ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ ပညာရေးနှင့် ဘာသာရေး နယ်ပယ်တို့တွင် သြဇာတိက္ကမကြီးမားလှသည့် အသက် (၈၁) နှစ်အရွယ် ဆရာသခင်ကြီး မောင်ဝ်လာနာ ဆမီအွလ်ဟက် စွာဟိဗ်ကို ရာဝလ်ပင်ဒီမြို့ နေအိမ်ရှိတွင်း တစ်ဦးတည်းရှိနေချိန်မှာ ဓားဖြင့် အလစ်ဝင်ရောက် တိုက်ခိုက်ထိုးသတ်မှုကြောင့် (၂-၁၁၂၀၁၈) သောကြာနေ့က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားရှာပါတယ်။

လုပ်ကြံခံရမှုကို သိရှိတဲ့အချိန်မှာတော့ အနီးရှိ ဆေးရုံးကို ချက်ချင်းတင်ပို့ခဲ့ပေမဲ့ အသက်မမှီတော့ကြောင်းနှင့် တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ယခုလို တိုက်ခိုက်ခဲ့ရတဲ့အကြောင်းရင်းကို မသိရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံရှိ သာသနာ့ရေးရာလုပ်ငန်းစဉ်များကို တက်ကြွစွာ ဦးဆောင်နေသည့် သာသနာ့ပညာရှင်များအစုအဝေးဖြစ်သော ဂျမီအသ် အိုလမာအေ အစ္စလာမ် အဖွဲ့ကြီး၏ အကြီးအကဲဖြစ်ပြီး နိုင်ငံရေးပါတီများကြားတွင်လည်း သြဇာအရှိန်အဝါကြီးမားသော ဆရာသခင်ကြီးသည် ဂျာမိအဟ် ဟက္ကာနီယာ ဒါရွလ်အိုလူးမ် ကျောင်းတော်ကြီးကိုလည်း ဦးဆောင်နေပြီး သာသနာ့ပညာနှင့် ခေတ်ပညာကို အချိုးအစားကျစွာ သင်ယူနိုင်အောင် ပုံဖော်ခဲ့သူ ဖြစ်ပါသည်။

အဆိုပါ ဒါရွလ်အိုလူးမ် ဟက္ကာနီယာ ကျောင်းတော်ကြီးသည် ပါကစ္စတန်နှင့် အာဖဂန်နိုင်ငံ နယ်စပ် ခိုင်ဗရ်ဒေသတွင် တည်ရှိ၍ နှစ်နိုင်ငံမှ ထက်မြတ်သော သာသနာ့ပညာရှင်များစွာကို မွေးထုတ်ပေးနေပြီး ၎င်းကျောင်းသားများဖြင့် အခြေပြုပေါ်ပေါက်လာသည့် သွာလေဗန် (ခေါ်) ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးမှာ အမေရိကန်စစ်တပ်အပါအဝင်နှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်အန္တရာယ်ပေးခြင်းကို ခံနေရသည်။

ဆရာသခင်ကြီးသည် ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ရှေ့တန်းထွက်ဆောင်ရွက်လုပ်ကိုင်နေသည့် သွာလေဗန်အဖွဲ့ဝင်များ၏ ဖခင်ကြီးတစ်ဦးသဖွယ် ချစ်ခင်လေးစားခြင်းကို ရရှိထားပြီး၊ (၁၇) နှစ်ကြာ မပြီးဆုံးနိုင်သည့် အာဖဂန်ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် အာဖဂန်အစိုးရတို့က ဆရာသခင်ကြီးကို ချဉ်းကပ်၍ မေတ္တာရပ်ခံနေကြသလို ဆရာသခင်ကြီးကိုယ်တိုင်လည်း ငြိမ်းချမ်းရေးအတွက် သက်ဆုံးတိုင် မဆုတ်မနစ် ကြိုးပမ်းခဲ့ပါသည်။

ဆရာသခင်ကြီး ရှဟီးဒ်ဖြစ်ကွယ်လွန်မှုနှင့်ပတ်သက်ပြီး လက်ရှိပါကစ္စတန်သမ္မတ အာရစ်ဖ် အလ်ဗီနှင့် ဝန်ကြီးချုပ် အင်မရန်းခါန်းတို့အပါအဝင် ပါကစ္စတန်နိုင်ငံရှိ ကျော်ကြားသူများက လှိုက်လှဲစွာ ဝမ်းနည်းကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ သူရဲဘောကြောင်စွာ လုပ်ကြံတိုက်ခိုက်သတ်ဖြတ်သူကိုလည်း အပြင်းအထန် ရှုပ်ချခဲ့ကြလေသည်။

ထူးချွန်ထက်မြက်သည့် ပညာရှင်ကြီးတစ်ဦးဖြစ်ရုံသာမက သစ္စာသမာဓိပြည့်စုံကြံ့ခိုင်လှသည့် ဘာသာရေးခေါင်းဆောင်ကြီးအဖြစ်နှင့် ပါကစ္စတန်လူထုအတွက် မားမားမတ်မတ် ဦးဆောင်ရပ်တည်ခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးကို မိမိတို့ပါကစ္စတန်နိုင်ငံက လက်လွှတ်ဆုံးရှုံးသွားရလေပြီဟု ဝန်ကြီးချုပ်ခါန်းက မိမိရောက်ရှိနေသည့် တရုတ်ပြည်ခရီးစဉ်အတွင်း ကမ္ဘာ့သတင်းထောက်များကို စိတ်ထိခိုက်စွာ ပြောကြားခဲ့ပါသည်။