင်တဲ့ ကျေးရွာတစ်ကို ဖယ်ရှားစဉ် ဦးဆောင်တည်ထောင်သူ၏နေအိမ်အတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးသုံး စစ်လက်နက်နှင့် ဆက်သွယ်ရေးပစ္စည်းများကို သက်ဆိုင်ရာက သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သင်္ဘောကွေ့ကျေးရွာလို့ အမည်ပေးထားတဲ့ ၎င်းကျေးရွာကို ဦးဆောင်တည်ထောင်သူ ဦးထွန်းမြင့်ဦး၏ နေအိမ်အတွင်းမှ လက်ပစ်ဗုံး၊ ကျည်ကာအင်္ကျီ၊ စစ်သုံးဦးထုပ်၊ ဓားလက်နက်များ၊ လက်ကိုင်စကားပြောစက်များအပါအဝင် ကွန်ပျူတာနှင့် ကင်မရာများကို သိမ်းဆည်းရမိခဲ့တဲ့အကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုချက်ကို ဒေသအခြေပြု သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်းပိုင်းမှ ကျေးရွာများ မီးရှိုဖျက်ဆီးခံရမှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ဒေသခံ မွတ်စ်လင်မ်အများစုနေထိုင်ရာ ကျေးရွာပျက်များပေါ်တွင် လာရောက်ကျူးကျော်နေထိုင်ကြသူများအား သက်ဆိုင်ရာက ဆက်လက်နေထိုင်ခြင်းမပြုရန် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး တားမြစ်ခဲ့ပါတယ်။

ကျူးကျော်သူများဘက်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက ခက်ခက်ခဲခဲနဲ့ ကျေးရွာကိုတည်ထောင်ခဲ့ရတာကြောင့် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့မှာတော့ တစ်ပတ်အတွင်း အပြီးတိုင်ဖယ်ရှားပေးဖို့ ထပ်မံညွှန်ကြားခံခဲ့ရပါတယ်။

အဆိုပါ ကျူးကျော်ကျေးရွာတွင် လာရောက်နေထိုင်သူအများစုမှာ အတည်တကျမရှိ ကြုံရာကျပန်းသမားများဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် မော်လမြိုင်၊ ရန်ကုန်မြို့များက ရောက်ရှိလာကြသူများ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျူးကျော်သူများဘက်က ဖယ်ရှားခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့ကစတင်ကာ အစိုးရအစီအစဉ်နဲ့ ရာနဲ့ချီတဲ့ ရဲဝန်ထမ်းနှင့်မီးသတ်တပ်ဖွဲ့များက ဦးဆောင်ဖျက်သိမ်းနေတယ်လို့ သိရပါတယ်။

၎င်းသင်္ဘောကွေ့ကျူးကျော်ကျေးရွာကို ဦးစီးတည်ထောင်သူဖြစ်တဲ့ ဦးထွန်းမြင့်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်တို့သည် ယခင်က ရန်ကုန်မြို့တွင် နေထိုင်ခဲ့သူများဖြစ်ကြပြီး နယ်စပ်ဒေသအနီး အနောက်တံခါးစောင့်ရှောက်ရေး မဟာဗျူဟာအရ ယခုလိုရွှေ့ပြောင်းအခြေချလာခြင်းဖြစ်ဖွယ်ရှိပါတယ်။

ယခုအခါ ၎င်းတို့လင်မယားနှစ်ဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းများကိုလည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုးကား - root ageycy